Breaking News

မိုးမခသရော်စာ - ဘိုးညီတင့် '' မဲလိမ်မဲခိုးခြင်းသမိုင်းအစဘိုးညီတင့်က ...''

Depositphotos
မိုးမခသရော်စာ
စက်တင်ဘာ ၁၀၊ ၂၀၂၁

'' မဲလိမ်မဲခိုးခြင်းသမိုင်းအစဘိုးညီတင့်က ...''
ဘိုးညီတင့်

တန်ဆောင်မုန်းလမင်းသည်မအိပ်ရက်လောက်အောင်သာယာလှ၏။ ကြယ်နက္ခတ်အစုံအလင်း။ လရောင်သည်လူငယ်တွေကိုအရူးအမူးခံစားတတ်အောင်ပြုစားလေရော့သလား။ လရောင်ကိုခံစားရင်းဘိုးညီတင့်တို့သူငယ်ချင်းသုံးယောက် ထွေရာလေးပါးစကားပြောနေကြသည်။ ရုတ်တရက်လေဝှေ့လိုက်သဖြင့် ရှပ်အင်္ကျီပါးဝတ်ထားသောဘိုးညီတင့်မှာ ချမ်းတုန်သွားလေသည်။
"ခင်မောင်အေး၊ ငါ့ဆေးလိပ်တဖွာပေးကွာ'"
ခင်မောင်အေးကသောက်လက်စ ဆေးပေါ့လိပ်တိုလှမ်းပေးသည်။ တအားရှိုက်ဖွာလိုက်မှအချမ်းပြေတော့သည်။

"မေမြို့နွေရာသီက ဒါလောက်တော့အေးတာပဲကွ" တဲ့။ နွေကျောင်းပိတ်လျှင်မေမြို့မှာအနေများသောမျိုးမြင့်(မယ်သီလ)ကပြောလိုက်သည်။ သူငယ် ချင်းသုံးယောက်ထွေရာလေးပါးပြောသည်ဆိုသော်လည်း ဘိုးညီတင့်ကနားထောင်ရတာများသည်။ ခင်မောင်အေး၊မျိုးမြင့်တို့သည် ဆယ်တန်း၌အထိုင်ချနေထိုင်ကြသောကျောင်းသားကြီးများ။ ဘိုးညီတင့်က အသက်ဆယ့်ငါးနှစ်မပြည့်သေးသောကိုးတန်းကျောင်းသား။ ဘိုးညီတင့်ထက် သူတို့ကအသက်ကြီးသော်လည်း ယဉ်ကျေးလိမ္မာမွေးရာပါဘိုးညီတင့်က မင်း၊ ငါနှင့်ပြောလေသည်။

သူတို့သုံးယောက်ရောက်ရှိနေရာအရပ်ကား ကြေးမုံကဆယ်တန်းကျောင်းသူမခင်‌မြင့်‌မေနေအိမ်။ မခင်မြင့်‌မေနှင့်သူငယ်ချင်းဆယ်တန်းကျောင်းသူတစုကား လက်ဖက်သုတ်စား၊ အတင်းတုတ်ကာ အိပ်ရာဝင်သွားကြပေပြီ။ ဘိုးညီတင့်တို့ယောက်ျားလေးသုံးယောက်သာ မအိပ်ချင်သေး၍ ကျန်ခဲ့သည်။ ဘိုးညီတင့်တို့သူငယ်ချင်းတစု ဘာကြောင့်ယခုလိုတစုတဝေးရှိနေကြသနည်း။ မနက်ဖန်နံက်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏သမိုင်းပေးတာဝန်တရပ်ကို အရိုးကျေကျေအရေခမ်းခမ်း ရွတ်ရွတ်ချွန်ချွန်ထမ်းရန် စုဝေးနေကြခြင်းတည်း။

စာဖတ်သူမိတ်ဆွေ နားရှင်းအောင်ပြောရပေဦးအံ့။ ဘိုးညီတင့်တို့ မုံရွေး၊ ကြေးမုံတွဲဖက်အထက်ကျောင်းသည် တွဲဖက်ကျောင်းတို့ထုံးစံအတိုင်းကျောင်းသားနည်း၏။ ရန်ပုံငွေနတ္ထိ။ လစဉ်ဆရာ၊ ဆရာမများအားလခပေးရန် ကျောင်းကော်မတီကဦးနှောက်စားရသည်။ ဘိုးညီတင့်တို့ပေးသောကျောင်းလခနှင့်မလုံ လောက်။ တလတခါ စူဠာမဏိဘုရားထဲရုပ်ရှင်ပြ၍ ရန်ပုံငွေရှာရ၏။ ယခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကြီး၌ဆန္ဒခံယူပွဲကျင်း ပမည်ဖြစ်သည်။ ထိုခေတ်ကရွေးကောက်ပွဲမခေါ်။ ဆန္ဒခံယူပွဲဟုခေါ်၏။ မြိုနယ်ပါတီ၊ကောင်စီလူကြီးမင်းများကို ဗဟိုကတိုက်ရိုက်ရွေကောင်စီလူကြီးမင်းများကို ဗဟိုကတိုက်ရိုက်ရွေးချယ်သည်။ ပြည်သူများက ထိုလူကြီးမင်းများကိုကန့်ကွက်ထောက်ခံဆန္ဒမဲ ပေးကြရသည်။ ပြိုင်ဖက်မရှိ။ စည်းကမ်းပြည့်ဝသောဆိုရှယ်လစ်ဒီမိုကရေစီတည်း။ ထိုဆန္ဒမဲပေးပွဲ၌ မဲရုံဝန်ထမ်းလိုအပ်သည်။ မဲရုံမှူးတယောက်လျှင် နေ့တွက်တစ်ဆယ်ကျပ်။ မဲရုံအဖွဲ့ဝင်တယောက်လျှင် ငါးကျပ်။ ဒီတော့ ရန်ပုံငွေနည်းသောဘိုးညီတင့်တို့တွဲဖက်ကျောင်းက ဤတာဝန်ကိုယူလိုက်သည်။ ဘိုးညီတင့်တို့တတွေ မဲရုံအဖွဲ့ဝင်အော်တိုမစ်တစ်ဖြစ်သွားကြတော့သည်။ အစ်မကြီးခင်မြင့်မေက မဲရုံမှူး။ မနက်စောစောတာဝန်ထမ်းဆောင်ရန် ဘိုးညီတင့်တို့စုပေါင်းအိပ်ကြခြင်းတည်း။

နံက်ခင်းဘိုးညီတင့်တို့တယောက်ကိုတယောက်နှိုးကာ စောစီးစွာပြင်ဆင်ကြသည်။ မဲရုံကခြောက်နာရီဖွင့်၊ လေးနာရီပိတ်ရမည်။ တာဝန်ကျမဲရုံမသွားခင် ဥက္ကဌအိမ်သွားကာ မဲရုံနှင့်ပတ်သက်သည့်ပစ္စည်းများယူကြရ၏။ လူဦးရေစာရင်း၊ စာရွက်စာတမ်း၊ မဲပုံးများ။ ဘိုးညီတင့်တို့ရင်ဘတ်မှာ မဲရုံအဖွဲ့ဝင်ရင်ထိုး တံဆိပ်ကိုယ်စီ။ အစ်မကြီးခင်မြင့်‌မေက မဲရုံမှူးတံဆိပ်။ မဲပုံးဆိုသည်မှာ အနက်ပုံးနှင့်အဖြူပုံး။ အနက်ပုံးမှာကြက်‌ခြေခတ်ထားသည်။ ကန့်ကွက်မဲပုံး။အဖြူပုံးမှာ အမှန်ခြစ်ခြစ်ထားသည်။ ထောက်ခံမဲပုံး။

ဘိုးညီတင့်တို့အဖွဲ့သည် မုံရွေးစာကြည့်တိုက်အရှေ့ဖက်ရပ်ကွက်၌တာဝန်ကျသည်။ မဲရုံမှာနှစ်ရုံတွဲ။ ခပ်သေးသေး။ နှီးချောဖျာအဟောင်းလေးတွေခရိုးခရိုင်ကာထားသည်။ အပြင်ဖက်မှမဲပုံးတွေကိုအတိုင်းသားမြင်နေရသည်။ မဲပွဲမစမီ တာဝန်ရှိသူက မဲရုံကိုလာကြည့်သည်။

"လျှို့ဝှက်ဆန္ဒမဲပေးရမှာ။ ခင်ဗျားတို့မဲရုံတွေကအတိုင်းသားပြင်နေရတယ်။ ပါတီဥက္ကဋ္ဌကြီးလမ်းညွှန်ချက်နဲ့မညီဘူး၊ ပြန်ပြင်" ဟု လူကြီးပီပီ ကြိမ်းမောင်းပါတော့သည်။ ဘိုးညီတင့်တို့ရပ်ကွက်လူကြီးများအကူအညီဖြင့် လုံခြုံသွားအောင်ပြန်ပြင်ရသည်။ ခြောက်နာရီဆန္ဒမဲပေးပွဲစပါပြီ။ ယခုခေတ်ရွေးကောက်ပွဲလိုအုတ်အော်သောင်းတင်းရောက်မလာ။ မဲလာထည့်ရန် တအိမ်တက်တအိမ်ဆင်းလိုက်ခေါ်ရသည်။ လူခေါ်တာဝန်မှာ အစ်မကြီးမခင်မြင့်‌မေတို့ ရွာခံကျောင်းသူတို့တာဝန်။ တချို့လိုက်လာသည်။ တချို့မအား ဟုဆိုကာ " ညည်းတို့ဘာသာထည့်လိုက်အေ" ဆိုလိုက်ကြသည်။ ကိုယ့်ဘာသာထည့်ရုံနှင့်မပြီး။ လက်မှတ်ထိုးရသေးသည်။ ကိုယ့်ဘာသာထည့်ရတာများသည်။ ဒီတော့လက်မှတ်ထိုး လက်ရေးမထပ်အောင် တလှည့်စီထိုးကြရ၏။

ငယ်ရွယ်သော ဘိုးညီတင့်၏အထူးတာဝန်ကား မဲပုံးလှုပ်တာဝန်။ မဲပုံးတွေသွားယူကတည်းက လူကြီးမင်းများက အမှာတော်ပါးလိုက်ကြသည်။ အနက်ပုံးထဲမှာ ဆန္ဒမဲလက်မှတ်တွေမမြင်ချင်ဘူးတဲ့။ မဲပုံးများမှာ ချိတ်ပိတ်ထားသော်လည်း သဘောလောက်သာ။ ဖွင့်လို့ပိတ်လို့ရသည်။ မဲပေးသူရှင်းသည့်အလစ်ကိုချောင်းကာ ဘိုးညီတင့်က အနက်ပုံးကိုလှုပ်ကြည့်ရသည်။ ခလောက်ခလောက်သံကြားလျှင် ထိုအနက်ပုံးထဲက ဆန္ဒမဲများကို အဖြူပုံးထဲ ပြောင်းထည့်ရ၏။ 
ဆန္ဒမဲပေးပွဲကို မနက်ခင်းအပြီးလုပ်ဆောင်ဖို့ ဆော်သြထားသည်။ ဘိုးညီတင့်တို့မနားရ။ လက်မှတ်လိမ်ထိုးလိုက်၊ မဲပုံးခေါက် မဲပြောင်းလိုက်။ သို့နှင့် ဆန္ဒမဲပွဲပြီးခါနီးသွားသည်။ 

ထိုစဉ် ခပ်ဝဝတုတ်တုတ်ခိုင်ခိုင်လူတယောက် ရောက်လာသည်။ သူဆန္ဒမဲပေးမလို့တဲ့။ နာမည်ပြောသည်။ စာရင်းထဲမှာ သူ့နာမည်နဲ့ မဲပေးပြီးပြီ။ မခင်မြင့်မေက မဲပေးပြီးကြောင်း စာအုပ်ပြသည်။ သူကမဲမပေးရသေးကြောင်း၊ စာအုပ်ထဲကလက်မှတ်ကလည်း သူ့လက်မှတ်မဟုတ်ကြောင်း မာမာတင်းတင်းပြောသည်။ ဥက္ကဋ္ဌကြီးဦနေဝင်းက ပြည်သူ့ဆန္ဒ၊ ပြည်သူကိုယ်တိုင် မဲပေးရမယ်ညွှန်ကြားထားတာ။ သူ မဲပေးကိုပေးမည်ဟုဆိုလာရာ ဘိုးညီတင့်တို့တတွေ မဖြေရှင်းတတ်။ ဆန္ဒမဲလက်မှတ်ကလည်း လူဦးရေအတိအကျထုတ်ပေးထားတာဆိုတော့ အပိုမရှိ။ ထိုပုဂ္ဂိုလ်၏ဇနီးက နင်တို့ဘာသာနင်တို့ထည့်ဆိုလို့ ထည့်ဆိုလို့ ထည့်လိုက်မိခြင်း။ ဘိုးညီတင့်တို့တာဝန်ရှိရာလူကြီးပြေးခေါ်ရ၏။ ရွာလူကြီးသုံးလေးယောက်ချော့မော့ဖြောင်ဖြမှ ပြဿာနာ ပြေလည်သွားတော့သည်။ ထိုနေ့က သတ်မှတ်ချိန်အတိုင်း မနက်ခင်းတွင်ဆန္ဒမဲပေးပွဲ ပြီးသွားပါသည်။ ဘိုးညီတင့်တို့ကို ရွာမြင်တင်ကြာကန်ကကြာဖက်နှင့်ထုပ်ထားသော ထမင်းထုပ်များဝေငှသ်ည။  ပူပူနွေးနွေး ဆိတ်သားဟင်း။ စားကောင်းလိုက်သည့်ဖြစ်ခြင်း။ 

ဘိုးညီတင့်ခမျာ အသက်ဆယ့်ငါးနှစ်မပြည့်မီကပင်တိုင်းပြည်တာဝန်ကျေခဲ့သူဖြစ်သည်။ အသက်အစိတ်ကျော်ထိကျောင်းနေခဲ့သော်လည်း လူလိမ္မာစာတတ်ပညာရှိမဖြစ်ခဲ့။ ။‌ခြောက်ဆယ်နားနီးထိအလုပ်လက်မဲ့။ နိုင်ငံရေးသမားယောင်ယောင်။ ကဗျာဆရာယောင်ယောင်။ သူငယ်ချင်းများ၊ ဆွေမျိးများကန် တော့စာ။ မွေးစားမိဘများကျွေးမွေးသည့်ထမင်းဟင်းကိုတာဝန်မဲ့စားလာရသည်မှ ာကြာတော့ရှက်တက်တက်။ ဘိုးညီတင့်ငယ်စဉ်ကတိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ခြင်းကိုထောက်ထား၍ မော်ကွန်းဝင်၊ နိုင်ငံ့ဂုဏ်ရည် ဘိတ်ချေးအဆင့်ပေးကာ ဆုကြေးငွေ၊ ပင်စင်လစာလေးများပေးလျှင်ကောင်းလေစွဟု ဘိုးညီတင့်တောင့်တမိပေသတည်း။

(ဘိုးညီတင့်ဆယ်တန်းရောက်တော့မုံရွာအမှတ်တစ်ကျောင်းပြောင်းရပါတယ်။ အစ်မကြီးမခင်မြင့်‌မေကိုပြန်မတွေ့တော့ပါ။ အစ်မကြီးကြေးမုံမှာရှိသေးသလား။ ရှိသေးရင်လည်း ဘိုးညီတင့်မုံရွာဖက်ရောက်ရင် ထမင်းဖိတ်ကျွေးပါဦး‌ဗျ)
ယနေ့ခေတ်လူငယ်များတိုင်းပြည်တာဝန် ဦးလည်မသုန်ရွတ်ရွတ်ချွန်ချွန်ထမ်းဆောင်နိုင်ကြပါစေ။
ဘိုးညီတင့်
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar