Breaking News

မြန်မာပြည်အာဏာသိမ်းပြီး ၇ လ ၉ ရက်မြောက်နေ့ မြင်ကွင်း




မြန်မာပြည်အာဏာသိမ်းပြီး ၇ လ ၉ ရက်မြောက်နေ့ မြင်ကွင်း
စက်တင်ဘာ ၉ ရက်၊ ၂၀၂၁

မြို့ပေါ်က တိုက်ပွဲနဲ့ ကျေးလက်ကတိုက်ပွဲ
ခုနေ့သတင်းတွေထဲမှာတော့ မြို့ပေါ်မှာ ဗုံးနဲ့ ပစ်တဲ့သတင်း၊ စစ်ကားထဲ ဗုံးပစ်သွင်းတဲ့သတင်း၊ မုံရွာစစ်ဆေးရေးဂိတ်ကို ဗုံးနဲ့ခွဲတဲ့သတင်း၊ တွံတေးမှာ အုပ်ချုပ်ရေးမှူးတယောက်ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတွေ နဲ့ စစ်ကောင်စီက ပီဒီအက်ဖ်တွေကို အိမ်ငှားခဲ့ရင် အိမ်ခန်းပိုင်ရှင်တွေအနေနဲ့ တာဝန်ရှိမယ်ြဖစ်သလို အိမ်ခန်းကိုလည်း သိမ်းဆည်းနိုင်တဲ့အထိ လုပ်ဆောင်မယ်ဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ လူတွေအသွားအလာ ရှိေပမယ့်လို့ ဘယ်နေရာမှာ ပစ်ခတ်မှု ပေါက်ကွဲမှု ဖြစ်မလဲဆိုတဲ့ စိုးရိမ်မှုရှိနေကြပြီး နံနက်ပိုင်းနေ့လည်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ နေရာအတော်များများ မှာ ပစ်ခတ်မှု နဲ့ ေပါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

စမ်းချောင်း ဗားကရာလမ်းမှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်မှာ double cab အရွယ်အစား စစ်ကားကို လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ကားပေါ်ပါတဲ့ ဗိုလ်မှူးအဆင့်နဲ့ အခြားစစ်သားတဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရတဲ့ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေအရ သိရပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက် စမ်းချောင်းဗဟိုလမ်းတလျောက် ကားလမ်းတွေပိတ်ပြီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေထဲ တွေ့ရပါတယ်။ အလားတူပဲ တောင်ဒဂုံမြို့နယ်မှာ အမည်မသိမြို့ပေါ်ပျောက်ကျားတွေနဲ့ စစ်ကောင်စီလုံခြုံရေးတွေ ပစ်ခတ်မှုဖြစ်ပွားခဲ့သလို ၊ ဒဂုံဆိပ်ကမ်းမြို့နယ် အခြားအဖြစ်အပျက်တခုမှာ ကားစီးလာတဲ့ အမျိုးသမီးကို သေနတ်နဲ့ ပစ်လို့ ဦးခေါင်းမှာ ထိမှန်ပြီးဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့လည်းဆိုပါတယ်။ ဒီနေ့မှာပဲ မြို့ထဲ ပုဇွန်တောင်မြို့နယ်မှာလည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ရန်ကုန်မြို့တွင်း လမ်းတွေကနေ မေြာက်ဘက်ကို ဆက်သွယ်ထားတဲ့ သိမ်ဖြူလမ်း၊ ပန်းဆိုးတန်း၊ဆူးလေဘုရားလမ်း၊ ပုဇွန်တောင် စက်ဆန်းစတာတွေကို ညနေပိုင်း နာရီနဲ့ချီပိတ်ဆို့ကာ စစ်ဆေးမှုတွေ လုပ်နေခဲ့တယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့သူတွေက ရေးသားထားကြတာတွေ့ရပါတယ်။

ရန်ကုန်မြို့ပေါ်မှာ အခုလို အဖြစ်အပျက်တွေ ဖြစ်ပွားနေစဥ်မှာပဲ ယာဥ်နဲ့ လူအသွားအလာတော့ လုံးဝကျဲပါးသွားတာမျိုးတော့မရှိပါဘူး၊ အလုပ်ကိစ္စနဲ့ လူမှုရေး ကျန်းမာရေး အကြောင်းအမျိုးမျိုးနဲ့ သွားလာနေကြရသူတွေလည်း အခြေအနေကို အကဲခတ်ပြီး သွားလာလှုပ်ရှားနေကြတာမျိုး တွေ့ရပါတယ်။ NUG ရဲ့ စက်တင်ဘာ ၇ ရက်နေ့ လက်နက်နဲ့ တော်လှန်ရေး စတင်ပြီဆိုတဲ့ နှိုးဆော်ချက် နောက် ၃ ရက်အကြာမှာတွေ့ကြုံရတဲ့ ရန်ကုန်မြို့ အနေအထားဖြစ်ပါတယ်။

နိုင်ငံရေးအခြေအနေတွေ အပေါ်မူတည်ပြီး စိုးရိမ်မှုတွေက စျေးကွက်ကိုလည်း ဂယက် ရိုက်ခတ်ခဲ့ပြီး ဒေါ်လာငွေလဲနှုန်းက တရားဝင်နှုန်းတွေမှာ ၁၇၀၀ ကျပ်ဝန်းကျင်ရှိပေမယ့်လည်း အပြင်စျေးကွက်မှာ တဒေါ်လာ ကျပ် ၁၉၀၀ လောက်ထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီနှုန်းထားဟာ တကြိမ်တခါမှျမကြုံဖူးသေးတဲ့ စံချိန်တင်နှုန်းထားဖြစ်ပါတယ်။ ဒီလဲနှုန်းက ချက်ခြင်း အကျိုးသက်ရောက်တာက ရွှေစျေးနှုန်းလို၊ လောင်စာဆီစျေးနှုန်းလိုမျိုးကို မြန်ဆန်စွာ ဂယက်ရိုက်ခတ်ပြီး ဆေးဝါး၊ အခြားလူသုံးကုန်ပစ္စည်းတွေကိုလည်း တဖြည်းဖြည်းနဲ့ ရိုက်ခတ်လာမယ့် သဘောရှိပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်ကူးစက်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုကြောင့် အရှေ့တောင်အာရှမှာ ကုန်ထုတ်လုပ်မှု အကျဆင်းဆုံးနှိုင်ငံဖြစ်တယ်လို့ နိုင်ငံတကာ စာရင်းကောက်ယူတဲ့အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံက ရိက္ခာထုတ်လုပ်တဲ့ နိုင်ငံဖြစ်လို့ လက်နက်ကိုင် ပဋိပက္ခအခြေအနေထဲကျရောက်တဲ့ အာဖရိကနိုင်ငံတချို့လို အငတ်ဘေးအန္တရာယ် ရင်ဆိုင်ရစရာမရှိဘူးလို့ ခန့်မှန်းပြောဆိုမှုတွေရှိနေ ပေမယ့်လည်း၊ ဝင်ငွေမရှိခြင်း၊ စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ ကျေးလက်က တောင်သူ လယ်သမားတွေအဖို့ ယခုနှစ် စိုက်ပျိုးချိန်မှာ နေရပ်မှာ နေထိုင်နိုင်ခြင်းမရှိတာ၊ ယခင်နှစ် စိုက်ပျိုးရာသီက ထွက်ကုန်တွေ စျေးကွက်မှာ စျေးမရတာတွေကြောင့် ဆင်းရဲမှုနဲ့ အကြွေးနွံထဲ ကျဆင်းမယ့် အန္တရာယ်ကတော့ အနီးမှာရောက်ရှိနေပြီလို့ ဆိုရမှာပါ။

ရန်ကုန်က အဖြစ်အပျက်တွေ အခြေအနေတွေ အပြီး နယ်မြို့တွေမှာလည်း တာဝါတိုင် ေဖါက်ခွဲတဲ့ သတင်းတွေ ၊ လျှပ်စစ်ဓါတ်အားခွဲရုံကို ဝင်စီးပြီး စစ်တပ်ကို ဓါတ်အားဖြန့်ဝေတဲ့ လျှပ်စစ်ကြိုးတွေ ဘုတ်တွေကို ဖျက်ဆီးတဲ့ ဗီဒီယိုကလစ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရပါတယ်။ မုံရွာမြို့ရဲ့ အဝင်စစ်ဆေးရေးဂိတ်တခုကို အဝေးထိန်းနဲ့ လက်လုပ်မိုင်းဖောက်ခွဲတဲ့ ဗီဒီယိုကလစ်တခုလည်း ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့နေတာတွေ့ရပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ နှိုးဆော်သံအပြီး ရန်ကုန်မြို့လို မြို့ကြီးတွေနဲ့ နယ်မြို့တွေမှာပါ ရှိပြီးဖြစ်တဲ့ ပီဒီအက်ဖ် လက်နက်ကိုင်၊ ပျောက်ကျားတွေက စစ်ကောင်စီတပ်တွေ ရဲတွေ၊ ရဲစခန်းတွေကို တိုက်ခိုက် ဖောက်ခွဲတာတွေ အရေအတွက်မြင့်တက်လာတာ တွေ့ရပါတယ်။ တဖက်မှာလည်း ဒီလိုတိုက်ခိုက်မှု ဖောက်ခွဲမှုတွေမှာ ဆက်စပ်ဖေါ်ဆောင်မှု၊ အချိန်ကိုက် လုပ်ဆောင်မှု၊ NUG ရဲ့ မဟာဗျူဟာ နည်းဗျူဟာအားဖြင့် ချိတ်ဆက်ဖေါ်ဆောင်မှု ရှိမရှိတော့ မသေချာပါဘူး။ ပိုပြီးထိရောက်တဲ့ တိုက်ခိုက်မှု ထိရောက်တဲ့ ရလဒ်ရရှိဖို့ဆိုရင်တော့ ဒီလိုအဖွဲ့အစည်းတွေကို ဆက်သွယ်စည်းရုံးပြီး ရည်မှန်းချက် ရလဒ် လှုပ်ရှားမှု တခုထဲအောက် ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။

ဒီနေ့ စစ်ကောင်စီက သတင်းထုတ်ပြန်ချက် တခုမှာတော့ ရန်ကုန်မြို့လို မန္တလေးမြို့တို့လိုမှာ ပီဒီအက်ဖ်တွေ အိမ်ခန်း၊ အိမ်တွေ ငှားရမ်းနေထိုင်ကြတဲ့ အနေအထားကိုပိုမို ခက်ခဲအောင် အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ သူတွေကို စိစစ်ပြီးမှ မိမိအိမ်၊ အိမ်ခန်းကို ငှားကြဖို့ ၊ အဲလိုမဟုတ်ခဲ့ရင် အကြမ်းဖက်သူတွေကို အားပေးတဲ့အနေနဲ့ အိမ်ကို သိမ်းဆည်းတဲ့အထိ လုပ်ဆောင်နိုင်တယ်လို့ ခြိမ်းခြောက်လိုက်တာတွေ့ရပါတယ်။
ရန်ကုန်မြို့လိုမျိုးမှာ မြို့ပေါ်မှာ ပျောက်ကျားလုပ်ဆောင်သူတွေ၊ သပိတ်ဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်တဲ့ လူငယ်တွေက စုစည်းပြီး နေထိုင်လေ့ရှိကြတာကြောင့် အဲလိုအစုအဖွဲ့တွေကို အိမ်ခန်း၊ အိမ်မငှားရအောင် အိမ်ခန်းရှင်တွေကို ဖိအားပေး ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။

လူဦးရေ သန်းနဲ့ချီနေထိုင်ကြတဲ့ ရန်ကုန်မြို့ မန္တလေးမြို့တို့လိုမျိုးမှာ ဧည့်စာရင်းစစ်ခြင်း အခုလို အိမ်ခန်းပိုင်ရှင်တွေကို ခြိမ်းခြောက်ခြင်းနည်းလမ်းတွေနဲ့ ဆန္ဒပြသူတွေ ၊ မြေအောက် လှုပ်ရှားသူတွေကို ဖေါ်ထုတ်ဖို့ နေထိုင်ရမလွယ်ကူအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မတိုင်ခင်တရက်က ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဧည့်စာရင်းမတိုင်ကြားတဲ့ အချက်ကြောင့် လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးသွားပြီး ယနေ့နေ့ခင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar