Breaking News

မောင်မောင်စိုး - စစ်ပွဲ ပစ်ကူ မြေပြင်တပ်နှင့် လူထု



မောင်မောင်စိုး - စစ်ပွဲ ပစ်ကူ မြေပြင်တပ်နှင့် လူထု
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၁

၁။ စစ်မြေပြင်တခုကို အဓိကတိုက်ခိုက်သိမ်းပိုက်၍ ရှင်းလင်းစိုးမိုး၍ စစ်ပွဲကိုအဆုံးသတ်သည်မှာ မြေပြင်တပ်များဖြစ်သည်။ လူထုထောက်ခံမှုရှိသော မြေပြင်တပ်ဖွဲ့များဖြစ်သည်။

၂။ မြေပြင်တပ်များကို မြေပြင်ပစ်ကူ၊ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတို့ဖြင့် အားဖြည့်အသုံးချနိုင်ပါက တိုက်ပွဲတပွဲချင်းဖြစ်စေ စစ်ပွဲတခုလုံးကို ဖြစ်စေ အထောက်အကူဖြစ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ 

၃။ သို့သော် ထိုပြင်းထန်အားကောင်းခေတ်မှီသော မြေပြင်ပစ်ကူ၊ လေကြောင်းပစ်ကူ၊ရေကြောင်းပစ်ကူတို့သည် တိုက်ပွဲတခုချင်းကို အမြန်အဆုံးသတ်နိုင်ရန် ဖြစ်နိုင်သော်လည်း စစ်ပွဲတခုလုံးကို အဆုံးသတ်နိုင်ရန် မသေချာလှပေ။ 

၄။ ခေတ်သစ်စစ်ပွဲများတွင် ရေတပ်၊ လေတပ်၊ ကြည်းတပ်တို့ကို အသုံးပြု၍ ခေတ်မှီလက်နက်မျိုးစုံတို့ကို အသုံးပြုနိုင်သည်မှာ အမေရိကန်စစ်တပ်ဖြစ်သည်။ အစွမ်းထက်ဆုံး၊ ပြင်းအားအမြင့်ဆုံးပစ်ကူများကို အသုံးချနိုင်သည်မှာ အမေရိကန်စစ်တပ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်အသုံးစားရိတ်အမြင့်ဆုံးမှာ အမေရိကန်ဖြစ်သည်။ နည်းပညာအမြင့်ဆုံးလက်နက်များကို ပိုင်ဆိုင်သည်ကလည်း အ‌မေရိကန်စစ်တပ်ဖြစ်သည်။

၅။  သို့သော် အမေရိကန်တို့ဆင်နွှဲခဲ့‌သော ဗီယက်နမ်၊ အာဖဂန်နစ်စတန်၊ အီရတ်စစ်ပွဲတို့တွင်တွေ့ရသည်မှာ အမေရိကန်စစ်တပ်၏ခေတ်မှီပစ်ကူများက တိုက်ပွဲတပွဲချင်း အနိုင်ရသည်။ စစ်ပွဲကို အသာစီးရစေခဲ့သည်က မှန်သော်လည်း ထိုတိုင်းပြည်၌ရှိသောပြည်တွင်းစစ်ကို ရပ်တန့်အောင် မတားဆီးနိုင်ခဲ့ပေ။ ထိုတိုင်းပြည်တွင်ဆင်နွှဲသည့် စစ်ပွဲ၏ အဆုံးသတ်အောင်ပွဲကို မပေးနိုင်ခဲ့ပေ။ 

၆။ ထို့ကြောင့် ခေတ်မှီစစ်လက်နက်ပစ္စည်းများသည် စစ်ပွဲတွင်အသာစီးရအောင်ဖန်တီးပေးနိုင်သော်လည်း စစ်ပွဲအဆုံးသတ်အတွက်တော့ မသေချာလှပေ။ 

၇။ ခေတ်မှီ မြေပြင်ပစ်ကူ လေကြောင်းပစ်ကူများသည် တိုက်ပွဲတပွဲချင်းအနိုင်ရနိုင်ပါသည်။ စစ်ပွဲတွင် နေရာတချို့၊ အချိန်တချို့ အသာစီးရကောင်းရနိုင်ပါသည်။ သို့သော် စစ်ပွဲကိုအဆုံးသတ်နိုင်ရန်၊ အောင်ပွဲရယူပြီး ငြိမ်းချမ်းရေးရယူရန်အတွက် အားကိုးအားထားတော့ မဖြစ်ပေ။ စစ်ပွဲများကို အဆုံးသတ်၍ငြိမ်းချမ်းရေးရယူပေးနိုင်သည်မှာ ခေတ်မှီ လက်နက်များမဟုတ်။ လူများသာဖြစ်တော့သည်။ လူထုထောက်ခံမှုရှိသော မြေပြင်တပ်များသာဖြစ်တော့သည်။ လူထုထောက်ခံမှု မရှိသည့်၊ လူထုအားစည်းရုံးသိမ်းသွင်းနိုင်ခြင်းမရှိသည့် တပ်သည် အဆုံးသတ် စစ်ပွဲအောင်နိုင်လိမ့်မည်ဟုတ်ပေ။ လူထုအားက စွမ်းအားပြင်းလှသည်ဆိုသော၊ နည်းပညာမြင့်လှသည်ဆိုသောလက်နက်များထက် သာလွန်သည်ဟုဆိုရပေမည်။ 

မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar