Breaking News

စောဝေ- လွမ်းတော်မူကြဖို့ အလွမ်းတွေစီ



လွမ်းတော်မူကြဖို့ အလွမ်းတွေစီ
စောဝေ
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၁
 
‘မောင်မိုးသူ’ ဆိုတဲ့ ကလောင်နဲ့ စာတွေ မဖတ်မိတာ မရှိသလောက်ပါဘဲ။ ငယ်ငယ် ကဗျာရူး၊ စာရူးဘဝမှာ တောင်ငူ၊ ဖြူး၊ ရေတာရှည် စာပေဟောပြောပွဲတွေမှာ ဆရာ့ကို စင်အောက်က ငေးမော နားထောင်ရပေါ့။

၁၉၉၁ မိတ်ဆွေများစာကြည့်အသင်း ဖြူးမြို့ကဖွဲ့တော့ ကိုယ်၌က စတင်ဖွဲ့စည်းထူထောင်သူထဲက တစ်ဦးပေါ့။ ‘မိတ်ဆွေများ စာပေဆု’ဆိုပြီး ရန်ကုန် YMCA မှာ ပွဲလုပ်ကြဖို့ဖြစ်လာတော့ ဆရာကြီး၊ ဆရာမကြီးတွေ ပွဲလာဖို့ ဆရာဦးဝင်းငြိမ်းနဲ့ အိမ်တွေ လိုက်ဖိတ်ရင်း ဆရာ့ကို အနီးကပ် ပြောဆို ဆက်ဆံခွင့်ရတော့တာပါ။

ဂုဏ်သိက္ခာလည်းရှိ၊ ရောင်းလည်းအရောင်းရဆုံးဖြစ်တဲ့ ဘာသာပြန်စာရေးဆရာ။ ကျော်ဟိန်း လို ရုပ်ရှင်မင်းသားကို မြေတောင်မြှောက်ပေးတဲ့ ဒါရိုက်တာ။ ဇာတ်ညွှန်းရေးဆရာ။

“ဟိတ် ကောင်မ လေးကို လွှတ်လိုက်”ဆိုတဲ့ ရုပ်ရှင်မင်းသား ဇော်ခင်ရဲ့ စကားဟာ တနိုင်ငံလုံးရဲ့ လူထုကြားထဲ ရေပန်းစားပြောနေကြတဲ့ ဇာတ်ညွှန်းဒိုင်ယာလော့ခ်နဲ့ ဖမ်းစားထားနိုင်သူ ဆရာကြီးဟာ ဘာဟိတ်ဟန် မာနမှရှိမနေဘဲ နယ်မြို့လေးက လာတွေ့တဲ့ စာရူးပေရူးလေးတွေကို (ကျွန်တော်က ကဗျာ၊ ဝတ္ထုတို လေး ငါး ဆယ်ပုဒ်ခန့် မဂ္ဂဇင်းများမှာ ဖော်ပြခံခဲ့ရပြီး) ရိုးသားဖော်ရွေစွာ တန်ဖိုးထား ဆက်ဆံခဲ့တာပါ။

အဲဒီကနေ ဆရာ တပည့် ဆက်ဆံရေးဖြစ်လာ။ ဆရာတင်မိုးနဲ့ တွေ့ပေး။ အမေလူထုဒေါ်အမာရဲ့ ပွဲတွေ ခေါ်သွားတော့ ညီပုလေးနဲ့ သူငယ်ချင်းညီအစ်ကိုတမျှ ချစ်ကြ၊ ခင်ကြ။ နောက်ဆုံးအချိန်ထိ သားအဖလို ဆက်ဆံရေးမျိုး ဖြစ်လာပါတော့တယ်။

ဆရာ ထောင်ကျတော့ ဆရာ့အတွက် ကျွန်တော်က နိုင်သလောက်လေး ဝင်ထမ်း။ ကျွန်တော် ထောင်ကျတော့ ကျန်ခဲ့တဲ့ မိန်းမနဲ့ သမီးတွေကို ဆရာ့သမီးအရင်းလို မြေးအရင်းလို စောင့်ရှောက်ပေးခဲ့။

ဆရာဟာ မျိုးဆက်သစ်တွေအတွက် လှေကားလုပ်ပေးဖို့၊ လမ်းလုပ်ပေးဖို့၊ တံခါးလုပ်ပေးဖို့ လူဖြစ်လာသလို၊ အနုပညာသစ်၊ အတွေးအခေါ်အသစ်၊ နိုင်ငံရေး အမြော်အမြင်သစ်တွေနဲ့ တိုင်းပြည်အတွက် ဦးညွတ်ရအောင် နေထိုင်သွားသူပါ။

သမ္မတ ဦးထင်ကျော်ကနေ သမ္မတဦးဝင်းမြင့်ကို ပြောင်းတော့ ဆရာ့အိမ် သွားကန်တော့ရင်း “ဆရာဦးဝင်းမြင့်က ဥပဒေပညာရှင်ဘဲ၊ ခြေဉထဲကနေ ကာချုပ်ကို ဖြုတ်ချပြီး ပြောင်းလိုက်လို့ မရဘူး လား” လို့ မေးမိတော့ “သူ့ ဖြုတ်ဖို့နေနေသာသာ ဒီကောင်က အချိန်မရွေး အာဏာပြန်သိမ်းမယ့်ကောင် ကွလို့” နိုင်ငံရေးကို ရှေ့ကိုအများကြီး ကြိုမြင်ထားတာဟာလည်း ကြီးမားတဲ့ ဉာဏ်အမြော်အမြင်ပါ။ ခုတော့ ဆရာ ပြောသလို မအေလိုးက အာဏာသိမ်းပြီး တိုင်းပြည်ကို ရက်ပိုင်းနဲ့ အဝီစိဆွဲချသွားခဲ့ပါပြီ။

ဆရာ့ရဲ့ သားတပည့်ဆိုတော့ ဆရာ့လိုပါပဲ။ အာဏာရူးစစ်ခွေးတွေရဲ့ ၅၀၅/က ပုဒ်မနဲ့ မတရား ဖမ်းဖို့ လုပ်နေကြလို့ တိုင်းပြည်က ပြေးရတဲ့ ပြည်ပြေး။ ပြည်ပြေးကနေ ဒုက္ခသည်ဖြစ်ဖို့ ဒုက္ခခံပြီး သူများ တိုင်းပြည်မှာ နေရချိန်မှာမှ ဆရာက မြင့်မြတ်ရာကို ထွက်သွားခဲ့။

သေမင်းဟာ
အသက်ကြီးတာချင်း တူတာတောင်
စစ်မိစ္ဆာကြီးတွေကျ မစားဘူး
အကောင်းကြိုက်လွန်း
စာပေနဲ့ လူတွေကို အလင်းလမ်းပြသူ
နိုင်ငံရေးနဲ့ လူတွေကို အလင်းလမ်းပြသူ
ရိုးသားနှစ်သိမ့်စွာ နေထိုင်ခြင်းနဲ့
လူတွေကို အလင်းလမ်းပြသူ
ဆရာမောင်မိုးသူ…
သေမင်းက အကောင်းကြိုက်လွန်းတော့
အလွမ်းကို
ရွက်ကုန်ဖွင့်ထားကြရပြီ ဆရာ။

 

များစွာဖြင့်
ပြည်ပြေးဒုက္ခသည်
စောဝေ
၃-၉-၂၀၂၁