Breaking News

မိုးမခကဗျာ - ဖေတင်ညွန့်၊ ဆု ဘိုး မိ ၊ ခိုင်မျိုး​ တို့၏ ကဗျာများ



SKB
မိုးမခကဗျာ
စက်တင်ဘာ ၃၊ ၂၀၂၁

" အနှစ် ၂၀ အကြာငါတို့လူတွေကို ရေကြည့်မိခြင်း "
ဖေတင်ညွန့်

ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
ဒီကြားထဲ
ငြမ်းမြင့်အောင်ကထထပြီးအူပြနေသေး
စားပွဲပေါ်ကအရက်က ငါ့အရက်မဟုတ်ဘူး
လည်ချောင်းထဲရောက်မှ ငါ့အရက်တဲ့
ဦးပု နတ်ခွက်လည်း
နေမွန်းတည့်ထိနေခွင့်မရဘဝများထဲ
မင်းတို့တွေသိပ်ပြီးလျှာပါးပြမနေနဲ့
တသက်လုံးလူပါးဝလာတဲ့ကောင်တွေကိုလည်း သတိထားဦး..။.
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူး ကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
ကိုယ့်ရှိ ဝှက်ထား
သူ့ရှိလုစား
ပါးစပ်ဖျားကမချတဲ့ ဟန်ထွေးလည်း
သံချောင်းမခေါက်
ဥသြမဆွဲ
ခွဲသွားမှ...
ငါတို့အားလုံးအသည်းကွဲခဲ့ကြ။
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
ငါတို့ထဲ
တစ်ယောက်မှတစ်ယောက်
ပုကွကွ
ဂင်တိုတို
ထောင်ထွက်ကဗျာဆရာ မင်းမာန်ရဲ့ဒေါသကြီးကြီး ကဗျာရွတ်သံ
ဗဒိုမန်းရှာ ဗဒိုမန်းရှာ ဗဒိုမန်းရှာ
ဦးစန္ဒိမ(စလင်း)တောင်ကျောင်းပေါ်တက်ပြေးခဲ့ရ
လွမ်းသကွာ။
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
ငါ့ကောင်ရေ
ငါ့ငယ်ပေါင်းရေ
ကဗျာကောင်းတွေထွက်သလောက်
မဂ္ဂဇင်းစာမျက်နှာပေါ်မှာခွက်ခွက်လန်အရူံးပေါ်ခဲ့တဲ့ ငြိမ်းနိူင်ဝေရေ
မဇ္စျိမအလင်းလိုဂိုကို
အကွက်ဖော်ပေးခဲ့တဲ့ ငြိမ်းနိူင်ဝေရေ
မင်းယုံကြည်ချက်တွေ
တာဝင်ကာနီးပြီကွ။
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
ကိုရဲလွင်လိုလို
ကိုနေဝင်းလိုလို
ဆံပင်ရှည်ရှည်
နူတ်ခမ်းမွေးရှည်ရှည်
ဂစ်တာတီးကောင်းတဲ့ ကိုငြိမ်းချမ်း
ပျဉ်းမလမ်းကလှေကားသုံးထစ်ပေါ်မှာ
ရွှေညှာခိုင်စိုးနဲ့အတူတူ
ခင်မောင်တိုးသီချင်းတွေညည်းခဲ့ကြ
ဒါလည်း ဘယ်လိုမှမေ့မရ။
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
ရှေ့မှီ
နောက်မှီ
အလယ်ကလူကြီး
စကားမဝဲတတ်ပဲနဲ့ဝဲဝဲပီးပြောတတ်
ပြဇာတ်မင်းသားရူံးအောင် သရုပ်ဆောင်ကောင်းသူ
မောင်မှိူင်းထက်ရေ...
(လွမ်းရသူတွေအကြောင်းပြောတဲ့အခါ
ခင်ဗျားကိုချန်ထားလို့မရဘူးဆိုတာ သိ
ပါတယ်)
ခုတော့
ခင်ဗျားမျက်ရည်နဲ့နှပ်ရည်ကို
မရွံကြတော့ဘူးဗျ။
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ကျန်းမာရေးဂရုစိုက်ကွာ
လာရာ ကြည့်ပြီး
လားရာ သိလို့ သတိပေးခဲ့တာတောင်
ငါ့သတိပေးချက်က
နောက်ကျဖြစ်အောင်နောက်ကျသွား။
ရှေ့ဆင့်နောက်ဆင့်ပဲပြောပြော
ရှေ့သွားနောက်လိုက်ပဲဆိုဆို
ကိုမင်းအတွက်တောက်ခေါက်လို့မဆုံးသေး
ဆူးပန်းသတင်းက
ငါ့အိမ်ရှေ့ခြံတံခါးကိုလာပြီးဆွဲရမ်းလူပ်ခါသွားတော့
ငါ့ခံစားမှုကြီးက
ထူးဆန်းသလိုလို
မထူးဆန်းသလိုလို
လူချင်းတူသွားကြလို့
လမ်းချင်းဆုံသွားကြပြီပေါ့။
ငါ...
နာရေးကဗျာတွေမရေးချင်တော့ဘူးကိုမင်း
ငါတို့ချစ်ခြင်မေတ္တာတရားတွေက
အကျအဆုံးများနေတော့လည်း
ငါတို့မှာ
ကဗျာပဲရှိတယ်။     ။
(မောင်မှိူင်းထက်၊ သက်မှူးထန်၊ငြိမ်းချမ်းအောင်၊အတ္တအောင်၊ဟန်ထွေး၊မင်းမာန်၊ငြိမ်းနိူင်ဝေ၊ငြမ်းမြင့်အောင်၊ မင်းသျှားကို၊ဆူးပန်း...
ဆရာမှိူင်းမျိုးဆက် မဇ္စျိမအလင်းမှနူတ်ဆက်ထွက်ခွာသွားသူများ အလွမ်း)
                                  
-

" Day - 213 "
  ဆု ဘိုး မိ 

တနင့်တပိုးပဲ
အံကြိတ်ထားရတဲ့စိတ်​အနာတွေက
​ရေခိုး​ရေ​ငွေ့လိုစုဖွဲ့ ။

သိမ်းဝှက်ထားရတဲ့တောက်ခတ်သံ​တွေက
​လေအလျင်လိုရုန်းကြွ ။

မြိုသိပ်ထားရတဲ့ကြုံးဝါးသံတွေက
တိမ်တစ်အုပ်လိုအား​ကောင်း ။

​ဖျောင်းခနဲရိုက်ချိုးခံလိုက်ရတဲ့အနာဂတ်ဟာ
အ ပီ​ယေဟိ သမ္ပယော​ဂေါ *ပဲ
သံမှိုရိုက်သွင်းခံရတာထက်နာတယ် ။

ကြိတ်စက်ထဲကကြံကြိတ်ဖတ်လို
လိမ်ညှစ်ခံ​နေရတဲ့ဘဝ​တွေက
လွတ်​မြောက်ခွင့်ကို
​​သေခြင်း ရှင်ခြင်းထက် ငတ်တယ် ။

ငါတို့က
နိုင်ကိုနိုင်ရမယ်ဆိုတဲ့အ​တွေးကို
ဗျာဒိတ်​​တော်*လိုခေါင်းအုံးပြီး
အ​စောဆုံးမိုးလင်းနိုင်ဖို့အတွက်
မာန်တင်းချီတက်​နေသူ​တွေပါ ..
     ​
ခံယူချက်ကိုအသက်ထက်မက်တဲ့အခါ
ကမ္ဘာမ​ကြေသီချင်းကိုရှု ရှုသွင်းရင်း
​ခြေသံပြင်းပြင်းနင်းထွက်ခဲ့ရတာ​မျိုး​နဲ့ ..

      လာပြီ
      စုဖွဲ့လာပြီ
      ရုန်းကြွလာပြီ
      အား​ကောင်းလာပြီ
        
      မုန်တိုင်းကိုဂုဏ်ပြုဖို့
        •••
      မြစ်​တွေအားလုံး ••• ပင်လယ်ဆီ ။ ။
                                      
*အ ပီ​ယေဟိ သမ္ပယော​ဂေါ 
(မချစ်မနှစ်သက်သူနှင့်အတူ​​ပေါင်းသင်းနေထိုင်ရခြင်း)

*ဗျာဒိတ်​​တော်
(ဧကံဖြစ်ရလိမ့်မည်ဟုဘုရားရှင်၏ကြိုတင်မိန့်မှာစကား)

-

" ရွာထဲမှာ "
ခိုင်မျိုး​

မသိတဲ့အရာကို
ဟာသလိုလို
သရော်သလိုလို
လုပ်လိုက်လို့ရတယ်လို့အသိက
အသိပေးတယ်
လင်းယုန်တစ်ကောင်ရဲ့မျက်စိထဲ
ကျွန်တော်ဟာ
အမြင်အာရုံမစူးရှတဲ့သတ္တဝါတစ်ကောင်ပေါ့
ညဏ်ပညာသာပါမလာရင်
တခြားမျိုးစိတ်က
သည်ကမ္ဘာကိုသိမ်းထားလောက်ပြီ
ခုတော့လောက်တွေလိုပွားလာတဲ့လူတွေ
နေရာလုဖို့ကမ္ဘာတစ်ခုကရှိခဲ့
X နဲ့Y အပြင်လူအခွင့်အရေးအရ
လိင်တူခြင်းမောင်းခဲ့
စိုက်လို့ရတာသစ်စေ့တွေအပြင်
လူတွေရှိခဲ့
နိမ့်နေတဲ့မြေပေါ်စိုက်ထားတာ
သေနတ်တွေပေါ့
ရှင်သန်ကြိီးထွားနေတာလည်း
စိတ္တဇလူသတ်ကောင်တွေပေါ့
အတွင်းဝန်ရုံးတစ်ခုထဲမှာ
လေဆိပ်တစ်ခုမှာ
လေယာဉ်တစ်စင်းပေါ်မှာ
စာသင်ကျောင်းဝန်းထဲမှာ
နန်းတော်တစ်ခုရဲ့လှေကားထစ်တွေပေါ်မှာ
လူတွေပါပဲ
ထားခဲ့ရမယ့်အရာတွေကိုအလုအယက်
လုယက်ယူဆောင်ကြ
မလုနဲ့
ဘွတ်ကင်တင်မနေနဲ့
ဖြေးဖြေး
ရှုတ်ထွေးသောအတွေးအခေါ်ဟာ
ကျွန်တော်တို့ရဲ့ဦးခေါင်းထဲမှာအပြည့်အဝ
ခြေရာခံနေလေရဲ့
ရွာထဲမှာ ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar