Breaking News

ကိုအောင်မှိုင်း - မြန်မာ့ထွက်ရပ်လမ်း (သို့) ရွေးလမ်းနှစ်သွယ်



ကိုအောင်မှိုင်း - မြန်မာ့ထွက်ရပ်လမ်း (သို့) ရွေးလမ်းနှစ်သွယ်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၁

မြန်မာနိုင်ငံလက်တွေ့နိုင်ငံရေးအခင်းအကျင်းအရ ရွေးချယ်စရာလမ်းနှစ်သွယ်ဘဲရှိတယ်လို့ ရှင်းရှင်းလင်းလင်း ကျနော်မြင်မိပါတယ်။ရွေးချယ်စရာဆိုလို့လဲ များများစားစား မကျန်တော့ပါဘူး။ ပြည်သူလူထုတရပ်လုံးအနေနဲ့ကတော့ ထိုင်နေလဲ သေနိုင်တယ်။ မတ်တပ်ရပ်နေလဲ သေနိုင်တယ်။ အိပ်နေလဲ သေနိုင်တယ်ဆိုတဲ့ သေခြင်းတရားတွေကို နေရာအနှံ့တွေ့ကြုံခံစားနေရချိန်လဲဖြစ်ပါတယ်။ အိမ်မှာနေရင်းသေသွားခဲ့ကြတဲ့ ကလေးသူငယ်များအပါအဝင် အနှိပ်စက်ခံပြီးသေသွားသူတွေ ခြေပြတ်လက်ပြတ်ဖြစ်ခဲ့ရသူတွေ မျက်လုံးထွက်သွားရသူတွေ ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူတွေ အားလုံးလိုလိုဟာ လက်နက်ကိုင်တော်လှန်နေသူတွေမဟုတ်တဲ့ ပြည်သူအများစုဖြစ်နေကြပါတယ်။ ဆန္ဒပြလို့ ခေါင်းကိုပစ်ခံရပြီးသေဆုံးခဲ့သူတွေအပါအဝင် ကလေး လူကြီး ယောင်္ကျားလေး မိန်းကလေး ဆရာဝန် ဆရာမတွေ ကျောင်းဆရာ ဆရာမတွေ အင်္ဂျင်နီယာတွေ အလုပ်သမားလယ်သမား မြို့နေကုန်သည်ပွဲစား ဆင်းရဲသူဆင်းရဲသားတွေ သူဌေးသူကြွယ်တွေနဲ့ လူဆိုးကြီးများလို့ ကင်ပွန်းတပ်ခံရသူတွေအပါအဝင် လူပေါင်း ၁၀၅၈ ယောက်အသတ်ခံခဲ့ရပြီးပါပြီ။ 

AAPP နိုင်ငံရေး အကျဉ်းသားများ  ကူညီစောင့်ရှောက်ရေးအသင်း စာရင်းဇယားအရ 
အသတ်ခံရသူပေါင်း - ၁၀၅၈ ယောက်
အဖမ်းခံရသူစုစုပေါင်း - ၇၉၉၂ ယောက်
အဖမ်းခံထားရဆဲ စုစုပေါင်း- ၆၃၄၃ ယောက်
ဝရမ်းထုတ်ခံထားရသူ စုစုပေါင်း - ၁၉၈၄ ယောက်
(ရက်စွဲ စက်တင်ဘာလ ၉  ရက် ၂၀၂၁ ခုနှစ်  စာရင်းအရ)

မြန်မာနိုင်ငံရှိ လူမျိူးပေါင်းစုံပြည်သူလူထုအတွက် အထက်ပါစာရင်းဇယားကိုကြည့်ရင် ရွေးချယ်စရာ၂ မျိုးသာရှိတော့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ “တော်လှန်မလား ကျွန်ခံမလား” ဆိုတဲ့ ရွေးချယ်မှု ၂ခု က တခုခုကိုတော့ ရွေးချယ်ရတော့မှာပါ။ ဒီ၂ ခုက တခုခုကိုမရွေးချယ်ဘူးဆိုရင် အသတ်ခံရမဲ့သူတွေ အဖမ်းအဆီး အနှိပ်စက်ခံရမဲ့သူတွေ ကိုယ်လက်အင်္ဂါချို့ယွင်းမဲ့သူတွေ ဝရမ်းထုတ်ခံရမဲ့သူတွေ ပြေးလွှားပုန်းရှောင် နေရမဲ့သူတွေဟာ နေ့တဓူဝတိုးလာနေမှာဖြစ်ပါတယ်။ ဆင်းရဲငတ်ပြတ်မှုတွေ ကိုဗစ်ရောဂါရဲ့ သတ်ဖြတ်မှုတွေကိုပါ ဆတိုးခံနေကြရဦးမှာလည်းဖြစ်ပါတယ်။ ဒါတွေအားလုံးကို ပြည်သူလူထုကလုပ်ခဲ့တာမဟုတ်သလို အရင်အစိုးရကလုပ်ခဲ့တာလဲ မဟုတ်တာသေချာပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ ကိုယ်ပိုင်စစ်တပ် (မိန့်ခွန်းထဲမှာ သူ့တပ်လို့ပြောတာဘဲ) ရဲ့ ရက်စက်ယုတ်မာမှုတွေက ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။

ကနေ့ပြောချင်တာက အမျိူးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က သမ္မတကြီး ဒူးဝါးလရှီးလအနေနဲ့ စစ်အုပ်စုကို စစ်ကြေငြာတဲ့မိန့်ခွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။ ပြောရရင်တော့ဗျာ အများပြောတဲ့ D-Day ပေါ့။ ကျနော်တို့ကြိုဆိုပါတယ်။ အလေးအနက်ကိုကြိုဆိုပါတယ်။ ရှင်းရှင်းလင်းလင်းရှိ သွားတယ်လို့ဘဲ ပြောလိုပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာလဲ အခိုင်အမာအချက်အလက်တွေ ရှိ နေပါတယ်။ NUG အစိုးရရဲ့ကြေငြာချက်ထွက်တာနဲ့ US တို့ UK တို့က စတိတ်မန့်တွေထုတ်ပြီး ချက်ခြင်းကန့်ကွက်ကြတာတွေ့ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ဖေဖေါ်ဝါရီလကစခဲ့တဲ့ ရက်စက်မှုတွေ ပက်ပက်စက်စက် လူမဆန်စွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကို သက်သေအချက်အလက်ပေါင်းသိန်းချီပြီး ကမ္ဘာတလွှားကို ကျနော်တို့ ဖြန့်နိုင်ခဲ့ပါတယ်။ အဓိက UN လိုအဖွဲ့အစည်းကြီးနဲ့ UK  US တို့လို နိုင်ငံကြီးတွေကို ပို့ပေးခဲ့ကြတာပါ။ ကျနော်တို့သူတို့ဆီက ရလာတာကတော့ ၈ လကာလမှာအတွင်း စိုးရိမ်ပူပန်တယ်ဆိုတာထက် ဘာ တခုမှပိုလာတာ မတွေ့ရပါဘူး။ ဆန္ဒပြလို့ခေါင်းတွေကို ပစ်ခတ်သတ်ဖြတ်တော့လဲ သူတို့စိုးရိမ်ကြတယ်။ အိမ်တွေထဲဝင် ကလေးတွေကိုပစ်သတ်တော့လဲ သူတို့စိုးရိမ်ကြတယ်။ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းတွေကို ရောင်းစားတော့လဲ သူတို့စိုးရိမ်ကြတယ်။ လူ ၄၀ လောက်သတ်ဖြတ်ပြီး မြေမြုတ်ခဲ့ကြောင်းပြောတော့လဲ သူ တို့စိုးရိမ်ကြတယ်။ တကယ်လို့ ကျနော်တို့စစ်ကျွန်ဘဝရောက်ရင်တော့ မစိုးရိမ်ကြတော့ဘဲ စစ်တပ်ကို အသိအမှတ်ပြုဘို့ စောင့်နေကြသလို ဖြစ်နေကြတာပေါ့ဗျာ။

ကနေ့ပြဿနာကို အာဏာ Power ပြဿနာလို့ ရှင်းရှင်းလင်းလင်းမြင်ဘို့လိုတယ်။ ကျနော်တို့ပြည်သူလူထု အနေနဲ့ စစ်အုပ်စုကို ထိထိရောက်ရောက် တိုက်ခိုက်လာနိုင်ပြီဆိုတာနဲ့ သူတို့ရဲ့စိုးရိမ်တဲ့စိတ်တွေကို ကျနော်တို့ ဖြောက်ပေးနိုင်မှာ သေချာပါတယ်။ ကျနော်တို့ လူထုအာဏာကို ဒါထက်ပိုတည်ဆောက်လာနိုင်တာနဲ့ NUG အစိုးရအပေါ်ဆက်ဆံရေးပြောင်းလာလိမ့်မယ်။ အခုနေ ကျနော်တို့တွေက သူတို့ဆီက အကူအညီလိုနေတော့ သူတို့ခြေသလုံးဖက်နေရတာကို သာယာနေကြတာပါ။ ကျနော်တို့ကတော့ ကနေ့ပြဿနာကို အာဏာပြဿနာအဖြစ် ရှေးမဆွကထဲက မြင်လဲမြင်တယ်။ ပြောလဲပြောတယ်။ အဲဒီအချိန်ကတော့ R2P တို့ UN တို့ US တို့ UK တို့ ခေတ်စားနေတဲ့ကာလဆိုတော့ တိုးမပေါက်ခဲ့ပါဘူး။ တချိူ့ဆို အစွန်းရောက်တွေအဖြစ်တောင် ပြောတဲ့သူတွေရှိပါတယ်။ တကယ်က ကျနော်တို့အစွန်းမရောက်ပါဘူး။ အစွန်းရောက်နေတာ ဗမာပြည်မှာ စစ်အုပ်စုတစုဘဲရှိပါတယ်။

ကျနော်တို့ထောက်ပြတာက ကမ္ဘာမှာတဦးချင်းထောက်ခံမှုတွေ အဖွဲ့အစည်းတခုချင်းထောက်ခံမှုတွေက အရေးမကြီးဘူးမဟုတ်ပါဘူး။ အရေးကြီးပါတယ်။ ဒါပေမဲ့အဆုံးအဖြတ်တော့ မဟုတ်ပါဘူး။ NUG အစိုးရကို ဘာလို့ အစိုးရတရပ်အဖြစ်အသိအမှတ်မပြုကြတာလဲ။ စစ်အုပ်စုရဲ့ ယုတ်မာပက်စက် လူမဆန်မှုတွေကိုလဲ သိတယ်။ စစ်အုပ်စုကို ဗမာတနိုင်ငံလုံးလူထုက ဆန့်ကျင်နေတာကိုလဲသိတယ်။ ဒါလောက်နဲ့ အစိုးရတရပ် အဖြစ်ကမ္ဘာက အသိအမှတ်ပြုလေ့မရှိပါဘူး။ NUG မှာ ဘယ်မှာလဲ လူထုကိုကာကွယ်မဲ့ စစ်တပ် NUG ထိမ်း သိမ်းထားနိုင်တဲ့လွတ်မြောက်နယ်မြေ အစိုးရတရပ်အနေနဲ့ လိုအပ်တဲ့ ဘဏ္ဍာရေး စသဖြင့်ပေါ့ဗျာ။ ဘာဆို ဘာမှမရှိတာလဲ သေချာတယ်။ သဘာဝလဲကျပါတယ်။ တော်လှန်တဲ့ အစိုးရတရပ်မှာ ဘယ်ရှိပါ့မလဲဗျာ။ 

ဒါပေမဲ့ ခိုင်မာတဲ့ စစ်ရေးနိုင်ငံရေးပေါ်လစီတရပ်တော့ ရှိကိုရှိနေရပါမယ်။ အခုတော့ နိုင်ငံရေးအစိုးရယောင်ယောင် စစ်တိုက်မလိုလို ဝန်ကြီးတွေဖွဲ့လိုက် ဒုဝန်ကြိးတွေဖွဲ့လိုက် ZOOM Meeting တွေလုပ်လိုက်နဲ့ အစိုးရတဖွဲ့လုံးက ပြန်ကြားရေးလုပ်ငန်းကို သူထက်ငါ လုလုပ်နေကြသလိုပါဘဲ။ ပြန်ကြားရေးဝန်ကြီးတယောက်ဆို ဒီအလုပ်တွေက လုံလောက်ပါတယ်။ ကျနော်တို့လဲ ရတဲ့အခြေအနေကနေ သိသင့်သိထိုက်တဲ့လူတွေဆီ မရောက်ရောက်အောင် ကြိုးစားတင်ပြကြပါတယ်။ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ “လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ကိုအဓိကထားပြီး ကျန်တဲ့တိုက်ပွဲသဏ္ဍာန်တွေနဲ့ပေါင်းစပ်ရမယ်” ဆိုတဲ့အကြောင်းပါ။ ကျန်တဲ့ တင်ပြချက်တွေလဲ အများကြီးပါ။ ဒါထက် ပြောစရာတွေလဲရှိတာပေါ့ဗျာ။ ကြုံရင်ပြောပါဦးမယ်။

ကနေ့တော့ NUG ဟာ လမ်းကြောင်းမှန်ပေါ်ရောက်ပြီဖြစ်လို့ ကျစ်ကျစ်လစ်လစ်နဲ့ ထောင်လိုက်စနစ်တွေထား လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ကို ရှေ့ရှုနိုင်ပြီဖြစ်လို့ ကြေနပ်ဝမ်းသာမှုဖြစ်ကြပါတယ်။ လူထုကလဲ အလွန် အားတက်နေတာတွေ့ရပါတယ်။ ပထမဆုံးပြောချင်တာက အမေရိကန်လို စစ်ရေးစီးပွါးရေးမှာ ကမ္ဘာ့အင်အား လွန်နိုင်ငံကြီးတောင် ဗီယက်နမ်တုန်းကလဲ ပြေးရတာပါဘဲ။ အခုလဲ အာဖကန်နစ်စတန်မှာ ပြေးရတာပါဘဲ။ 

ထွက်ပြေးရတဲ့ အာဖကန်နစ်စတန်စစ်တပ်နဲ့ ဗမာစစ်တပ်ဟာ လက္ခဏာသဘာဝချင်း အတော်တူကြပါတယ်။
သေချာတာက ကျနော်တို့ မင်းအောင်လှိုင်စစ်တပ်ကို ဒါထက်ပိုထိထိရောက်ရောက်တိုက်လာနိုင်ပြီဆိုတာနဲ့ ပထမဆုံးကိုယ့်ကို ဆက်ဆံမဲ့နိုင်ငံက တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ မမေ့ဘို့ အသိပေးလိုပါတယ်။ ကနေ့ မင်း အောင်လှိုင်ဟာ သူ့တာဝါတိုင်ကိုတောင် မစောင့်ရှောက်နိုင်တော့တဲ့အခြေအနေပါ။ ဆိုလိုချင်တာက လူထုကဒါထက် ပြင်းပြင်းထန်ထန် စစ်ရေးနိုင်ငံရေးတွေ ထိထိရောက်ရောက်လုပ်လာတာနဲ့အမျှ ဗမာပြည်မှာ ရင်းနှီးမြုတ်နှံမှုအများဆုံးဖြစ်တဲ့ တရုတ်ရင်းနှီးမြုတ်နှံမှုတွေကို ဂယက်ကြိမ်းသေရှိလာမှာပါ။ NUG အစိုးရအနေနဲ့ ပေါ်လစီတခုအပေါ် သေသေချာချာ ကိုင်တွယ်လုပ်ကိုင်နိုင်ရင် အကျိုးအများကြီးရှိမှာပါ။ သေချာစဉ်းစားမယ်ဆိုရင် ဒါထက်လဲ အများကြီးကိုပိုလုပ်နိုင်တဲ့ အခွင့်သာစေမဲ့လမ်းတွေအများကြီးဖြစ်လာမှာပါ။

ကျနော်တို့အကြံပေးချင်တာကတော့ နိုင်ငံတကာကထောက်ခံတာတို့ ကန့်ကွက်တာတို့ အာစီယံကထောက်ခံတာတို့ ကန့်ကွက်တာတို့ထက် မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံးရဲ့ထောက်ခံမှုက ပိုအရေးကြီးကြောင်းပါဗျား။

ကိုအောင်မှိုင်း
စက်တင်ဘာလ ၁၀ ရက် ၂၀၂၁ ခုနှစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar