Breaking News

မိုးမခကဗျာ - ဇာနည် “ ၆၄ / ၅၇ "

Art - Than Htay Maung
မိုးမခကဗျာ
စက်တင်ဘာ ၁၀၊ ၂၀၂၁

“ ၆၄ / ၅၇ "
ဇာနည်

(၁)

ငါ့မွေးနေ့...

ကိုး ကိုး ခြောက်ဆယ့်လေး
ဘော်ဘင်နဲ့ရွှေလေး
ပဲခူးရိုးမတနေရာ
မြရာပင်ရိပ်ကအစည်းဝေး
(၆၄) လမ်းစဉ်ချတဲ့နေ့မှာ
ငါမွေးခဲ့တယ်..။

(၂)

(၅၅)လမ်းစဉ်
ချမ်းအေးစစ်တမ်း
လက်နက်နဲ့ငြိမ်းချမ်းရေးလဲမလား..
စစ်အနိုင်တိုက်ရေးလား..
နှစ်ပေါင်းခြောက်ဆယ်ကြာတဲ့အခါမှာ
အဖြေကရှင်းတယ်
ရန်-ငါမပြတ်ရင်တော့
သံသရာတပတ်လည်ဦးမှာပဲ
ယုံတယ်...။

(၃)

နေဝင်း-စန်းယုဖက်ဆစ်တပ်
ဖြတ်လေးဖြတ်
လူသတ်တယ်
မီးရိူ့တယ်
မျက်နှာပေါ်အဝတ်စီး
ရေလောင်းတယ်
လယ်သမားတွေကို
ကျောရိုးလို့စွပ်စွဲ
နွားထမ်းပိုးနဲ့ချည်
နေပူထဲလယ်ထွန်ခိုင်းတယ်
ပဲခူးရိုးမတောင်ခြေက
စစ်တလင်းမြေ
ရွာတွေအဝင်မှာ
အရှင်လတ်လတ်ခေါင်းဖြတ်
သားသတ်ဇာတ်ခင်း
ကျောရိုးဆိုရင် အပြတ်ရှင်းတဲ့ခေတ်..။

(၄)

ဟိုပြေး ဒီပြေး
ရွာပုန်း ရွာရှောင်
ကျီးလန့်စာစား
ဒုက္ခနွံနစ် လူဖြစ်ခဲ့ရဘဝများ
မိသားစုတွေတီးတိုးပြောကြ
အရွယ်ရောက်သူမှန်သမျှ
ထွက်ပြေးကြ
စာရွက်စာတမ်းတွေ
မီးရှို့ဖျက်ဆီးကြ
ညကြီးမင်းကြီး
ထပြီးထိုင်နေ
ကင်းစောင့်စေခဲ့ကြ
ကြည်အေးကဗျာထဲကလိုမဟုတ်..။

(၅)

ဆယ်နှစ်ကျော်အရွယ်
ခွန်လေး ခွန်ငါး ခွန်ခြောက်
နေဝင်မီးငြိမ်းအမိန့်
တိတ်ဆိတ်ခြင်းညတွေ
ကျောင်းတွေခဏခဏပိတ်
စနစ်ရဲ့အရိပ်
ခေတ်ဘွဲ့နိမိတ်ပုံ
အစုံစုံထဲက
အဖုံဖုံဖြတ်သန်း
လွမ်းရစ်ဝေသီ
ကောက်ရိတ်ပွဲတော်အမီ
နွေဦးဆီသို့...။

(၆)

ဒီလိုနဲ့...
စာတွေဖတ်တတ်စမှာ
အိုးဝေ
ရွှေတူ
ရှုဒေါင့်
မိုးဝေ
အဖော်မှန်ရှာ
တော်လှန်ကဗျာတွေနဲ့
ဗီယက်နမ်မှာဗုံးမိုးတွေရွာလို့
ယမ်းငွေ့တွေကြားက
အာရှ, အာဖရိက, လက်တင်အမေရိက
မုန်တိုင်းထဲက
အဖိနှိပ်ခံပြည်သူများ...။

(၇)

ဒီလိုနဲ့
အမှတ်တရ
ပြည်အမြန်ရထားနဲ့
အိမ်ကိုရောက်လာတဲ့ဧည့်သည်နှစ်ယောက်
"ကျုံမငေးသခင်တင်မောင်"
"ဆရာဗန်းမော်တင်အောင်"
မကျင်းပဖြစ်ခဲ့တဲ့
မဟာမှိုင်းရာပြည့်အခမ်းအနား
မရွတ်လိုက်ရတဲ့
"အာရှတိုက်ရဲ့နေဝင်းနီ"ကဗျာလေးနဲ့
ဦးလေးသခင်တင်မောင်လက်ဆောင်ပေးတဲ့
လက်နှိပ်စက်စာမူတအုပ်
တောထဲမှာထုတ်ဝေခဲ့
သခင်သန်းထွန်းရဲ့မိန့်ခွန်းများ
သတိရေနေဆဲ
တောမီးလောင်ရင်
တောမီးနဲ့ငြိမ်းသတ်ရတယ်...။

(၈)

ဒီလိုနဲ့
တအုပ်ပြီးတအုပ်...
တထုပ်ပြီးတထုပ်...
မော် ပြောခဲ့သလို
ထမင်းကိုတလုပ်ချင်းစား
သမိုင်းဆိုင်ရာအမှန်တရား
ဓားလဲဖြစ်ခဲ့
အားလဲသစ်ခဲ့...။

(၉)

ဒီလိုနဲ့
လွမ်းလို့ကောင်းတုံးအရွယ်
ချစ်သူလဲမကယ်နိုင်ခဲ့
အိပ်မက်တွေလဲပျက်ပြယ်
ရှစ်ဆယ့်ရှစ်
လွတ်မြောက်မှုကိုချစ်ခဲ့
တောကတက်လာတဲ့
လူတန်းစားအမြင်နဲ့
သပိတ်မှောက်ကျောင်းသား
ဒို့ရှေ့ခေတ်ကလူ
အများသူငါတွေလို
ခေတ်ဝန်တွေကိုထမ်းပိုးခဲ့တယ်...။

(၁၀)

ဒီလိုနဲ့
မြရာပင်ရိပ်မှသည်
အဓိပတိလမ်း...
ဒေါနတောင်တန်းမှသည်
အင်းစိန်သီးသန့်ထောင်
မြင်းခြံထောင်
ကန္တာရနရသိန်တွေထဲက
တိုက်ပွဲတွေကြားမှာ
ယုံကြည်ချက်နဲ့အကျဉ်းသား
အလံဖြူမတင်စတမ်းပေါ့လေ..။

(၁၁)

ခုလဲ
ငါ့မွေးနေ့
တိတ်တဆိတ်လေး
အံကျိတ် တောက်ခေါက်
ကောက်ရိတ်ပွဲတော်
နွေဦးကိုဖူးမျှော်ဖို့အရေး
ချစ်သူတွေနဲ့ဝေး...
ရဲဘော်တွေနဲ့ဝေး...
မိုင်တသောင်းကျော်အဝေး...
ရွှေပြည်တော်မျှော်လေတိုင်းဝေးဆဲလား..။

(မွေးနေ့သို့)

ဇာနည်
(၉-၉-၂၀၂၁)
8:34 AM
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar