Breaking News

ကိုကျော် (မြစ်ကြီးနား) - 'စာနာစိတ်' - အရေးအကြီးဆုံး ခေါင်းဆောင်မှုအရည်အချင်း



ကိုကျော် (မြစ်ကြီးနား) - 'စာနာစိတ်' - အရေးအကြီးဆုံး ခေါင်းဆောင်မှုအရည်အချင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၁

Empathy (သို့) နားလည်ခံစားတတ်တဲ့စိတ် (သို့) စာနာစိတ်ဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အမြဲတမ်း အရေးပါတဲ့အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ အခုချိန်မှာ ဒီအရည်အချင်းဟာ ပိုပြီးအဆင့်မြင့်တဲ့ အဓိပ္ပါယ်နဲ့ ဦးစားပေးမှုမှာ ပါဝင်လာပြီ ဖြစ်လာပါတယ်။

စာနာစိတ်ရှိခြင်းက လူတိုင်းအတွက် အပေါင်းလက္ခဏာဆောင်ပေးတာကို သိထားပေမယ့် သုတေသနအသစ်တစ်ခုမှာတွေ့ရှိတာကတော့ စာနာစိတ်ဟာ ဆန်းသစ်တီထွင်မှုမှအစ အလုပ်ခွင် ကြာရှည်ထိန်းသိမ်းနိုင်မှုအထိ အရာရာတိုင်းအတွက် အရေးကြီးတယ်လို့ ဆိုထားပါတယ်။

စိတ်ဖိစီးမှုရဲ့ အကျိုးသက်ရောက်မှုများ
လေ့လာတွေ့ရှိချက်အရ ကိုဗစ်ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုကြောင့် လူအများမှာ မျိုးစုံသော စိတ်သောကဖိစီးမှု ခံစားနေရပြီး၊ နေ့စဥ် နေထိုင်မှုဘဝနဲ့ အလုပ်အကိုင်များ ကမောက်ကမ ဖြစ်ကုန်ကြပါတယ်။ ဒီလိုအချိန်မှာ 'စာနာစိတ်' က မရှိမဖြစ်လိုအပ်လာတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

Qualtrics ရဲ့ ကမ္ဘာလုံးဆိုင်ရာ လေ့လာဆန်းစစ်မှုတစ်ခု အရ ၄၂ % သောလူများက စိတ်ကျန်းမာရေး ကျဆင်းလာပြီး၊ ၆၇ % က စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။ ၅၇% သောလူများ ပူပင်သောကတွေ ပိုများလာတယ်၊ ၂၈% က အာရုံစူးစိုက်မှုမှာ အခက်အခဲရှိလာတယ်၊ ၂၀% က အလုပ်တစ်ခုပြီးမြောက်ဖို့ အချိန်ပိုကြာလာတယ်၊ ၁၅% က သေချာစဥ်းစားဆုံးဖြတ်နိုင်မှုမရှိဘဲ၊ ၁၂% သောလူများက တာဝန်ယူမှုတွေကြားမှာ ဗျာများနေရတယ်လို့ ဖော်ပြထားပါတယ်။

Occupational Health Science ရဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားတာက အလုပ်ခွင်မှာ စိတ်ဖိစီးမှုများလာတဲ့အခါမှာ အိပ်ရေးကိုလည်း ထိခိုက်လာစေပါတယ်။ University of Illinois မှ သုတေသနပြုချက်အရ ဝန်ထမ်းများဟာ အလုပ်ခွင်နဲ့ပတ်သက်ပြီး ရိုင်းစိုင်းတဲ့အီးမေးများ လက်ခံရရှိခဲ့လျှင် သူတို့ရဲ့ ပုဂ္ဂိုလိက နေထိုင်မှုဘဝထဲအထိ အထူးသဖြင့် ဘဝလက်တွဲဖော်များနှင့်ပါ ပြဿနာတွေ ရှိလာတယ်လို ဆိုပါတယ်။ Carleton University မှ လေ့လာတွေ့ရှိချက်ကတော့ လုပ်ငန်းခွင်ထဲမှာ ကောင်းမွန်စွာဆက်ဆံခြင်း မခံရသူများက သားသမီးထိန်းကျောင်းမှုမှာလည်း မနိုင်မနင်းဖြစ်လာတာကို ခံစားရတယ်လို့ သိရပါတယ်။

Academy of Management Journal မှ လေ့လာတွေ့ရှိချက်မှာလည်း အလုပ်ခွင်မှာ ရိုင်းပြစွာဆက်ဆံခြင်း ခံရသူများဟာ လုပ်ဆောင်ချက်စွမ်းရည် ကျဆင်းလာပြီး၊ လုပ်ဖော်ကိုင်ဖက်များအပေါ်မှာလည်း ကူညီလိုစိတ် နည်းပါးလာတယ်လို့ ဆိုထားပါတယ်။ အလုပ်ခွင်ဖိနှိပ်ဆက်ဆံရေး တိုးများလာပြီး ဆိုးကျိုးသက်ရောက်မှု ကျယ်ပြန့်လာကာ လုပ်ဆောင်ချက်ကျဆင်းမှု၊ ပူးပေါင်းဆောင်ရွက်လိုမှု အားနည်းလာမှု၊ ဝယ်ယူစားသုံးသူများနှင့် ဆက်ဆံရေး ချို့ယွင်းလာမှုနဲ့ လုပ်ငန်းခွင်ပြောင်းရွေ့မှု ပိုများလာတယ်လို့ Georgetown University ရဲ့ တွေ့ရှိချက်မှာလည်း ဖော်ပြထားပါတယ်။

စာနာစိတ်မှ အပေါင်းလက္ခဏာ ရလာဒ်ကောင်းသို့
ကျနော်တို့အားလုံး ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရပြီး၊ စိတ်ပျက်မှုများနဲ့  အလုပ်ခွင်ပျော်ရွှင်မှု နည်းပါးနေတဲ့အချိန်မှာ 'စာနာစိတ်' က လူတစ်ဦးချင်းနဲ့ အသင်းအဖွဲ့အတွက်ကိုပါ အစွမ်းထက်တဲ့ ကုထုံးတစ်ရပ် ဖြစ်နိုင်ပါတယ်။

Catalyst ရဲ့ သုတေသနပြုလုပ်ချက် အသစ်တစ်ခုမှာ ဝန်ထမ်းပေါင်း ၈၈၉ ယောက်ပါဝင်ခဲ့ပြီး စာနာစိတ်ဟာ သိတာထင်ရှားပြီး အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာကို တွေ့ရှိခဲ့ပါတယ်။ 

စာနာထောက်ထားမှုရှိတဲ့ ခေါင်းဆောင်တွေကြောင့် ဝန်ထမ်းများဟာ ပိုပြီးဆန်းသစ်တီထွင်နိုင်တယ်၊ အလုပ်မှာ စိတ်ဝင်စားမှု ပိုရှိလာတယ်၊ အလုပ်အကိုင်ပြောင်းလဲမှု ကျဆင်းသွားတယ်၊ နောက်ပြီးတော့ အလုပ်ခွင်နဲ့ မိသားစုဘဝကို ပိုပြီးကောင်းမွန်စွာ ကိုင်တွယ်လာနိုင်တာကို တွေ့ရပါတယ်။

Evolutionary Biology ဂျာနယ်မှာ ဖော်ပြထားချက်အရ လုပ်ငန်းခွင်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ စာနာစိတ် ပါဝင်လာခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာပြီး၊ လူအများကိုလည်း စာနာစိတ် ပိုပြီးဖြစ်ပေါ်လာစေတယ်လို့ ဆိုထားပါတယ်။  Qualtrics ရဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုက ခေါင်းဆောင်များမှာ စာနာစိတ်ပိုရှိတယ်လို့ အများကထင်မြင်လာကြတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း ပိုပြီးကောင်းလာတယ် လို့ သိရပါတယ်။

စာနာစိတ် ဖြစ်ပေါ်လာမှု
'စာနာစိတ်' ရှိမှုဟာ မွေးရာပါဖြစ်တယ်လို့ ထင်ရပါတယ်။ Lund University ရဲ့ လေ့လာချက်တစ်ရပ်မှာ ကလေးငယ်များဟာ ၂ နှစ်အရွယ်လောက်ကတည်းက တခြားလူများမှာ သူတို့နဲ့ ထင်မြင်ယူဆချက် ကွဲပြားတာကို ခံစားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ University of Virginia ရဲ့ လေ့လာချက်မှာတော့ လူတွေဟာ သူတို့ရဲ့ သူငယ်ချင်းမိတ်ဆွေများ ခြိမ်းခြောက်မှုကို ကြုံတွေ့ရတဲ့အခါမှာ သူတို့ကိုယ်တိုင် ကြုံတွေ့ရတဲ့အခါလိုမျိုးမှာပဲ တူညီတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာကနေ ခံစားမှုဖြစ်စေတယ်လို့ ဆိုပါတယ်။ လူတွေဟာ သူတို့မိတ်ဆွေသူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များခံစားရသလိုပဲ တူညီတဲ့ခံစားချက် ဖြစ်စေတယ်လို့ သိရပါတယ်။

အထက်ပါ ဖော်ပြချက်အားလုံးက စာနာစိတ်ဟာ လုပ်ငန်းခွင်မှာဖြစ်စေ မိသားစုဘဝမှာဖြစ်စေ ကျနော်တို့လူသားတွေရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကို ပြသနေတာဖြစ်ပါတယ်။

စိတ်နာစိတ်နဲ့ ဦးဆောင်ပါ
ဦးဆောင်သူများဟာ စာနာစိတ်ကို နည်းလမ်း ၂ မျိုးနဲ့ ပြသပါတယ်။ ပထမတစ်မျိုးကတော့ တခြားလူတစ်ဦးရဲ့နေရာမှာ အစားထိုးပြီး အတွေးခံစားချက်ကို နားလည်သိမြင်အောင် စဥ်းစားပေးနိုင်တဲ့အရည်အချင်း ဖြစ်ပါတယ်။ (အကယ်၍ ငါသာ သူ့နေရာမှာဖြစ်ခဲ့ရင် ငါဘယ်လိုမျိုးခံစားမိမှာလဲ?)။ နောက်တစ်မျိုးကျတော့ စိတ်ခံစားမှုနဲ့ တခြားလူရဲ့ခံစားချက်အတိုင်း နားလည်ပေးမှု ဖြစ်ပါတယ်။ (သူ့နေရာမှာသာဆိုရင် ငါလည်း ---- ခံစားမိမှာပဲ။)

ဒါပေမဲ့ အောင်မြင်တဲ့ခေါင်းဆောင်များဟာ တခြားလူများရဲ့ ခံစားချက်ကို နားလည်သဘောပေါက်အောင် ထည့်သွင်းစဥ်းစားပေးနိုင်ရုံမကပဲ သူတို့ကိုယ်တိုင်ရဲ့ ထင်မြင်ယူဆချက်၊ အခက်အခဲနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုများကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုပြီး၊ တခြားလူများရဲ့ တုန့်ပြန်မှုကိုလည်း သေချာနားထောင်ပေးကြပါတယ်။

ခေါင်းဆောင်များက သူ့လက်အောက်ငယ်သားများအပေါ် ဂရိုစိုက်မှုနဲ့ သတိပြုမှုရှိကြောင်းကိုပြသဖို့ စိတ်ကျန်းမာရေးပညာရှင် ဖြစ်နေစရာ မလိုအပ်ပါဘူး။ မိမိရဲ့ဝန်ထမ်းများကို သတိပြုပါ၊ မေးမြန်းစုံစမ်းပါ၊ သူတို့ရဲ့အတွေးခံစားချက် ဘယ်လောက်အတိုင်းအတာထိ ထုတ်ဖော်ဝေမျှချင်တာကို အရိပ်အခြေအနေကြည့်ပါ၊ ဒီလောက်ဆိုရင်ပဲ လုံလောက်ပြီဖြစ်ပါတယ်။  

ကြီးမားတဲ့ခေါင်းဆောင်မှုမှာ လက်တွေ့လုပ်ဆောင်ချက်ရှိဖို့လည်း လိုအပ်ပါတယ်။ ခေါင်းဆောင်တစ်ဦးရဲ့ ပြောဆိုချက်နဲ့ လုပ်ဆောင်ချက် တထပ်တည်းကျနေခြင်းအားဖြင့် လူအများရဲ့ ယုံကြည်မှုကိုရရှိပြီး၊ အလုပ်အပေါ်သစ္စာရှိကာ ပိုပြီးကြိုးစားလာကြပါတယ်။ 

ဒါကြောင့် 'လုပ်ဆောင်ချက်မှာ စာနာစိတ်ထားတယ်' ဆိုတာက တစ်ဦးတစ်ယောက်ရဲ့အခက်အခဲကို နားလည်ပေးပြီး လက်တွေ့အကူအညီပေးတာမျိုး ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းအဖြေတစ်ခုကို ရှာဖွေတည်ဆောက်ဖို့ တဖက်လူရဲ့ ခံစားချက်ရှု့ထောင့်ကို နားလည်ပေးပြီး၊ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးငြင်းခုံမှုမှာ ပါဝင်ခြင်းဖြစ်ပါတယ်။ အဖွဲ့သားတစ်ဦးရဲ့ ထင်မြင်ယူဆချက်ကို ထည့်သွင်းစဥ်းစားပေးပြီး၊ ပြင်ဆင်သတ်မှတ်ချက်အသစ်များနဲ့ ပိုပြီးကြီးမားတဲ့အောင်မြင်မှုကို ရယူခြင်းဖြစ်ပါတယ်။ 

လူသိများတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ "မင်းပြောတာကို လူတွေ မှတ်မိချင်မှ မှတ်မိကြမယ်၊ ဒါပေမဲ့ မင်းကြောင့် လူတွေ ဘယ်လိုခံစားခဲ့ရတာကိုတော့ မှတ်မိကြလိမ့်မယ်" ဆိုတာပါပဲ။

နိဂုံးချုပ်
အချုပ်အားဖြင့်ဆိုရရင် စာနာစိတ်ကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ ယဥ်ကျေးမှုများ ဖြစ်လာစေတဲ့အပြင် အကျိုးရလာဒ်များလည်း ဖြစ်ထွန်းစေပါတယ်။ စာနာစိတ်ရှိခြင်းဟာ အခုမှပေါ်လာတဲ့ အရည်အချင်းအသစ်တစ်ခုမဟုတ်ပေမယ့် ပိုပြီးအရေးပါတဲ့ အဆင့်အတန်းတစ်ခုကို ရောက်နေပါပြီ။ နောက်ပြီးတော့ ယခုအချိန်နဲ့ အနာဂတ်လုပ်ငန်းခွင်တို့မှာ ခေါင်းဆောင်မှုအရည်အချင်းပြည့်မီဖို့ 'စာနာစိတ်' ကို ဘယ်လိုတည်ဆောက်ပြီး ဖော်ထုတ်ပြသရမယ်ဆိုတာကို သုတေသနအသစ်မှ ရှင်းလင်းထင်ရှားစွာ ဖော်ပြထားပါကြောင်း။ ။ 

(Forbes - Sep 19, 2021 - Empathy Is The Most Important Leadership Skill According To Research, by Tracy Brower - လူမှုဗေဒပါရဂူနှင့် The Secrets to Happiness at Work စာအုပ်ရေးသားသူရဲ့ ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုပါသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar