မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၁
တော်လှန်ရေးမဟာဗျူဟာနဲ့ နောက်တဆင့်တက်မယ့် တော်လှန်ရေးအရှိန်
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန်က သတင်းမီဒီယာနဲ့မေးမြန်းခန်းမှာ “မကြာခင် တော်လှန်ရေးနောက်အဆင့်တွေလာမယ်” လို့ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးက စစ်ကောင်စီအနေနဲ့ မြို့ပြနဲ့ လမ်းမတန်းတွေကို အနိုင်နိုင် ထိန်းသိမ်းနေရပြီး တဖက်မှာတော့ ကျေးရွာေပါင်းများစွာမှာ PDF တွေဖွဲ့စည်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ဆိုရင် ပြီးခဲ့တဲ့ ၂ ရက်က ပစ်ခတ်မှုနဲ့ မြို့ထဲလက်နက်ကြီးကျ၊ အိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခံရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့နေလူထု အများစုဟာ မြို့ကိုစွန့်ခွာတိမ်းရှောင်ဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ လူဦးရေ ၁ သောင်းလောက်ရှိတဲ့မြို့မှာ လူ၅ ထောင်ကနေ ၈ ထောင်လောက်ထိ စွန့်ခွာပြီး အိန္ဒိယနယ်စပ် ဘက်ဆီ တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်မှာ နေအိမ် ၁၉ လုံး မီးလောင်ပြာကျခဲ့ပြီး ခရစ်ယာန် ဓမ္မအမှုတော်ဆောင်တဦးကို စစ်တပ်ကပစ်သတ်ပြီး လက်စွပ်ဝတ်ဆင်ထားတဲ့ လက်သူကြွယ်ကိုပါဖြတ်ပြီး လက်စွပ်ကိုယူဆောင်သွားတဲ့ဖြစ်ရပ်က စစ်တပ်ရဲ့ ရက်စက်မှု ဥပဒေမဲ့ လုပ်ချင်ရာ လုပ်ခွင့်ရှိတဲ့ အဓိပ္ပါယ်သက်ရောက်တာကြောင့် မြို့လူထုက မြို့ကိုစွန့်ခွာကြတာလို့ ကောက်ချက်ချမိပါတယ်။
အခုထန်တလန်လို အဖြစ်အပျက်တွေက ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေတုန်းက မင်းတပ်မြို့မှာ ဖြစ်ပျက်ခဲ့တာနဲ့ အလားသဏ္ဍန်တူပါတယ်။ မြို့ခံအများစုက မြို့ကိုစွန့်ခွာတိမ်းရှောင်ကြရတဲ့အဖြစ်မျိုး မင်းတပ်မှာ ပထမဆုံးဖြစ်ပျက်ခဲ့ပြီး ကျေးရွာတွေအနေနဲ့ဆိုရင်တော့ စစ်ကိုင်းတိုင်းထဲမှာ ကနီ၊ ယင်းမာပင်၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းတို့မှာ ဖြစ်ပျက်နေဆဲလည်းဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုး မကြုံရခင်ကတည်းက ကြိုတင်မှန်းဆထားပြီး ဖြစ်လာရင် ဘယ်လိုပြင်ဆင်မှုရှိရှိ နဲ့ ခုခံကြမလဲ၊ အသေအပျောက်နည်းပြီး နိုင်ငံရေး စစ်ရေး အကျိုးအမြတ်ရအောင် ဗျူဟာအားဖြင့် နည်းပရိယာယ်အားဖြင့် ချမှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ ဒေသအလိုက် PDF တွေအနေနဲ့ မချမှတ်နိုင်ခဲ့ရင်တောင် NUG အစိုးရအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ ဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတာကို ဆက်သွယ်နှိုးဆော်ထားဖို့ လိုအပ်တယ် ထင်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ပြည်တွင်းစစ်ဖြစ်နေပြီလားလို့မေးရင် လုံးလုံးလျားလျား မဖြစ်သေးဘူးလို့ဆိုရမှာဖြစ်သော်လည်း ပြည်တွင်းစစ်မှာ ဖြစ်ပျက်တဲ့ အခြေအနေတချို့ နေရာတချို့ ဒေသတချို့မှာ ကြုံနေရတာမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ် ၅၀ ခုနှစ် ပြည်တွင်းစစ်ဖြစ်ပွားတဲ့ကာလနဲ့ မနှိုင်းယှဥ်နိုင်သေးသော်လည်း အဲဒီအချိန်ကလို အခြေအနေမျိုးကို ဒေသအချို့မှာ ရင်ဆိုင်နေရပြီး အချို့ကဦးတည်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို ရှောင်လွှဲမရဘူးလို့ဆိုခဲ့ရင် စစ်ရေးအမြင်ရှိပြီး အကျအဆုံးနည်းနည်းနဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရဖို့အတွက် စီမံမှု ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်မယ်လို့ ယူဆပါတယ်။
နို့မဟုတ်ပဲ အြဖစ်အပျက်တွေက သီးခြားအင်အားစုတွေ သီးခြားစီ ညှိနှိုင်းမှုမရှိ ပူးပေါင်းဆောင်ရွက်မှုမရှိပဲ အကောင်အထည်ဖေါ်နေတာမျိုး၊ အမြင်အမျိုးမျိုးနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တုံ့ပြန်ဆောင်ရွက်နေကြတာမျိုး၊ ချီတက်နေကြတာမျိုးဖြစ်ရင် တော်လှန်ရေးက နှောင်းနှေးတာ အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။
တော်လှန်ရေးအဆင့်တိုင်းမှာ လိုက်ပါပြီး တိုက်ခိုက်ရတဲ့ ပံ့ပိုးရတဲ့ ထောက်ခံရတဲ့ လူထုအနေနဲ့ အရင်းအနှီးက အသက်တွေ၊ နေအိမ်တွေ၊ ညှင်းဆဲသတ်ဖြတ်ခံရမှုတွေနဲ့ ရင်းရတာ မို့လို့ဖြစ်ပါတယ်။ အသက်တွေ ပိုင်ဆိုင်မှုတွေက အကြိမ်ကြိမ် အဆုံးရှုံးခံဖို့ မလွယ်ကူပါဘူး။ တော်လှန်ရေးဆိုရာမှာ လူတိုင်းရဲ့ နိုင်ငံရေး အသိ၊ စိတ်အားတက်ကြွမှု ထောက်ခံမှု၊ ဇွဲနဲ့ သတ္တိဟာ တန်းတူဖြစ်ချင်မှ ဖြစ်မှာဖြစ်ပါလိမ့်မယ်။ စိတ်ပိုင်းဖြတ်မှု အပြည့်အဝရှိတဲ့ ေထာက်ခံသူပြည်သူအနေနဲ့ တကြိမ်မက စွန့်လွှတ်ရတာကို ခံနိုင်ရည်ရှိမှာဖြစ်ပေမယ့် အဲဒီအတိုင်းအတာထိ မရှိသူတွေကိုလည်း ထည့်သွင်းစဥ်းစားပြီး အင်အားတွေ အလဟဿ လျော့နည်းဆုံးရှုံးသွားတာမျိုး မဖြစ်စေဖို့ ထည့်သွင်းစဥ်းစားဖို့ လိုအပ်မယ်လိုထင်ပါတယ်။
တော်လှန်ရေးနောက်တဆင့်အကြောင်း ပြောပြီးနောက် ဒီနေ့သတင်းတွေထဲက စိတ်ဝင်စားစရာ သတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်က CRPH နဲ့ NUG ရဲ့ လက်နက်ကိုင်လမ်းစဥ်နဲ့ပတ်သက်လို့ သဘောမတူကြောင်း ပြောတယ်ဆိုတဲ့ သတင်းတုကို တနေ့ကနေ့စွဲနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီလိုသတင်းစကားမျိုး သူတို့မသိရှိရကြောင်း ဒေါ်အောင်ဆန်းစုကြည် မပြောရကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဒီသတင်းမှား ဖြန့်ချိမှုကို အကဲဖြတ်ကြည့်ရင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုကို သိချင်တာကြောင့် ဝါဒဖြန့်နည်းပရိယာယ် တခုအနေနဲ့ ဖန်တီးတာလို့ ယူဆနိုင်ပါတယ်။ ဒီသတင်းအပေါ် ဒီလက်နက်ကိုင် လမ်းစဥ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုကို ကွဲကွဲပြားပြား ရနိုင်တာအပြင် လူထုက ဘယ်လိုတုံ့ပြန်ကြလဲဆိုတဲ့အချက်ကိုပါ လေ့လာအကဲဖြတ်ဖို့ ဒီသတင်းမှားကို ဖြန့်ချိလိုက်တာလို့ ယူဆရပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ ရန်ကုန်မြို့က လုပ်ကြံပစ်ခတ်မှု၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီက ဖမ်းပြီးပြန်လွတ်လာသူ ၅ ရက်အကြာမှာ မိမိကိုယ် သတ်သေခဲ့တဲ့သတင်း၊ မကွေးတိုင်း မြို့သစ်မြို့မှာတော့ ကျောင်းဆရာတဦး စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။
နေ့စဥ်လိုလို ပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှု၊ ပေါက်ကွဲမှု၊ တာဝါတိုင် ဖျက်ဆီးမှု ဖေါက်ခွဲမှုတွေ သတင်းတွေထဲပါရှိနေပြီး ဖမ်းဆီးမှုတွေလည်း နေ့စဥ်နဲ့အမျှ ဒါဇင်နဲ့ သို့မဟုတ် ရာနဲ့ချီရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar