Breaking News

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီး ၇ လ ၈ ရက်မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီး ၇ လ ၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၁




အရေးပေါ် အခြေအနေကြေညာပြီးနောက် ဒုတိယမြောက်နေ့
အရေးပေါ် အခြေအနေကြေညာပြီး နောက်ဒုတိယနေ့က ရန်ကုန်မြို့အနေအထားကတော့ စျေးအပြေးအလွှားဝယ်ကြတာတွေ သိပ်မတွေ့ရတော့သလို အသွားအလာတွေလည်း သိပ်ထူးထူးခြားခြား မတွေ့ရပါဘူး။ ထုတ်ပြန်ကြေညာတဲ့နေ့က ရန်ကုန်မြို့ရဲ့ လမ်းမပေါ်မှာ ကားတွေအရင်ရက်နဲ့မတူပဲ ပြည့်နေတာတွေ့ခဲ့ရပါတယ်။

စျေးဝယ်ကြတာက ငွေကြေးလက်ဝယ်ရှိသူတွေ နေ့လုပ်နေ့စားမဟုတ်တဲ့ အလယ်အလတ်တန်းလွှာက သူတွေက စုဆောင်းကြတာမျိုးဖြစ်ပေမယ့် နေ့လုပ်နေ့စားတွေ အဖို့ အလုပ်သမားတွေအဖို့ေတာ့ ကြိုမဝယ်နိုင်ထားကြပါဘူး။

ဒုတိယမြောက်နေ့မှာတော့ စျေးတွေ စီးတီးမတ်လိုနေရာမျိုးတွေမှာ သိပ်ထူးထူးခြားခြား ဝယ်ယူနေတာမျိုးမရှိတော့ပဲ လမ်းမှာလည်း အသွားအလာပုံမှန်အနေအထားမျိုးတွေ့ရပါတယ်။ ဗုံးကွဲမှုတွေတော့ အရေအတွက်အားဖြင့် မြင့်တက်လာတာရှိတယ်လို့ မနေ့က စစ်ကောင်စီက ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနကို ပြောဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ NUG ရဲ့ အခုလို တိုက်ပွဲနှိုးဆော်သံ ထုတ်လိုက်တာကို တဖက်က နိုင်ငံရေးအရ အမြတ်ထုတ်နိုင်မယ့် ရှုထောင့်မျိုးကနေ ချဥ်းကပ်ပြီး အသားပေးပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းက ပဋိပက္ခကို နိုင်ငံတကာကိုပြတဲ့အခါမှာ ပီဒီအက်ဖ်တွေက ဗုံးခွဲတာတွေလုပ်နေတာ၊ စစ်ကောင်စီအုပ်ချုပ်ရေးရဲ့ ထောက်တိုင်တွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေကို မီးမောင်းထိုးပြပြီး မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမျိုး အကြမ်းဖက်မှုတွေကို ဒီစစ်ကောင်စီဆန့်ကျင်ရေး ပီဒီအက်ဖ်တွေက လုပ်နေတယ်ဆိုတာမျိုး မီးမောင်းထိုးပြချင်တာမျိုးလည်း ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။

တဖက်မှာတော့ NUG က အရေးပေါ် အခြေအနေကြေညာပေမယ့်လည်း ပြည်တွင်းမှာ ဘာမှမဖြစ်ဘူးဆိုတာမျိုး နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြသချင်တာက တပိုင်းဖြစ်ပြီး တဖက်မှာလည်း မြန်မာနိုင်ငံတွင်း မတည်မငြိမ်ဖြစ်နေတာ အကြမ်းဖက်မှုတွေ ဖြစ်နေတာဟာ ပီဒီအက်ဖ်တွေ လုပ်ဆောင်တာကြောင့်ဆိုတာမျိုး ပြချင်တာ တဖက်ဖြစ်နိုင်ပါတယ်။

ယမန်နေ့ကတော့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကတော့ အကြမ်းဖက်မှုနည်းလမ်းနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုမျိုးမလုပ်ကြဖို့ အဓိပ္ပါယ်ရတဲ့ ထုတ်ပြန်ချက်တွေကို စက်တင်ဘာ ၇ ရက် NUG ရဲ့ အရေးပေါ်အခြေအနေ ေကြညာချက်အပြီးမှာ ထုတ်ပြန်ခဲ့ကြပါတယ်။

အရပ်သားနားလည်လွယ်အောင် ပြောရရင်တော့ စစ်ကောင်စီပြုတ်ကြဖို့ လက်နက်ကိုင် စစ်ပွဲတွေ အရှိန်မြင့်လာမယ့် အရေးကို ၄င်းတို့အနေနဲ့ အားမပေးဘူးဆိုတာမျိုးဖြစ်ပါတယ်။ ပြည်တွင်းစစ်အရှိန်မြင့်လာမယ့် နှိုးဆော်မှုမျိုး ဦးတည်တဲ့ နိုင်ငံရေး စစ်ရေးခြေလှမ်းကို သူတို့အနေနဲ့ အားမပေးဘူးဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်ရင် အခုလို ရပ်တည်ချက်မျိုး ရှိလိမ့်မယ်ဆိုတာ နကိုကတည်းက ရိပ်စားမိနိုင်ပါတယ်။
စစ်အာဏာသိမ်းပြီးခါစကတည်းက မြန်မာပြည်သူတွေ မျှော်လင့်တောင့်တကြတဲ့ စစ်အင်အားနဲ့ ဝင်ရောက်တားဆီးတာ စွက်ဖက်တာမျိုးကို အဲဒီကာလတွေကတည်းက အမေရိကန်က အရင်းအနှီးများကြောင်းနဲ့ လုပ်ဆောင်မှာမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှမှာ အရေးပါသော်ငြားလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုမျိုးလုပ်ရလောက်တဲ့အကြောင်း အမေရိကန်ဘက်မှာမရှိဘူးဆိုတာကို နားလည်သဘောပေါက်နိုင်ပါတယ်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အကျိုးစီးပွားတွေရှိပြီး မြန်မာ့နိုင်ငံပြဿနာအရေးမှာ နိုင်ငံကြီးတွေဖြစ်စေ ဘယ်နိုင်ငံမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ဆိုတာကို တလျောက်လုံး ပြောဆိုနေခဲ့တာကြောင့် မြန်မာနိုင်ငံ ပြဿနာမှာ စစ်ရေးအရ ဘယ်နိုင်ငံခြားတပ်မှ ဝင်ပါဝင်ဖို့ အလားအလာမရှိဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

ယနေ့ စက်တင်ဘာ ၇ ရက်နေ့ကတည်းကပဲ ဒီမိုကရေစီပြန်လည်ရရှိရေးကို ငြိမ်းချမ်းစွာကြိုးစားကြဖို့နဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် ပဋိပက္ခတွေက ထိခိုက်လွယ်တဲ့သူတွေအတွက် ကိုဗစ်ကာကွယ်ကုသရေး အကူအညီ၊ လူသားချင်းစာနာမှု အကူအညီရရှိမှုတွေကို ထိခိုက်စေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။

ဒီလို အနောက်အုပ်စုနိုင်ငံတွေထဲက အဓိကကျတဲ့ နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့က လက်နက်ကိုင်လမ်းစဥ်ကို အားမပေးကြောင်း ထုတ်ပြန်ချက်က NUG ရဲ့ တိုက်ပွဲခေါ်သံကို အတိုင်းအတာတခုထိ အရှိန်လျော့နည်းစေနိုင်တာလည်း ဖြစ်ပါတယ်။

ပြည်တွင်းက အန်အယ်လ်ဒီပါတီ မှာ တာဝန်ယူထားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အစုအဖွဲ့တွေကတော့ တိုက်ပွဲနှိုးဆော်သံကို ထောက်ခံကြတဲ့ သတင်းစကား၊ မက်ဆေ့ချ်နဲ့ အခြားရွေးစရာ နည်းလမ်းမရှိကြောင်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ညှင်းဆဲသတ်ဖြတ်မှုတွေကို ဒီနည်းနဲ့ပဲ တွန်းလှန်ရမှာဖြစ်ကြောင်း ပြောဆိုကြတာတွေ့ရပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NUG တိုက်ပွဲနှိုးဆော်သံကို ထောက်ခံတဲ့ အစုအဖွဲ့တွေလည်းရှိပြီး ဒီအချိန်မှာ မလုပ်သင့်ဘူးဆိုတဲ့ ကန့်ကွက်တဲ့ ပြောဆိုမှုတချို့လည်း ရှိနေတာတွေ့ရပါတယ်။
ကေအန်ယူ တပ်မဟာ ၆ က ခရိုင်ဥက္ကဌဖြစ်သူ စောရွှေမောင်းက ထုတ်ပြန်ချက် ထုတ်တဲ့နေ့ကတည်းက ကေအန်ယူနယ်မြေကို အခြေပြုပြီး တိုက်ပွဲနှိုးဆော်ချက်တွေ မထုတ်ဖို့ တုံ့ပြန်ဖြေရှင်းတဲ့စာလည်းထွက်လာပြီး ဒီနေ့မှာ သတင်းမီဒီယာတချို့ရဲ့ မေးမြန်းချက်ကိုလည်း ဖြေကြားထားတာတွေ့ရပါတယ်။


ဒီသတင်းတွေကတော့ NUG ရဲ့ တိုက်ပွဲနှိုးဆော်သံနဲ့ပတ်သက်ပြီး နိုင်ငံအချို့ရဲ့ တုံ့ပြန်ချက်သဘောထားနဲ့ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ တုံ့ပြန်ချက်တွေြဖစ်ပါတယ်။

ဒီနေ့အတွက် တခြားသတင်းတွေကတော့ မိုင်တဲလ် တာဝါတိုင်တွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးတာတွေ စစ်ကိုင်းတိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ သတင်းတွေဖြစ်ပါတယ်။ ဖောက်ခွဲတဲ့အချိန် ဗီဒီယိုမှတ်တမ်းတင်ထားပြီး ဆိုရှယ်မီဒီယာတွေ ပေါ်မှာလည်း တင်ထားကြတာတွေ့ရှိရပါတယ်။

အခြားနေ့ရက်တွေမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေနဲ့ အလားတူပဲ သတင်းပေးလို့ စွပ်စွဲခံရသူ၊ သတင်းထွက်သူတွေကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာတွေ ၊ ဓါးနဲ့ သတ်ဖြတ်တဲ့ သတင်းတွေလည်း ယနေ့ ဖေါ်ပြထားကြပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အထက်ပိုင်းတွေမှာ ဖြစ်တာတွေ့ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar