စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၄) လျိုယွမ်လင်ရဲ့ ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အပျော်တမ်းတပ်တော်
စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)
၁၉၅၃−၁၉၅၄ ကာလအတွင်း လီမီရဲ့တပ် ပြောင်းရွှေ့ထွက်ခွာခဲ့ရတာဟာ မလုပ်ချင်ဘဲ လုပ်ခဲ့ရတာ ဖြစ်ကြောင်း၊ အမေရိကန်နဲ့ ကုလသမဂ္ဂရဲ့ ဖိအားကြောင့် ချန်ကေရှိတ် က အမိန့်ပေးဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်။ ထိုင်ပေက အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြနိုင်ခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ တပ်အင်အား လေးငါးထောင်အတွက် ဘာမှ လုပ်မပေးတော့ဘူးဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံပါတယ်။ နိုင်ငံတကာအာရုံဟာလည်း တခြားဘက်ကို လှည့်သွားပါတော့တယ်။ စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျို က ၁၉၅၄ ဂျွန် ၃၀ ရက်မှာ အငြိမ်းစားယူပါတယ်။ အဲဒီအချိန်မှာ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ဆန့်ကျင်တဲ့ ထိုင်ပေ ထောက်လှမ်းရေးဌာနကို ချန်ကေရှိတ်က ချက်ခြင်းပဲ သူ့သား ကျန်ကျင်းကော် လက်အောက်မှာ ထားလိုက်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမှာ သူတို့တပ်တွေကို ပြန်လည်တည်ဆောက်ဖို့ ထောက်လှမ်းရေးဌာနက မီးစိမ်းပြလိုက်ပါတော့တယ်။
သူတို့ကို လိုလိုလားလား ကူညီချင်သူကတော့ လျိုယွမ်လင် ပဲ ဖြစ်ပြီးတော့ ၁၉၅၄ အောက်တိုဘာလမှာ ထိုင်း−မြန်မာ နယ်စပ်ကို ပြန်လာခဲ့တယ်။ အဲဒီမှာရှိတဲ့ တွမ့်ရှီးဝမ် က သူကို အေးတိအေးစက်နဲ့ ကြိုဆိုတယ်။ လျိုယွမ်လင် ပြန်ရောက်မလာခင်အထိ ထိုင်း−မြန်မာနယ်စပ်က တရုတ်ဖြူတွေထဲမှာ တွမ့်ရှီးဝင်က ရာထူး အကြီးဆုံးဖြစ်တယ်။ တွမ့်ရှီးဝင် က တရုတ်ဖြူယူနန်တပ်တော်က လက်ကျန်တပ်တွေကို သူ့ဌာနချုပ်ရှိတဲ့ ထိုင်းနိုင်ငံအတွင်းက နိုင်းနောင်ဆိုတဲ့ တဲအိမ်စုကလေး ကနေ လွယ်လန်း တောင်ကြော ထိုင်းနိုင်ငံဘက် အခြမ်း အနောက်တောင်ဘက် တောင်စောင်းအထိ ဖြန့်ကျက်ထားတယ်။ ဒီဇင်ဘာလထဲ လျိုယွမ်လင် က လက်အောက်ခံ တပ်မှူးတွေနဲ့ သူတို့ရဲ့ အကြီးတန်းလက်ထောက်တွေ အပါအဝင်ကို တွေ့တယ်။ ဒါပေမယ့် အပြန်အလှန် ရန်စောင်နေတဲ့ အခြေအနေကို ပါးပါးလေးဖုံးထားတဲ့ အနေအထားဖြစ်နေလို့ စည်းလုံးညီညွတ်တဲ့ အဖွဲ့အစည်း တခုဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ လျိုယွမ်လင် ဟာ သူရသင့်ရထိုက်တဲ့ ယူနန်ပြည်နယ် ကွန်မြူနစ် ဆန့်ကျင်ရေး အပျော်တမ်းတပ်တော်ရဲ့ တပ်တော်မှူး ရာထူးကို လုယူထားတယ်လို့ တွမ့်ရှီးဝင် က ယုံကြည်တယ်။ ဒါပေမယ့် သူ့နေရာလာလုထားတဲ့လူက ထိုင်ပေက ဖြည့်ပေးနေတဲ့ ငွေအိတ်ကို ကိုင်ထားသူ ဖြစ်နေတယ်။ ရန်စောင်နေတဲ့ ဆွေးနွေးပွဲမှာ လျိုယွမ်လင် က ငွေရေးကြေးရေး လက်တွေ့ အခြေအနေကို သူ့လက်အောက်တပ်မှူးတွေ သိအောင် ရှင်းပြတယ်။ လီမီတပ်တုန်းကလို လေကြောင်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့ကို ရပ်ဆိုင်းလိုက်ပေမယ့် ဘန်ကောက်မှာရှိတဲ့ တရုတ်နိုင်ငံဘဏ် ကတဆင့် ထိုင်ပေက လျိုယွမ်လင် ဆီကို ငွေတွေ ပို့ပေးနေတယ်။ ထိုင်းနိုင်ငံ ရဲချုပ် ဖောင်ဆီယာနွန်နဲ့ တွဲလုပ်နေတဲ့ သူ့တပ်ရဲ့ ဘိန်းနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေကို လျိုယွမ်လင်က စီမံခန့်ခွဲတယ်။ ဖောင်ဆီယာနွန် ဟာ တရုတ်ဖြူ ယူနန်အပျော်တမ်းတပ် အတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်ကို အဓိက ကွင်းဆက်အဖြစ် ရှိနေတုန်း ဖြစ်ပါတယ်။ ၁၉၅၅ ဇန်နဝါရီ လနှောင်းပိုင်း မြန်မာစစ်တပ်က ကျိုင်းတုံနယ် အရှေ့ပိုင်းမှာရှိတဲ့ တရုတ်ဖြူ စခန်းလေးတွေ အတော်များများကို တိုက်ခိုက်ပြီး စုစုစည်းစည်းနဲ့ မခုခံနိုင်တဲ့ တရုတ်ဖြူတွေဟာ တောင်ဘက်က ထိုင်း−မြန်မာနယ်စပ်ပေါ်ရှိ လွယ်တုံးဘက်ကို ဆုတ်လာကြရတဲ့အခါမှာတော့ လျိုယွမ်လင်ရဲ့ အာဏာ ပိုကြီးထွားလာတယ်။ မကျေမချမ်းဖြစ်နေကြတဲ့ တရုတ်ဖြူ တပ်မှူးတွေ အနေနဲ့ ဒီတိုက်ပွဲတွေကြောင့် သူတို့ဟာ လျိုယွမ်လင် လက်ထဲမှာ ကိုင်ထားတဲ့ ထိုင်ပေက ထောက်ပံ့ပေးမှုကို လိုအပ်နေပြီဆိုတာကို သဘောပေါက်လိုက်ကြတယ်။ ဒါ့ကြောင့် မကျေမနပ်နဲ့ပဲ လျိုယွမ်လင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတင်လိုက်ရတော့တယ်။
ထိုင်ပေက အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတပ်တော်ကို ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အပျော်တမ်းတပ်တော် အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းတယ်။ သက်ဆိုးမရှည်တဲ့ ကောင်းကင်ဘုံစစ်ဆင်ရေး ကာလအတွင်းမှာ လျိုယွမ်လင်နဲ့ လီဇေဖန်း တို့က ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတပ်တော်ကို တပ်တော် (၁) ကနေ (၉) အထိ အစဉ်အတိုင်းခွဲဖွဲ့လိုက်တယ်။ စုံဂဏန်း နံပါတ်နဲ့ တပ်တွေကို ၁၉၅၃ နိုဝင်ဘာ−ဒီဇင်ဘာအတွင်းက တပ်ပြောင်းရွှေ့ထွက်ခွာရေး အစီအစဉ်မှာ ဟန်ဆောင် ဆုတ်ခွာဖို့ အထူးဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒီတပ်တွေဟာ လက်နက်ကောင်းကောင်း တပ်ဆင်ထားခြင်း မရှိသလို လူလည်းမများဘူး။ ‘မ’ ဂဏန်း နံပါတ်နဲ့ တပ်တွေကတော့ ပိုကောင်းမွန်တဲ့တပ်တွေဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ ကရင်သူပုန်တွေ အဖြစ် ဟန်ဆောင်ပြီးထားခဲ့ဖို့ ဖြစ်တယ်။ တပ်တော် (၁) ကို လွီကော်ချွမ်း၊ တပ်တော် (၃) ကို ချန်ပေါ်ယင်း၊ တပ်တော် (၅) ကို လီပင်းပု (တွမ့်ရှီးဝင်က လက်ထောက်)၊ တပ်တော် (၇) ကို ဖုန်ချိန်နဲ့ တပ်တော် (၉) ကို လီကော်ဟွေး တို့က အသီးသီး ကွပ်ကဲကြတယ်။ ချန်ကေရှိတ်က ကောင်းကင်ဘုံ စစ်ဆင်ရေးကို စွန့်လွှတ်လိုက်တဲ့အခါ တပ်တော် (၁)၊ (၃) နဲ့ (၉) တို့ရဲ့ တပ်တော်မှူးတွေက သူတို့ရဲ့ တပ်သား အများစုနဲ့ ဖုန်ချိန်ရဲ့ တပ်တော် (၇) လိုမျိုး ထိုင်ဝမ်းကို ပြန်သွားကြတယ်။ ကျန်ခဲ့တဲ့ တပ်အများစုဟာ ယူနန်နယ်သားတွေ ဖြစ်ကြပေမယ့် သူတို့ရဲ့ တပ်တော်မှူးတွေကတော့ ယူနန်နယ်သားတွေ မဟုတ်ကြဘူး။ သူတို့အချင်းချင်း သက်တောင့်သက်သာဖြစ်အောင် ဆိုပြီး ကျန်ခဲ့တဲ့ ယူနန်နယ်သား တပ်တွေကို လျိုယွမ်လင်နဲ့ လီဇေဖန်း တို့က တပ်တော် (၅) အောက်မှာ အကုန်ထားလိုက်တယ်။ ပြီးတော့ လီပင်းပု နေရာဖယ်ပေးလိုက်လို့ ယူနန်နယ်သား တွမ့်ရှီးဝင် တပ်တော် (၅) ကို ကွပ်ကဲရတယ်။ တပ်တော် (၅) ဟာ အသစ်ဖွဲ့လိုက်တဲ့ ယူနန်အပျော်တမ်းတပ်မှာ အင်အားအကြီးဆုံး တပ်ဖြစ်လာတယ်။
ယူနန်အပျော်တမ်းတပ်မှာပါတဲ့ တပ်တွေကို စုစည်းညီညွတ်အောင် ပုံသွင်းရတာဟာ ဘယ်တပ်မှူးအတွက် မဆို အတော်ခက်ခဲတဲ့ အလုပ်ဖြစ်မှာပါပဲ။ အထူးသဖြင့် လက်အောက်ငယ်သားတွေ မကြိုက်ကြတဲ့ လျိုယွမ်လင် ဟာ ခေါင်းဆောင် တယောက်ပုံစံ မဖြစ်လာဘဲ ချန်ကေရှိတ်ကို ဆက်သွယ်နိုင်တဲ့ အခွင့်အရေး၊ ငွေကြေးနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ထိန်းချုပ်နိုင်ခွင့်ရှိတဲ့ ကြိုးကိုခြယ်လှယ်သူ တယောက်ပုံစံသာ ဖြစ်လာတယ်။ ၁၉၅၃−၅၄ တပ်ဆုတ်ခွာချိန်မှာ ထွက်ခွာမယ့် တပ်တွေ များနိုင်သလောက်များအောင် အမိန့်နာခံ ဆောင်ရွက်ခဲ့တာကြောင့် ယူနန်အပျော်တမ်းတပ်ထဲက တပ်မှူးတွေထဲမှာ သူနဲ့မိတ်ဆွေ ရောင်းရင်းလို ဆက်ဆံနိုင်သူ အနည်းငယ်ပဲ ရှိတယ်။ လူချစ်လူခင်များတဲ့ တွမ့်ရှီးဝင် ကတော့ စစ်မြေပြင် တိုက်ပွဲဝင် တပ်မှူးအနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးတယ်။ လျိုယွမ်လင် ကတော့ တိုက်ပွဲဝင်တပ်ကို တခါမှ မကွပ်ကဲဖူးပဲနဲ့ ဗိုလ်ချုပ်အဆင့်အထိ ရောက်လာသူသာ ဖြစ်တယ်။ ယူနန်နယ်သား အတော်များများက လျိုယွမ်လင် ဟာ အလွန်ဝေးကွာလှတဲ့ ကျို့ကျန်းနယ်သားဖြစ်တယ်လို့ သံသယ ရှိနေကြတယ်။ 1
မြန်မာနိုင်ငံရဲ့ ရန်ကြီးအောင် စစ်ဆင်ရေး
၁၉၅၄ ဩဂတ်လနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လာလည်တဲ့ ဒုတိယဗိုလ်မှူးကြီး ချတ်ချိုင်း ချွန်ဟာဝမ် ကို မြန်မာတွေက သူတို့ပြင်ဆင်နေတဲ့ ရန်ကြီးအောင် စစ်ဆင်ရေး အကြောင်းပြောပြတယ်။ မြန်မာနိုင်ငံ လွယ်လန်းဒေသမှာ ရှိနေတဲ့ တရုတ်ဖြူ လက်ကျန် စခန်းတွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ဖြစ်တယ်။
၁၉၅၅ ဇန်နဝါရီ လနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီ လအစောပိုင်းမှာ ဖောင်ဆီယာနွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေနဲ့ တွေ့ကြပြီး စီစဉ်ထားတဲ့ စစ်ဆင်ရေးအတွက် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးကြတယ်။ မြန်မာစစ်တပ် ဆက်ဆံရေးအရာရှိတွေနဲ့ တိုက်ခိုက်ရေးတပ်တွေ ထိုင်းနိုင်ငံထဲကို ကြိုတင်ခွင့်တောင်းပြီး ဝင်ရောက်နိုင်ဖို့ ထိုင်းဘက်က သဘောတူခဲ့တယ်။ တရုတ်ဖြူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ မရောက်နိုင်အောင် ဟန့်တားဖို့နဲ့ ထိုင်းနိုင်ငံဘက် ဝင်လာတဲ့ တရုတ်ဖြူတွေကို လက်နက်ဖြုတ်သိမ်းဖို့ကိုလည်း ထိုင်းဘက်က တာဝန်ယူလိုက်ပါသေးတယ်။ မတ်လ အရောက်မှာတော့ ထိုင်းစစ်ရဲ တထောင်လောက်ဟာ တရုတ်ဖြူတွေ ကျွံဝင်လာရင် လက်နက်ဖြုတ်သိမ်းဖို့ ထိုင်းနိုင်ငံဘက်ခြမ်း လွယ်လန်းတလျှောက်မှာ ပိတ်ဆို့ နေရာယူလိုက်တယ်။ ဆီးဆပ္ပလိုင်းက လေ့ကျင့်ပေးထားတဲ့ ထိုင်းဘုရင့်အစောင့်တပ်တွေ၊ အမေရိကန် အကြံပေးတွေနဲ့ အပျော်တမ်း ပြည်သူ့စစ် ၄၀၀ လောက်ဟာ ဘန်ဖန်မှာ အရန်တပ်တွေ အဖြစ် အသင့်စောင့်နေကြတယ်။ ဖောင် က နယ်စပ်ကို ပိတ်ဆို့လိုက်ကြောင်း ကြေညာလိုက်ပေမယ့် တကယ်တမ်းကတော့ အပိတ်ဆို့ခံထားရတဲ့ တရုတ်ဖြူတပ်တွေ အများစုကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးပါတယ်။
မတ်လအစောပိုင်းမှာ ဗိုလ်မှူးချုပ်ကျော်ဇော လက်အောက်က တပ်ရင်းတွေက လွယ်လန်းတောင်ကြောရဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ ရှိတဲ့ တရုတ်ဖြူစခန်းတွေကို တိုက်ပါတယ်။ လေယာဉ်နဲ့ အမြောက်ပစ်ကူတွေနဲ့ မြန်မာတပ်က ဝင်တိုက်တာဖြစ်လို့ တနေ့လုံး မိုးထဲလေထဲ တိုက်ရတဲ့ တိုက်ပွဲတပွဲထဲနဲ့ လီဝင်ဟွမ့်ရဲ့ တပ်မကို နမ့်ခုတ်ချောင်း 2 အတိုင်း တောင်ဘက်က ထိုင်းနိုင်ငံထဲ ရောက်အောင် မောင်းချနိုင်ခဲ့တယ်။ တရုတ်ဖြူတွေ ဆုတ်လာရင် သူ့ရဲတပ်ဖွဲ့က နယ်စပ်ကို ပိတ်ဆို့ပေးပါ့မယ်လို့ စောစောပိုင်းက ကတိပေးထားပေမယ့်လည်း တရုတ်ဖြူတပ်တွေ ထိုင်းနိုင်ငံအတွင်းကို သိုသိုသိပ်သိပ် ဖြတ်သန်း သွားလာ လှုပ်ရှားကြမယ်ရင် သူ့ရဲတပ်ဖွဲ့က နှောက်ယှက်မှာ မဟုတ်ဘူးလို့ ဖောင်ဆီယာနွန် က လျိုယွမ်လင် ကို အာမခံထားပါတယ်။ နိုင်းနောင်က တွမ့်ရှီးဝင်ရဲ့ တပ်မတွေကတော့ ထိုင်းပိုင်နက်ထဲမှာ တထောက်နားပြီး လီဝင်ဟွမ့်နဲ့ သွားပေါင်းပြီး မိုင်းယွန်းဘက်က ပွင့်နေတဲ့ မြန်မာတပ်ရဲ့ နံဘေးကို မတ် ၁၆−၁၇ ရက်တွေမှာ တန်ပြန် တိုက်ခိုက်ပါတယ်။ ဒါ့ကြောင့် လွယ်လန်းနဲ့ အနီးတဝိုက်ကို တရုတ်ဖြူတွေ လက်ထဲ ပြန်ထားခဲ့ရတော့တယ်။ မြေပုံ (၇) ကို ကြည့်ပါ။
ဗိုလ်မှူးချုပ်ကျော်ဇော က အင်အားထပ်ဖြည့်ပြီး ဧပရယ် ၈ ရက်မှာ ထပ်တိုက်ပါတယ်။ သုံးပတ်ကြာ တိုက်ခိုက်ပြီးနောက် သူ့တပ်တွေက နိုင်းနောင်ကို သိမ်းပိုက်နိုင်တယ်။ သူ့လူတွေ ၄၄ ယောက်ကျပြီး ၁၁၂ ယောက် ဒဏ်ရာရသွားတယ်။ ခံစစ်ဆင်ခဲ့တဲ့ တရုတ်ဖြူတွေက ထိုင်းနိုင်ငံဘက်ကို ဆုတ်ဝင်သွားကြတယ်။ နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းကနေ အရှေ့ဘက်က လွယ်တုံးတောင်အထိ သွားဖို့ ထိုင်းအာဏာပိုင်တွေက သူတို့ကိုခွင့်ပြုခဲ့တယ်။ လွယ်တုံးတောင်ဟာ တာချီလိတ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပြီး တရုတ်ဖြူတွေ ရင်းနှီးပြီးသား ဒေသ တခုဖြစ်တယ်။ လွယ်တုံးတောင်ရဲ့ အနောက်ဘက်ကြောက ဘန်လောင်းလိုမှာ လျိုယွမ်လင်နဲ့ တွမ့်ရှီးဝင် တို့က ဌာနချုပ်စခန်းအသစ် တည်ထောင်တယ်။ တာချီလိတ်ရဲ့ အနောက်တောင်ဘက် ၁၅ မိုင်လောက်ဝေးပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာပဲ ဖြစ်ပါတယ်။ မုတ်သုံမိုးကျလာပြီ ဖြစ်လို့ မြန်မာတပ်က လိုက်မတိုက်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ ရန်ကြီးအောင် စစ်ဆင်ရေးလည်း ပြီးဆုံးသွားပါတော့တယ်။
မြန်မာနိုင်ငံဘက်ခြမ်း လွယ်လန်း အနီးတဝိုက်နဲ့ ထိုင်းနိုင်ငံဘက်ကို ဝင်တဲ့ အဓိက ဘိန်းမှောင်ခို လမ်းကြောင်းကနေ တရုတ်ဖြူတွေကို မောင်းထုတ်နိုင်လိုက်တယ်လို့ မြန်မာစစ်တပ်က ဆိုပါတယ်။ ထိုင်းတွေရဲ့ အကူအညီကြောင့် လျိုယွမ်လင်ရဲ့ တပ်တွေဟာ လွယ်တုံးစခန်းသစ်မှာ နဂိုအတိုင်း ဆက်လက် ရပ်တည်နေနိုင်ပြီး အမြတ်အစွန်းများတဲ့ ဘိန်းကုန်သွယ်ရေး လမ်းကြောင်း နောက်တခုကိုတောင် ခွထားလျက်ရှိနေပါတယ်။ မိသားစုဝင်တွေ နေထိုင်ဖို့၊ ရိက္ခာနဲ့ လက်နက်ဝယ်ယူဖို့၊ ဆေးဝါးကုသဖို့နဲ့ အဓိကကတော့ ဘိန်းရောင်းဖို့အတွက် ထိုင်းအာဏာပိုင်တွေက တရုတ်ဖြူတွေကို ထိုင်းနိုင်ငံဘက်ကို ဝင်ခွင့်ပေးပါတယ်။ လွယ်လန်းဒေသ တိုက်ပွဲတွေကြောင့် လျိုယွမ်လင်ရဲ့ လက်အောက်က တပ်မှူးတွေ အနေနဲ့ လျိုယွမ်လင်ကို မကြိုက်ပေမယ့် သူတို့တတွေ ရှင်သန် ရပ်တည်ဖို့အတွက် လျိုယွမ်လင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ် ဆိုတာကို သိလာရတော့တယ်။ ဒါ့ကြောင့် တွမ့်ရှီးဝင်ကလွဲလို့ တခြားတပ်မှူးတွေကို ပူးပေါင်းဆောင်ရွက်မှု ပိုရှိလာတယ်။ ဒါပေမယ့် လျိုယွမ်လင် က သူ့တပ်မှူးတွေကို အက်ကြောင်းမရှိတဲ့ အဖွဲ့အစည်းဖြစ်အောင် ပုံမသွင်းနိုင်သေးဘူး။ လျိုယွမ်လင်ဟာ လီမီလိုမျိုး လူရိုသေ ရှင်ရိုသေ ခေါင်းဆောင်တယောက် ဖြစ်မလာခဲ့ဘူး။
လျိုယွမ်လင်နဲ့ ထိုင်ဝမ်း ထောက်လှမ်းရေးအဖွဲ့
တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ တပ်တော်မှူး တယောက်အနေနဲ့ လီမီက တပ်မတော် စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျို ဆီ တိုက်ရိုက် အစီရင်ခံရတယ်။ အစပိုင်းမှာတော့ ကူမင်တန်ပါတီနဲ့ စစ်ထောက်လှမ်းရေးဌာနရဲ့ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံး ဆက်ဆံရေးပုံစံဖြစ်အောင် လုပ်ထားတယ်။ ၁၉၅၁ ခုနှစ် ယူနန်ကို ဝင်တိုက်တာ မအောင်မြင်တဲ့နောက်ပိုင်းမှာ လီမီရဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ဟာ တစတစနဲ့ ထိုင်ပေရဲ့ ထောက်လှမ်းရေးဌာနအောက်ကို ရောက်သွားပါတော့တယ်။ ပထမတော့ ကူမင်တန်ပါတီရဲ့ အမှတ် (၂) ဌာနကြီး၊ နောက်ပိုင်းမှာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနအောက်က စစ်ထောက်လှမ်းရေး ဌာနတွေဟာ သူ့တပ်တော်အပေါ် ဩဇာတွေ ပိုပေးလာပါတော့တယ်။ ကူမင်တန်ပါတီ ဝါဒရေးရာပိုင်းက လူတွေက ယူနန်ပြည်သူတွေက လွတ်မြောက်ရေးအတွက် ပြင်ဆင်ထားခြင်းမရှိလို့ လီမီရဲ့ စစ်ဆင်ရေး ကျရှုံးရတယ်လို့ ငြင်းချက်ထုတ်ပါတယ်။ ၁၉၅၂ ဂျူလိုင်လမှာ ပါတီက လီမီကို ပါတီရဲ့ ယူနန်ပြည်နယ်ရုံး အထူးကော်မရှင်နာ မင်းကြီး အဖြစ် ခန့်ပြီး ပါတီ အမှတ်(၂) ဌာနကြီး 3 က ထောက်လှမ်းရေး အရာရှိ လီရှန်ကုန်း ကို ယူနန်ပြည်နယ်ရုံး အတွင်းရေးမှူးချုပ်အဖြစ် ခန့်တယ်။ လီရှန်ကုန်း ရဲ့ တာဝန်ကတော့ ယူနန်လူထုက အမျိုးသားရေးဝါဒီတွေ ပြန်ဝင်လာရင် ထောက်ခံကြိုဆိုအောင် ဝါဒဖြန့်ချိရေး၊ တဖက်ကလူတွေ ခွဲထွက်လာအောင် စည်းရုံးနှိုးဆွရေး၊ နှောက်ယှက်ဖျက်စီးရေးနဲ့ ပျောက်ကြားစစ် ဆင်နွှဲရေးတို့ ဖြစ်ပါတယ်။ ၁၉၅၃ ဖေဖော်ဝါရီ ၁ ရက် သူကိုယ်တိုင် မိုင်းဆတ်ကို ရောက်ပြီး သုံးပတ်ကြာမှ သူ့ဝန်ထမ်း ပထမအသုတ်က ထိုင်ဝမ်းကို ဖေဖော်ဝါရီ ၂၂ ရက်မှာ ရောက်လာတယ်။ အဲဒီလူတွေ စီးလာတဲ့ ဖုရှင်းလေကြောင်းလိုင်း ပီဘီဝိုင် လေယာဉ်နဲ့ပဲ လီမီက ထိုင်ပေကို အဲဒီနေ့မှာပဲ ပြန်သွားပြီး နောက်ထပ် ပြန်မလာရတော့ဘူး။
လီမီ ထွက်သွားတော့ လီရှန်ကုန်း က သုံးနိုင်ငံနယ်စပ်ဒေသက ကူမင်တန်ပါတီ လှုပ်ရှားမှုတွေကို အပြည့်အဝ တာဝန်ယူရတယ်။ သူတာဝန်ထမ်းဆောင်တဲ့ သက်တမ်း တခုလုံးဟာ ပြဿနာတွေချည်း ဖြစ်ပါတယ်။ ၁၉၅၃−၁၉၅၄ ကာလ ဆုတ်ခွာတုန်းက တပ်ပြောင်းရွှေ့ထွက်ခွာမိန့်ကို ဖီဆန်ဖို့ သူက တပ်တွေကို လိုက်စည်းရုံးလို့ သူနဲ့ လျိုယွမ်လင် ပြဿနာတက်ကြတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို နှောက်ယှက်မှုနဲ့ လျိုယွမ်လင်က လီရှန်ကုန်းကို စစ်ခုံရုံးတင်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ကူမင်တန်ပါတီက အရပ်သားအရာရှိဖြစ်လို့ စစ်စည်းကမ်းနဲ့ အကျုံးမဝင်တာကြောင့် စစ်ခုံရုံး တင်လို့မရခဲ့ဘူး။ လီရှန်ကုန်းလည်း လျိုယွမ်လင်ရဲ့ ဌာနချုပ်နဲ့ ဝေးရာ လုံခြုံတဲ့ ချင်းမိုင်ကို ပြောင်းလာရတယ်။ သူနောက်ပိုင်းမှာ ဆက်ခံခဲ့သူတွေ အတွက် ပုံစံချပေးခဲ့တာကလွဲလို့ လီရှန်ကုန်း ယူနန်ပြည်နယ်ရုံးရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ နောက်ပိုင်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ဘူး။ ယူနန်နဲ့ မြန်မာနိုင်ငံမှာ လှုပ်ရှားနေဆဲ အေးဂျင့်တွေ ချထားနိုင်ပါတယ်လို့ သူပြောတာကို ကူမင်တန် စုံစမ်းစစ်ဆေးရေးမှူးတွေဟာ အတည်မပြုနိုင်ခဲ့ဘူး။ လီရှန်ကုန်းရဲ့ လုပ်ခဲ့သမျှဟာ “ဘာမှ ဖြစ်မလာဘူး” လို့ပဲ ၁၉၅၅ အစောပိုင်းမှာ သုံးသပ်လိုက်ကြတော့တယ်။
၁၉၅၄ ဖေဖော်ဝါရီလအစောပိုင်း တရုတ်ဖြူ ယူနန်တပ်တော် ပြောင်းရွှေ့ထွက်ခွာရေး ဒုတိယအဆင့် မတိုင်ခင်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ချိန်ခိုင်းမင် က သုံးနိုင်ငံ နယ်စပ်ဒေသမှာ သူ့ဌာနရဲ့ အခန်းကဏ္ဍကို ကြီးထွားအောင် ပြတ်ပြတ်သားသားလုပ်ဖို့ စတင်လိုက်တယ်။ လျိုယွမ်လင်ကို ခွကျော်ပြီး တပ်တော် (၉) တပ်တော်မှူး လီကော်ဟွေးကို လီရှန်ကုန်းနဲ့ တွဲပြီး ယူနန်မှာ ထောက်လှမ်းရေး အထူးတာဝန်ပေးချက်တွေ လုပ်ဖို့ ခိုင်းတယ်။ ဒီစီမံချက်ကို လျိုယွမ်လင် သိသွားတဲ့အခါ သူ့ဆီကို စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျိုက ဒါမျိုးညွှန်ကြားချက်ပေးတာ မရှိဘူးဆိုပြီး မြေပြင်မှာ အလုပ်လုပ်မရအောင် တားဆီးပိတ်ပင်ပါတယ်။
ကျိုးကျိကျို အငြိမ်းစားယူပြီးတဲ့နောက် ချိန်ခိုင်းမင်က သူတာဝန်ယူရတဲ့ ထိုင်ပေရဲ့ အမျိုးသားလုံခြုံရေးဗျူရို အကြီးအကဲ ရာထူးကိုသုံးပြီး လျိုယွမ်လင်ရဲ့ တပ်တော်အပေါ် သူ့ဩဇာအာဏာ ဖြန့်ကျက်လာတော့တယ်။ စစ်တပ်နဲ့ အရပ်ဖက် ကူမင်တန် အမှတ် (၂) ဌာနကြီး နှစ်ခုစလုံးက လုပ်ဆောင်နေတဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေကို အမျိုးသားလုံခြုံရေးဗျူရိုက ကြီးကြပ်ရပါတယ်။ တရုတ်သမ္မတနိုင်ငံရဲ့ ထောက်လှမ်းရေးနဲ့ ပြည်မကြီးပေါ်က ပျောက်ကြား စစ်ဆင်ရေးတွေကို ပိုပြီးထိန်းချုပ်လာနိုင်တဲ့ ကျန်ကျင်းကော် ကလည်း ချိန်ခိုင်းမင်ရဲ့ လှုပ်ရှားမှုကို နောက်ကအားပေးတယ်။ လီမီလိုမျိုး ဩဇာတိက္ကမ မရှိတော့ လျိုယွမ်လင် က သူ့ဘာသာ စစ်ဆင်ရေးတွေ လွတ်လွတ်လပ်လပ် လုပ်ဆောင်ဖို့ အတားအဆီးတွေ ရှိလာတော့တယ်။
ချိန်ခိုင်းမင် ဦးစီးတဲ့ အမျိုးသားလုံခြုံရေးဗျူရိုက ပြည်မကြီးစစ်ဆင်ရေးဌာနကိုလည်း ဖျက်သိမ်းလိုက်ပြီး ပျောက်ကြား စစ်ဆင်ရေးတွေကို တစုတည်း ဖြစ်အောင် ပေါင်းစည်းလိုက်တယ်။ ပြည်မကြီး စစ်ဆင်ရေးဌာနဟာ အရင်တုန်းက ပျောက်ကြားတပ်တွေကို ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်ပေးတယ်။ အခုတော့ အဲဒီလုပ်ငန်းတွေကို ပေါင်မိကျူ လို့ခေါ်တဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းရေးဌာနဆီ လွှဲပေးလိုက်တယ်။ ဒီဌာနကနေ ပြည်မကြီးပေါ်က ပျောက်ကြားတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကို ထိန်းချုပ်ပါတယ်။ သိပ်မကြာပါဘူး ချိန်ခိုင်းမင် ဟာ လျှို့ဝှက်ချက် ထိန်းသိမ်းရေးဌာနနဲ့ ချန်ကေရှိတ်ရဲ့ သမ္မတရုံး လျှို့ဝှက်တပ်ဖွဲ့ကို ပေါင်းစည်းပြီး အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရို (နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးဗျူရိုလို့ပဲ သုံးပါမယ်၊ ဘာသာပြန်သူ) အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ယဲ့ရှန်းကျိ ကို ဦးစီးခိုင်းလိုက်တယ်။ ကာကွယ်ရေးဝန်ကြီးဌာနကနေ စစ်ထောက်လှမ်းရေးဗျူရိုအတွက် ငွေကြေးနဲ့ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေပဲ ထောက်ပံ့ပေးတယ်။ စစ်ဆင်ရေးလှုပ်ရှားမှုတွေကိုတော့ ချိန်ခိုင်းမင်ရဲ့ အမျိုးသားလုံခြုံရေးဗျူရို ကပဲ လွတ်လပ်စွာ စီမံကွပ်ကဲတယ်။ ပိုမို ခိုင်မာတောင့်တင်းတဲ့ ထောက်လှမ်းရေး လှုပ်ရှားမှုတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး ကူမင်တန်ပါတီ အမှတ် (၂) ဌာနကြီးရဲ့ သုံးနိုင်ငံ နယ်စပ်ဒေသက စစ်ဆင်ရေးတွေကို ကြီးကြပ်ဖို့ အမျိုးသား လုံခြုံရေးဗျူရိုက စစ်ထောက်လှမ်းရေးဗျူရို အကြီးအကဲ ယဲ့ရှန်းကျိကိုပဲ လွှဲပေးလိုက်တယ်။ ၁၉၅၅ ဧပရယ်လမှာ ချန်ကေရှိတ်က လျိုယွမ်လင်ကို ယဲ့ရှန်းကျိ ဦးစီးတဲ့ စစ်ထောက်လှမ်းရေးဗျူရို အောက်မှာ တရားဝင် ထားလိုက်တော့တယ်။
လျိုယွမ်လင်က တပ်ဖွဲ့စည်းခြင်း
မုတ်သုံံမိုးကြောင့် တိုက်ပွဲတွေ ရပ်နားထားချိန်ကို အသုံးချပြီး လျိုယွမ်လင် က လွယ်တုံးတောင်ပေါ်က ဘန်လောင်လို ဌာနချုပ်အသစ်မှာ သူ့ရဲ့တပ်မှူးကြီးတွေနဲ့ ဂျွန် ၁၀ ရက်ကနေ ၁၃ ရက်အထိ အစည်းအဝေးလုပ်တယ်။ စစ်ထောက်လှမ်းရေးဗျူရိုက ညွှန်ကြားလာတဲ့အတိုင်း လျိုယွမ်လင်က တပ်နာမည်ကို ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အပျော်တမ်းတပ်တော် လို့ ပြောင်းလိုက်တယ်။ အမြဲတမ်းတပ်မတော် ဖွဲ့စည်းပုံဖြစ်တဲ့ တပ်မ၊ တပ်ရင်းကြီးတွေအစား ပျောက်ကြားဖွဲ့စည်းပုံဖြစ်တဲ့ စစ်ကြောင်းတွေ၊ တပ်ဆွယ်တွေ အဖြစ်ဖွဲ့တယ်။ 4
တပ်ပြန်ဖွဲ့စည်းတဲ့နေရာမှာ သာသနာဖျက်တယောက်ကတော့ လွီကော်ချွမ်နဲ့ ညီအကိုဝမ်းကွဲတော်တဲ့ လွီဝေယင်း (လွီရန်ဟောင် လို့လည်း ခေါ်တယ်) ပဲဖြစ်တယ်။ သူက တပ်တော် (၂၆) လက်အောက်ခံ တပ်မမှူး တယောက် ဖြစ်ခဲ့ဖူးတယ်။ လွီဝေယင်း ဟာ တရုတ်အမျိုးသားတပ်မတော်ထဲက အရည်အချင်းအနည်းဆုံးနဲ့ အကျင့်အပျက်ဆုံး တပ်မှူးတွေထဲမှာ တယောက် အပါအဝင်ဖြစ်တယ်။ ဟောင်ကောင်မှာ အရပ်သားအဖြစ် နေနေတဲ့ လွီဝေယင်း ကို ၁၉၅၄ နှစ်လယ်ပိုင်းမှာ ပြန်ခေါ်ပြီး တပ်ပြောင်းရွှေ့ထွက်ခွာတဲ့ကာလ အတွင်း လျှို့ဝှက်ချက် ထိန်းသိမ်းရေးဌာနရဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ထောက်လှမ်းရေးတပ်ဖွဲ့ကို ဦးဆောင်ခိုင်းတယ်။ သူနဲ့ သူ့တပ်ဖွဲ့ကလေးဟာ အတော်လေး စိတ်ကြိုက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရခဲ့ပြီး ဘိန်းနဲ့ လက်နက်တွေ မှောင်ခိုချကြတဲ့နေရာမှာလည်း အောင်မြင်ခဲ့တယ်။ နောက်ဆုံးတော့ သူတပ်ဖွဲ့ကို ယူနန်အပျော်တမ်းတပ် ထိန်းချုပ်မှုအောက်မှာ ထားလိုက်တယ်။ လျိုယွမ်လင်က လွီဝေယင်းကို မကြိုက်ပါဘူး။ ဒါပေမယ့် ထိုင်ပေနဲ့ ပြဿနာမတက်ချင်တော့ နောက်ပေါက်လေးကို လွီကော်ချွမ်ရဲ့ ဌာနချုပ်တပ်ဖွဲ့ဟောင်းက စစ်သား ၁၅၀ ထပ်ဖြည့်ပေးလိုက်တယ်။ အဲဒီတပ်ဖွဲ့ဟာ သူတို့တပ်တော်မှူးနဲ့ တပ်သားအများစု ထွက်ခွာသွားတုန်းက ကျန်ခဲ့သူတွေ ဖြစ်တယ်။ ရည်ရွယ်ချက်ကြီးတဲ့ လွီဝေယင်း က ပျောက်ကြားစစ်ကြောင်း ဆိုတဲ့ နာမည်ကို လက်မခံဘဲ သူ့ကိုယ်သူ လူနည်းနည်းနဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်တော် (၁) ရဲ့ တပ်တော်မှူး ဆိုပြီး တဖက်သတ် ကြေညာတယ်။5
ထိုင်ပေနဲ့ ပြဿနာ မတက်ချင်တာက တကြောင်း၊ တွမ့်ရှီးဝင်ရဲ့ တပ်မတွေကို အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်တော် (၁) လက်အောက်လွှဲထည့်ပေးခြင်းအားဖြင့် သူ့ပြိုင်ဘက် တွမ့်ရှီးဝင်ကို အားနည်းသွားစေချင်တာက တကြောင်း လွီဝေယင်းရဲ့ လုပ်ရပ်ကို လျိုယွမ်လင် သည်းခံ လိုက်လျောလိုက်တယ်။ တခြား အရာရှိတွေကလည်း ပျောက်ကြားတပ်ဖွဲ့စည်းပုံအစား အမြဲတမ်းတပ်မတော် ဖွဲ့စည်းပုံအရ ပေးတဲ့ နာမည်ကိုပဲ လိုချင်ကြောင်း ပွက်ပွက်ညံအောင် တောင်းဆိုလာတာကြောင့် ၁၉၅၅ အောက်တိုဘာ ၂၇−၂၈ ရက်တွေမှာ အစည်းအဝေး တခု ဘန်လောင်လိုမှာ ထပ်လုပ်တယ်။ အဲဒီမှာ တွမ့်ရှီးဝင်ရဲ့ လူအင်အား အတော်များများကို ထပ်ဖဲ့ယူဖို့အတွက် အကွက်ဆိုက်လာတာပါပဲ။ သူ့ရဲ့ အကြီးတန်း တပ်မှူးတွေကို ချွေးသိပ်ပေးတဲ့အနေနဲ့ ယူနန်အပျော်တမ်းတပ်တော်ကို ပုံမှန်တပ်မတော်ဖွဲ့စည်းပုံအတိုင်း ပြန်လည်ဖွဲ့စည်းခွင့်ပေးဖို့ကို လျိုယွမ်လင်က စစ်ထောက်လှမ်းရေးဗျူရိုဆီ တင်ပြတယ်။ ခွင့်ပြုချက်ရတာနဲ့ တွမ့်ရှီးဝင်ရဲ့တပ်သားတွေ အတော်များများကို ဖဲ့ထုတ်လိုက်ပြီး တပ်တော် (၂) နဲ့ တပ်တော် (၃) တွေကို အသစ်ဖွဲ့စည်းလိုက်ပြီး လီပင်းပုနဲ့ လီဝင်ဟွမ့် တို့ကို ကွပ်ကဲခိုင်းလိုက်တယ်။ လီကော်ဟွေး ထိုင်ဝမ်းကို ပြန်သွားတဲ့အခါ လီပင်းပု က အင်အားနည်းနေတဲ့ တပ်တော် (၉) ကိုပါ လွှဲယူလိုက်တယ်။ တပ်တော် (၉) ကို ကောင်းကင်ဘုံ စစ်ဆင်ရေးတုန်းက ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ လျိုယွမ်လင်က အဲဒီတပ်ကို တပ်တော် (၂) အဖြစ် နာမည်ပြင်ပေးလိုက်တယ်။ အဲဒီတပ်မှာ လက်အောက်ခံ တိုက်ခိုက်ရေးတပ်အနေနဲ့ ဗိုလ်ချုပ် ဖုချင်းယွင်ရဲ့ တပ်မ တခုပဲ ရှိတယ်။ ဖုချင်းယွင် ဟာ လီကော်ဟွေးရဲ့ လက်ထောက်ဖြစ်တယ်။ လီပင်းပု က သူ့ကိုကျော်ပြီး ရာထူးတက်သွားလို့ ကျွဲမြီးတိုနေတယ်။ သိပ်မကြာပါဘူး ဖုချင်းယွင် က လီပင်းပု ကို လက်စားချေဖို့ အခွင့်အလမ်း ရလာပါတော့တယ်။ ဘန်လောင်လိုက အောက်တိုဘာလ အစည်းအဝေး အပြီး သိပ်မကြာဘူး လီပင်းပု က အလုပ်ကိစ္စနဲ့ ဘန်ကောက် ရောက်နေချိန်မှာ ဖုချင်းယွင် က လျိုယွမ်လင် ဆီက ခွင့်ပြုချက်ရအောင် ငြင်းခုံပြီးနောက် တပ်တော် (၂) ကို လွှဲယူလိုက်တော့တယ်။ ဘန်ကောက်က ပြန်လာတဲ့ လီပင်းပု ကို သူ့စစ်သားတွေက မယ်ဆိုင်မှာ တွေ့ပြီး မောင်းထုတ်လိုက်ကြတယ်။ အဲဒီနောက် တွမ့်ရှီးဝင်ရဲ့ အရှိန်အဝါကို ထိန်းထေထားနိုင်ဖို့ လျိုယွမ်လင် က ဖုချင်းယွင် ကို တပ်တော် (၂) ရဲ့ တပ်တော်မှူး အသစ်အဖြစ် ခန့်လိုက်တယ်။
တွမ့်ရှီးဝင်နဲ့ သူ့လက်အောက်က တပ်မမှူးတွေ ဆက်ဆံရေး အဆင်မပြေကြတာကို အခွင့်ကောင်းယူပြီး လျိုယွမ်လင် က ထပ် အမြတ်ထုတ်တယ်။ ၁၉၅၄ ခုနှစ်ထဲမှာ တွမ့်ရှီးဝင် ဟာ ယူနန်က သူ့နောက်လိုက်ဟောင်းတွေကို ခေါ်ယူပြီးတော့ သူ့တပ်တော် (၅) မှာ အထူးတပ်ရင်းကြီးမှူးတွေ အဖြစ်ခန့်တယ်။ တွမ့်ရှီးဝင်က လီဝင်ဟွမ့်နဲ့ လျိုရှောက်ထန် တို့ ကွပ်ကဲတဲ့ တပ်မတွေက လူတွေကို ထုတ်နုတ်လိုက်ပြီး အဲဒီ တပ်ရင်းကြီး အသစ်တွေမှာ လူအင်အားဖြည့်တယ်။ ဒါ့ကြောင့် ဘန်လောင်လိုက အောက်တိုဘာလ အစည်းအဝေးမှာ လျိုဟွမ်လင်က တပ်တော် (၃) အသစ်ဖွဲ့စည်းပြီးတော့ လီဝင်ဟွမ့်ကို တပ်တော်မှူးအဖြစ် ခန့်လိုက်တယ်။ တပ်တော် (၃) မှာ လီဝင်ဟွမ့်ရဲ့ မူလ တပ်မအပြင် လျိုရှောက်ထန်ရဲ့ တပ်မကိုပါ ထည့်သွင်းလိုက်ပြီး လျိုရှောက်ထန်ကိုလည်း လီဝင်ဟွမ့်ရဲ့ လက်အောက်မှာ ဒုတိယတပ်တော်မှူး အဖြစ် ခန့်လိုက်တယ်။ တပ်မနှစ်ခု လက်လွှတ်ရလို့ မကျေမချမ်းဖြစ်နေတဲ့ တွမ့်ရှီးဝင်ကို ချွေးသိပ်တဲ့အနေနဲ့ သူ့ကိုယ်ပိုင် တပ်တော် (၅) အပြင် လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) ပါဝင်တဲ့ အနောက်ပိုင်း စစ်ကြောင်းမှူးအဖြစ် ခန့်လိုက်တယ်။ တွမ့်ရှီးဝင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးရာ ရောက်တယ်ဆိုပေမယ့် သူနဲ့ လီဝင်ဟွမ့်က တစောင်းစေးနဲ့မျက်ချေး ဖြစ်နေတာကြောင့် လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်ပါပဲ။ ၁၉၅၅ ဇန်နဝါရီလမှာ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) ဟာ ယူနန်အပျော်တမ်းတပ်တော်မှာ အင်အား အပြောင်းအလဲ ဖြစ်နေတဲ့ တခုတည်းသော တပ်တော် ဖြစ်လာတယ်။ နောက်ထပ် ဆယ်လအကြာမှာ လျိုယွမ်လင်က တပ်တော် (၅) က စစ်သားတွေ ထပ်ထုတ်နုတ်ပြီး နောက်ထပ် တပ်တော် အသစ် သုံးခု ထပ်ဖွဲ့လိုက်တယ်။ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) ဟာ ယူနန်အပျော်တမ်းတပ်တော်မှာ အင်အားအကောင်းဆုံး ဖြစ်နေပေမယ့် လျိုယွမ်လင်မှာ တခြားတပ်တော် သုံးခုနဲ့ သူ့ပြိုင်ဘက်ရဲ့ အရှိန်အဝါကို ပြန်ထိန်းထားနိုင်ခဲ့တယ်။
တရုတ်ဖြူနဲ့ မြန်မာ ယာယီ စစ်ပြေငြိမ်းခြင်း
မလွယ်ကူလှတဲ့ အပစ်အခတ် ရပ်စဲရေးတခု မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ၁၉၅၅ ခုနှစ်အတွင်း ဖြစ်လာပါတယ်။ လျိုယွမ်လင် အနေနဲ့ တပ်တွေကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး သူ့ကွပ်ကဲမှု ခိုင်မာအောင် တည်ဆောက်ဖို့ အချိန်လိုတယ်။ မြန်မာဘက်ကတော့ ပြည်တွင်းသူပုန်တွေကို အဓိကထား တိုက်ခိုက်ဖို့ လိုအပ်နေတယ်။ တရုတ်ဖြူ ယူနန်အပျော်တမ်းတပ်ဟာ မဲခေါင်မြစ်တလျှောက်နဲ့ ထိုင်းနယ်စပ် တလျှောက်မှာ ပြန့်ကြဲနေလို့ နိုင်အောင်တိုက်ဖို့ မလွယ်လှပါဘူး။ တိုက်ရင်လည်း တရုတ်ဖြူတပ်တွေက နယ်စပ်ဖြတ်ကျော် ဆုတ်ခွာသွားပြီး မြန်မာစစ်တပ်က တခြားလူမျိုးစု သူပုန်တွေကို တိုက်ဖို့အတွက် ရွှေ့သွားတဲ့အချိန်အထိ စောင့်နေရုံပါပဲ။ ဒီလို နည်းဗျူဟာကျတဲ့ အဖြစ်မှန်ကို ရင်ဆိုင်နေရတော့ လက်တွေ့ကျကျ လုပ်ကိုင်တတ်ကြတဲ့ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေ ကာကွယ်ရေးဝန်ကြီး ဦးဗဆွေနဲ့ မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း တို့က တရုတ်ဖြူ ကျူးကျော်သူတွေနဲ့ သဘောတူညီမှု တခုရအောင် လုပ်ကြတယ်။
၁၉၅၅ နိုဝင်ဘာလ မိုးလေစဲတဲ့အခါက မြန်မာနဲ့ လျိုယွမ်လင်ရဲ့တပ်အကြား ဆွေးနွေးမှုကို စတင်ခဲ့တယ်။ ယာယီအားဖြင့် မီးမသေ ရေမနောက် နေနိုင်အောင် ပြတ်ပြတ်တောင်းတောင်း ခုနစ်လကြာအောင် ဆွေးနွေးခဲ့ရတယ်။ ဦးဗဆွေရဲ့ မေတ္တရပ်ခံချက်အရ ရန်ကုန် တရုတ်အသိုင်းအဝိုင်းက လူကြီး တယောက်ဖြစ်တဲ့ တီ ပီ အောင်နဲ့ တာချီလိတ်က ဘိန်းကုန်သည် မာထင်ချန် က မြန်မာအစိုးရဘက် ညှိနှိုင်းရေးမှူးတွေ အဖြစ်လာကြတယ်။ ရိုးရိုးအရပ်သားတွေသုံးပြီး ဆွေးနွေးကြတဲ့ အတွက်ကြောင့် အလွတ်သဘောပုံစံဖြစ်ပြီး လိုအပ်ရင် နှစ်ဖက်စလုံးက ငြင်းလို့ရတယ်။ ထိုင်ပေက ခွင့်ပြုလို့ လျိုယွမ်လင်က သူရဲ့ ဦးစီးအရာရှိချုပ် မာချွန်းကော် ကို မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ လွယ်တုံး တောင်ကြောရဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ တွေ့ဖို့လွှတ်လိုက်တယ်။ လျိုယွမ်လင် အတွက်တော့ ဆွေးနွေးပွဲကြောင့် လာမယ့် ပွင့်လင်းရာသီမှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်လာမှာကို ရှောင်လွှဲနိုင်လိမ့်မယ်။ ၁၉၅၆ ဧပရယ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာဘက်က စိုးရိမ်နေရလို့ ဒီဘက်မှာသာ အပစ်ရပ်ထားနိုင်ခဲ့ရင် ပြည်တွင်းသူပုန်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
၁၉၅၆ ဇန်နဝါရီလ တာချီလိတ်မြို့ပြင် ဆွေးနွေးပွဲအပြီးမှာ မြန်မာဘက်က ရက်ရက်ရောရော ကမ်းလှမ်းလာတဲ့ သတ်မှတ်ချက်တွေကို လျိုယွမ်လင် က ထိုင်ပေဆီ တင်ပြလိုက်တယ်။ သူ့တပ်ဖွဲ့ အနည်းငယ်လောက်က လက်နက် အရေအတွက် အသင့်အတင့်နဲ့ လူသိရှင်ကြား လက်နက်ချ အခမ်းအနား တခုမှာ ပါဝင်ပေးရမယ်။ ပြီးရင် ယူနန်အပျော်တမ်းတပ်နဲ့ မှီခိုသူတွေဟာ တာချီလိတ် အနောက်မြောက်ဘက် လာအိုနယ်စပ် မဲခေါင်မြစ် တလျှောက်မှာ အရပ်သားအသွင်နဲ့ လွတ်လွတ်လပ်လပ် အခြေချ နေထိုင်ခွင့်ရမယ်။ တရုတ်ဖြူဘက်က မှတ်တမ်းတွေအရဆိုရင် မိမိကိုယ်မိမိ ကာကွယ်ရေး အတွက် တရုတ်ဖြူတွေကို လက်နက်ကိုင်ဆောင်ခွင့်နဲ့ သူတို့ အခြေစိုက်တဲ့ဒေသအတွင်းက လူထုအကြားမှာ ကွန်မြူနစ်ဆန့်ကျင်ရေး ပညာပေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းတွေ လုပ်ဖို့ မြန်မာအစိုးရက ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ တကယ်လို့သာ လက်နက်တွေ အပ်နှံပြီး အနည်းဆုံး သုံးလကြာ အထိန်းသိမ်းခံမယ်ဆိုရင် တရုတ်ဖြူ စစ်သားတွေနဲ့ မှီခိုသူတွေကို မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံရေးခိုလှုံသူတွေ အဖြစ် နေထိုင်ခွင့်ပေးမယ်လို့ မြန်မာဘက်က ကမ်းလှမ်းတယ်။ အဲဒီနောက် မြန်မာဘက်က သတ်မှတ်ပေးတဲ့နေရာမှာ သူတို့အခြေချ နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။
တာချီလိတ် ဆွေးနွေးပွဲအရ အသေအချာ ဇာတ်တိုက်ပြင်ဆင်ထားတဲ့ တရုတ်ဖြူဘက်က “လက်နက်ချသူတွေ” မှာ ယောက်ျား ၄၆ ယောက်၊ မှီခိုသူ အနည်းငယ်၊ မီးကျိုးမောင်းပျက် လက်နက် ၂၂ လက်နဲ့ ကျည်ဆန်တချို့ ပါလာပါတယ်။ လက်နက်ချသူတွေဟာ တရုတ်ဖြူစစ်သားတွေ မဟုတ်ဘဲ အမှန်ကတော့ ယူနန်က အရပ်သား ဒုက္ခသည်တွေသာ ဖြစ်တယ်ဆိုတာကို တီ ပီ အောင်က သိလိုက်ရတယ်။ ဘိန်း၊ ရွှေနဲ့ တခြားလုပ်ငန်းတွေကရတဲ့ ကိုယ်ကျိုးစီးပွားတွေကို တရုတ်ဖြူ ခေါင်းဆောင်တွေက စွန့်လွှတ်မှာ မဟုတ်လို့ ထူးထူးခြားခြား လက်နက်ချသူတွေ စီစဉ်လာမှာ မဟုတ်ဘူးလို့ သူက ဟောကိန်းထုတ်ခဲ့ဖူးတယ်။
နောက်ထပ် ညှိနှိုင်းမှုတွေ လုပ်ကြလို့ ၁၉၅၆ ဧပရယ် ၁၃ ရက်မှာ ကျိုင်းတုံ သဘောတူညီချက်ကို ရရှိခဲ့တယ်။ တရုတ်သမ္မတနိုင်ငံဘက်က တရားဝင်မှတ်တမ်းတွေ အရဆိုရင် တရုတ်ဖြူဘက်က ညှိနှိုင်းရေးခေါင်းဆောင် ဗိုလ်မှူးကြီး လေယွိထျန် 6 က မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန်၊ ပြည်တွင်းက လူမျိုးစု သူပုန်တွေ ပူးပေါင်းဆောင်ရွက်မည် မပြုရန်နဲ့ သူတို့တပ် အခြေစိုက်ရာ ဒေသအတွင်းက ဓားပြတွေကို ကူညီနှိမ်နင်းပေးရန် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန် အနေနဲ့ တရုတ်ဖြူတွေ စားနပ်ရိက္ခာ ဝယ်ယူတာ ဒါမှမဟုတ် မဲခေါင်မြစ်တလျှောက်နဲ့ လွယ်တုံး အနီးတဝိုက်က သဘောတူထားတဲ့ အခြေချနယ်မြေထဲမှာ လှုပ်ရှားသွားလာကို မနှောက်ယှက်ဖို့ကို မြန်မာဘက်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။ တရုတ်သမ္မတနိုင်ငံဘက်က စာရွက်စာတမ်းတွေအရကတော့ နောက်ပိုင်းမှာ ဒီသဘောတူညီချက်တွေကို ရန်ကုန်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာအရာရှိတွေက တရုတ်ဖြူ အရာရှိတွေကို ပြောပြတယ်လို့ ဆိုပါတယ်။
ဆွေနွေးညှိနှိုင်းမှုတွေ အမှန်တကယ်လုပ်ခဲ့တာကို သံသယရှိစရာ မလိုပေမယ့် ဘာတွေ အမှန်တကယ် သဘောတူညီခဲ့ကြသလဲ ဆိုတာကတော့ မသဲကွဲပါဘူး။ မေလအတွင်းမှာ တီ ပီ အောင် က အပစ်ရပ်ဖို့အတွက် သူကြိုးစားခဲ့တာ မအောင်မြင်ဘူးလို့ အမေရိကန် သံတမန်တွေကို ပြောပါတယ်။ အိမ်နီးချင်း တရုတ်နီအစိုးရ မျက်နှာကိုကြည့်ပြီး မြန်မာအစိုးရက တရုတ်ဖြူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ကြိုးစားတာကို ဝန်မခံချင်လို့ တီ ပီ အောင် က အပြည့်အစုံ ပြောမပြချင်တာလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူတို့ လေယွိထျန် နဲ့ တခြား တရုတ်ဖြူ အရာရှိဟောင်းတွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ နှစ်ဖက်စလုံးက ၁၉၅၀ တာချီလိတ် တိုက်ပွဲကာလအတွင်း သဘောတူညီချက်နဲ့ ခပ်ဆင်ဆင်တူတဲ့ သဘောတူညီချက်မျိုး ရခဲ့တယ်လို့ ဆိုပါတယ်− တရုတ်ဖြူဘက်က အများမမြင်သာအောင် ပုန်းကွယ်နေပြီး ပြဿနာ မရှာဘူးဆိုရင် တဖက်နဲ့တဖက် မထိခိုက်အောင် ရှောင်ရှားကြရန် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ လေယွိထျန်ရဲ့ အဆိုအရတော့ ဒီသဘောတူညီချက်နဲ့ မြန်မာစစ်တပ်နဲ့ ယူနန်အပျော်တမ်းတပ်တော် အကြား လေးနှစ်ကြာ ငြိမ်းချမ်းရေး ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ထိုင်ပေရဲ့စစ်တပ်နဲ့ အခုလို သဘောတူညီမှု ရခဲ့တယ်ဆိုတာကို ဝန်ခံလိုခြင်း မရှိပေမယ့် တရုတ်ဖြူဘက်ကတော့ သူတို့ရဲ့ တည်ရှိမှုနဲ့ တရားဝင်မှုကို အများသိအောင် ကြွေးကြော်ချင်ကြတယ်။ ရည်ရွယ်ချက်တွေ ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် တရားဝင် သဘောတူညီမှုရအောင် လုပ်ဖို့ခက်ခဲနေတယ်။ နားလည်မှုတွေ ရထားတယ် ဆိုပေမယ့်လည်း သိပ်ပြီး ရေရာသေချာမှု မရှိတာကြောင့် ကိုယ်လိုချင်သလို အဓိပ္ပာယ်ဖွင့်ဆိုနေကြပါတော့တယ်။
၁၉၅၀ ပြည့်လွန်နှစ်နှောင်းပိုင်းက ထိုင်း−မြန်မာ နယ်စပ်က လူမှုဆက်ဆံရေးတွေဟာ တရုတ်ဖြူ၊ မြန်မာနဲ့ ထိုင်း အရာရှိတွေ ဘယ်လို အေးအေး ယှဉ်တွဲနေထိုင်ကြနိုင်သလဲ၊ ဘယ်လိုလုပ်ငန်းတွေ တွဲလုပ်နေကြသလဲဆိုတဲ့ အခြေအနေတွေကို ထင်ဟပ်နိုင်ပါတယ်။ အဲဒီခေတ် ချင်းမိုင်က အမေရိကန် ကောင်စစ်ဝန် ဝီလီယမ် ဘီ ဟတ်ဆေ နောက်ပိုင်းမှာ ပြန်ပြောပြတာ ရှိပါတယ်။ မယ်ဆိုင်က ထိုင်းအကောက်ခွန်ဌာန အကြီးအကဲက တင်းနစ်ကွင်း တခုဆောက်ပြီး ကွင်းဖွင့်ပွဲ အထိမ်းအမှတ်နဲ့ တင်းနစ်ပြိုင်ပွဲလေး တခု ကျင်းပတယ်တဲ့။ ဟတ်ဆေ က တင်းနစ်ကို စွဲစွဲမြဲမြဲ ကစားတဲ့သူ တယောက်ဖြစ်တော့ အဲဒီမှာ သွားကစားရင်း တာချီလိတ်ကလာတဲ့ မြန်မာစစ်တပ်က တပ်မှူးနဲ့အတူ အဲဒီဒေသက တရုတ်ဖြူ အကြီးတန်း အရာရှိ တယောက်ကို တွေ့လိုက်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်စလုံးက ထိုင်းအကောက်ခွန် အရာရှိကြီးရဲ့ မိတ်ဆွေတွေဖြစ်ကြတယ်။ ထိုင်းအကောက်ခွန် အရာရှိကြီးဟာ တရုတ်ဖြူ မှောင်ခိုသမားတွေနဲ့ အတူ အလုပ်တွဲလုပ်နေသူ ဖြစ်တယ်။ တင်းနစ်ပြိုင်ပွဲအပြီးမှာ စားပွဲသောက်ပွဲနဲ့ တည်ခင်းဧည့်ခံပြီး ဟတ်ဆေ ယူလာတဲ့ တင်းနစ်အကြောင်း ရုပ်ရှင်ကို ကြည့်ကြပါသတဲ့။
တန့်အော ဌာနချုပ်
မြန်မာတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတုန်း ၁၉၅၆ ဇန်နဝါရီလမှာ လျိုယွမ်လင်က သူ့တပ်ဖွဲ့ကို လွယ်တုံးကနေ အရှေ့ဘက် မဲခေါင်မြစ်ကမ်းမှာရှိတဲ့ တန့်အော ဆိုတဲ့ မြန်မာဘက်က ရွာကလေးနားကို ရွှေ့လိုက်ပါတယ်။ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) ကတော့ လွယ်တုံးမှာပဲ ဆက်နေခဲ့တယ်။ ယူနန်အပျော်တမ်းတပ်တော်ရဲ့ တပ်ဖွဲ့အများစုကတော့ လာအိုနိုင်ငံ ချင်းကုတ် မျက်နှာခြင်းဆိုင် မြန်မာနိုင်ငံဘက်ခြမ်းကနေ နမ့်ဟုတ်ချောင်း မဲခေါင်မြစ်ထဲ စီးဝင်တဲ့နေရာအထိ မိုင် ၅၀ လောက်ကျယ်တဲ့ ဒေသမှာ ဖြန့်ကျက်ပြီး နေကြတယ်။ စခန်းငယ်လေးတွေကတော့ မြစ်ရဲ့ လာအိုနိုင်ငံဘက်ခြမ်းမှ ရှိတယ်။ “ရွှေတြိဂံ” လို့ လူသိများတဲ့ နမ့်ဟုတ်ချောင်းနဲ့ မဲခေါင်မြစ်ဆုံတဲ့နေရာကနေ မဲခေါင်မြစ်အတိုင်း မြောက်ဘက်ကို ၁၅ မိုင်လောက် ဆန်တက်လာခဲ့ရင် တန့်အော ကို ရောက်ပါတယ်။ အနားက လေ့ကျင့်စခန်းမှာ စစ်သား ၁,၅၀၀ လောက် ရှိတယ်။ ဒေသခံကို စုဆောင်းထားတာတွေ ကိုယ့်သဘောနဲ့ကိုယ် တပ်ထဲဝင်လာတဲ့ ဒုက္ခသည်တွေနဲ့ ပင်လယ်ရပ်ခြား တရုတ်လူမျိုးတွေလည်း ရှိတယ်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးတွေထဲမှာ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ စည်းရုံးလာတဲ့သူတွေ ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ အိမ်နီးချင်း မလေးယားက ကွန်မြူနစ်ပျောက်ကြားတွေက တရုတ်လူမျိုးတွေကို အခွန်ကောက်တာ၊ စစ်သားစုဆောင်းတာ မကြာခဏလုပ်လေ့ ရှိကြတယ်။
မြေပုံ (၈) မှာ ပြထားတဲ့အတိုင်း၊ တန့်အော ဟာ ၁၉၅၀ ခုနှစ် အစောပိုင်းတုန်းက လီကော်ဟွေး စခန်းချခဲ့တဲ့ မိုင်းဖုန်းရဲ့ မြောက်ဘက် မိုင် ၂၀ လောက်မှာ ရှိပါတယ်။ ခြောက်နှစ်လောက်ကြာပြီးတဲ့နောက်လည်း ဒီဒေသမှာ မြန်မာစစ်တပ်က အပြင်းအထန် တိုက်ခိုက်လာခဲ့ရင် မြစ်ကို ဖြတ်ကူးပြီး အလွယ်တကူ တိမ်းရှောင်နိုင်တဲ့ လမ်းကြောင်းရှိတဲ့ အားသာချက် ရှိနေဆဲပါပဲ။ မြစ်ကိုဖြတ်ကူးလိုက်ရင် အမှတ် (၁) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်း ရတ်ထီခွန်းရဲ့ နယ်မြေပဲ ဖြစ်ပါတယ်။ တရုတ်ဖြူ ယူနန် အပျော်တမ်းတပ်တော် မဲခေါင်မြစ်ကမ်းမှာ ကွန်မြူနစ် ဆန့်ကျင်ရေး ကြားခံအဖြစ် ရှိနေတာကို အုန်း ရတ်ထီခွန်း က ကြိုဆိုပါတယ်။ သူ့ရဲ့ လာအို အမျိုးသားတပ်မတော်က တရုတ်ဖြူ စစ်သားတွေနဲ့ မှီခိုသူတွေ မဲခေါင်မြစ်ကမ်း လာအိုဘက်ခြမ်းမှာ နေထိုင်နိုင်အောင်လည်း ကူညီပါတယ်။ စီးပွားရေးကိစ္စကိုလည်း မလစ်ဟင်းစေရဘဲ တရုတ်ဖြူတွေရဲ့ ဘိန်းကို ဝယ်ယူတဲ့ ဖောက်သည်ကောင်း တယောက်ဖြစ်ပါတယ်။ လျိုယွမ်လင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘိန်းကို သန့်စင်ပြီးတော့ ပိုပြီး အမြတ်ပိုရနိုင်တဲ့ မော်ဖင်းကို ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ပုံနှိပ်စက်တွေ တပ်ဆင်ပြီး မြန်မာငွေစက္ကူ အတုတွေ ရိုက်နှိပ်ထုတ်ဝေဖို့ စတင်ပါတယ်။
လျိုယွမ်လင်ရဲ့ စခန်းတွေဆီကို ထိုင်းနိုင်ငံဘက်က လာမယ်ဆိုရင် မယ်ဆိုင်ကနေ နမ့်ဟုတ်ချောင်း ထိုင်းနိုင်ငံဘက်ကမ်း အတိုင်း ဆယ်မိုင်လောက်ဝေးတဲ့ လှည်းလမ်းနဲ့ အရင်သွားရပါတယ်။ နမ့်ဟုတ် ချောင်းဝမှာတော့ ပျင်းတိပျင်းတွဲနဲ့ စောင့်နေတဲ့ ထိုင်းရဲတွေရှိတယ်။ ၂၅ ပေရှည်တဲ့ ကူးတို့နဲ့ လှေငယ်လေးတွေက ယာဉ်တွေ လူတွေကို သယ်ပြီး ချောင်းကိုကူးနေကြတယ်။ မြန်မာဘက်ကမ်းမှာတော့ တရုတ်ဖြူစစ်သားတွေစောင့်တဲ့ စစ်ဆေးရေးဂိတ် တခုရှိတယ်။ အဲဒီကနေ ငါးမိုင်လောက်ဝေးတဲ့ မိုင်းဖုန်းကို သွားခွင့်ရှိတဲ့ ခရီးသွားခွင့်လက်မှတ်တွေ ထုတ်ပေးနေတယ်။ တရုတ်သမ္မတနိုင်ငံ အလံကိုလည်း လွှင့်ထူထားတယ်။
တရုတ်ဖြူတွေ သိမ်းပိုက်ထားတဲ့ မိုင်းဖုန်းဟာ ဘိန်းနဲ့ မော်ဖင်းတွေ အရောင်းအဝယ်လုပ်တဲ့ ဗဟိုဌာန တခု ဖြစ်လာတယ်။ တရုတ်နဲ့ ထိုင်း ကုန်သည်တွေဟာ မူးယစ်ဆေးဝါးတွေကို လှေနဲ့ မဲခေါင်မြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ကျိုင်းသေည် (ချင်းဆဲန်) ဆီ သယ်သွားကြတယ်။ အဲဒီကနေ ဘန်ကောက်၊ ဟောင်ကောက် ဒါမှမဟုတ် စင်္ကာပူအထိ ဆက်ပို့ကြတယ်။
မူးယစ်ဆေးဝါးအပြင် ထိုင်းကုန်သည်တွေက တရုတ်ဖြူတွေ တရားမဝင်ခုတ်လှဲထားတဲ့ ကျွန်းသစ်တွေကိုပါ ဝယ်ပါတယ်။ ကျွန်းတွေကို ဖောင်ဖွဲ့ပြီး လာအိုဘက်ကမ်း ဘန်ကွမ် မှာ ရှိတဲ့ ထိုင်းလူမျိုးတွေ ပိုင်တဲ့ သစ်စက်ကို ရောက်အောင် မဲခေါင်မြစ်အတိုင်းမျှောချလိုက်တယ်။
၁၉၅၈ အစောပိုင်းရောက်မှာသာ တရုတ်သမ္မတနိုင်ငံက လေကြောင်းကနေ လျိုယွမ်လင် ကို ပြန်လည်ထောက်ပံ့ပေးနိုင်ခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ပုဂ္ဂလိက စီစဉ်တဲ့ လေယာဉ်တွေက သူ့တပ်တော်ရဲ့ မူးယစ်ဆေးဝါး လုပ်ငန်းမှာ အရေးပါခဲ့တယ်။ ပြင်သစ်နဲ့ ထိုင်း မှောင်ခိုသမားတွေဟာ အပေါ့စား လေယာဉ်လေးတွေနဲ့ မြေသားပြေးလမ်းတွေပေါ် ဆင်းပြီး မူးယစ်ဆေးဝါးတွေ သယ်ထုတ်သွားတယ်။ ရွှေ၊ လက်နက်တွေနဲ့ ငွေချေတယ်။ ဒီလို အတက်အဆင်းလုပ်ရာတာဟ အရမ်းအန္တရာယ်ကြီးပါတယ်။ နမူနာ အနေနဲ့ ၁၉၅၅ မေလမှာ ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်လေး တစင်းဟာ လာအိုနိုင်ငံဘက်က မရှိသုံး မြေသား ပြေးလမ်းကလေး ကနေ ပျံအတက်မှာ ပျက်ကျခဲ့ဖူးတယ်။ ထိုင်းလူမျိုး လေယာဉ်မှူးက အဖမ်းမခံဘဲ ခုခံလို့ဆိုပြီး လာအိုဘက်က ပစ်သတ်ခဲ့တယ်။ တခြား ပါဝင်ပတ်သက်သူ ရှစ်ယောက်ကို ထောင်ချလိုက်ပြီး အမေရိကန် ဒေါ်လာ ၁၅၀,၀၀၀ လောက်တန်တဲ့ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းလိုက်တယ်။ ၂၀၁၀ ခုနှစ် ဈေးနှုန်းနဲ့ဆိုရင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်း တန်ပါလိမ့်မယ်။
တရုတ်ဖြူတွေကို ရိုက်ခတ်တဲ့ ဘန်ကောက်က အပြောင်းအလဲတွေ
ဝီလီယမ် ဒိုနိုဗန် ဘန်ကောက်မှာ သံအမတ်ကြီးအဖြစ် အမှုထမ်းတဲ့ သက်တမ်းအတွင်းမှာ အမေရိကန်တွေက ဖောင်ဆီယာနွန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လက်နက်ကောင်းကောင်း တပ်ဆင်ထားတဲ့ သူ့ရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့တယ်။ ဒိုနိုဗန် နောက်က ဆက်ခံတဲ့ သံအမတ်ကြီး ဂျွန် အီး ပယ်ရီဖွိုင်း က ဘန်ကောက်ကို ၁၉၅၄ စက်တင်ဘာလမှာ ရောက်လာတယ်။ ဂွာတီမာလာ အစိုးရကို ဖြုတ်ချဖို့အတွက် လောလောလတ်လတ် စီစဉ်ဆောင်ရွက်ခဲ့ပြီးမှ ဘန်ကောက်ကို ရောက်လာတာပါ။ ပယ်ရီဖွိုင်း ကိုယ်တိုင် သူ့အကြောင်း ဖွင့်မပြောပေမယ့် သူဘယ်မှာ တာဝန်ထမ်းဆောင်ပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ သိလိုက်ရတဲ့ အခါ အမေရိကန်ရဲ့ ထောက်ခံအားပေးမှုနဲ့ ဖောင်ဆီယာနွန်က အာဏာများ ထသိမ်းမလားဆိုပြီး ဝန်ကြီးချုပ် ဖိဘွန် တယောက် မျက်ခုံးလှုပ်နေပါတော့တယ်။ ပယ်ရီဖွိုင်း မော်တော်ကား မတော်တဆမှု ဖြစ်ပြီး မကွယ်လွန်ခင် ၁၉၅၅ ဂျွန်နဲ့ ဂျူလိုင်လအတွင်းမှာ ဖောင်ဆီယာနွန် က သူအာဏာသိမ်းရင် အမေရိကန်က ထောက်ခံပေးဖို့ တကယ်ပဲ ကြိုးစားခဲ့ပါတယ်။ ဝါရှင်တန်က လူတချို့က ဖိဘွန်ကို ဖြုတ်ချလိုကြတယ်။ ဒါပေမယ့် ဒီလို အာဏာသိမ်းမှု ဖြစ်မလာအောင် ပယ်ရီဖွိုင်းက တားဆီးခဲ့တယ်။ ဖိဘွန် မျက်စိမှာ ဖောင်ဟာ တန်ခိုးအလွန်ထွားနေပုံပေါက်နေပါပြီ။ ၁၉၅၇ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ သူ့ကို ထိန်းချုပ်ဖို့ လိုအပ်နေပါပြီ။
ဖိဘွန်းကို လူကြိုက်များပေမယ့် ဖောင်ကိုတော့ လူတွေ မကြိုက်ကြပါဘူး။ ဖိဘွန်း က သူ့နိုင်ငံရေး ဆွဲဆောင်မှုကို ပိုမိုကျယ်ပြန့်အောင် ၁၉၅၅ ခုနှစ်ထဲမှာ စတင်ခဲ့ပါတယ်။ လက်ဝဲဝါဒီတွေ၊ အလယ်အလတ်ဝါဒီတွေနဲ့ သူတွဲပြီးလှုပ်ရှားပြတာကို လူကြိုက်များပါတယ်။ ပြီးတော့ ပေကျင်းကို ခက်ထန်ပြနေတာတွေကိုလည်း လျှော့ချလိုက်ပါတယ်။ ကိုရီးယားစစ်ပွဲတုန်းက လက်ကျန် အယူအဆတွေဟာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသုံးမဝင်တော့ပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်တယ်ဆိုတာကို ဖောင်လည်း မြင်မိပါတယ်။ ဒါကြောင့် ပေကျင်းအလှမ်းဝေးနေတာကို သူတို့နှစ်ယောက်သား အပြိုင်အဆိုင် ပြင်ဆင်လာကြပါတော့တယ်။ ပေကျင်းနဲ့ ဆက်ဆံရေး တိုးမြှင့်လိုက်ပြီးနောက် ဖိဘွန်းက သူ့ပြိုင်ဘက် ရဲချုပ်ကြီးရဲ့ လက်ရုံးတွေကို ဖြုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် လျိုယွမ်လင် အားထားနေရတဲ့ ဖောင်ဆီယာနွန် ကလည်း စီးပွားရေး လုပ်ဖော်ကိုင်ဖက် တရုတ်ဖြူတွေနဲ့ ဆက်ဆံရေးကို သတိထားလုပ်ကိုင်ရလာတာကြောင့် လျိုယွမ်လင်ရဲ့ အနေအထားကို ထိခိုက်လာပါတော့တယ်။
၁၉၅၆ အောက်တိုဘာလမှာ “တရုတ်အမျိုးသားဝါဒီ တပ်ဖွဲ့တွေ” နဲ့ ထိစပ်နေတဲ့ နယ်စပ်တွေကို ပိတ်ဆို့ဖို့ ဖိဘွန်းက စစ်တပ်၊ ရဲ နဲ့ အရပ်ဖက် အရာရှိတွေကို အမိန့်ပေးပါတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာဖို့ ထိုင်ပေက အမိန့်ပေးတာကို တရုတ်ဖြူတွေက မလိုက်နာတဲ့အပြင် တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်။ မြန်မာစစ်တပ်ကို မတိုက်ခိုက်သင့်ပဲ တိုက်ခိုက်တုန်းက ထိုင်းကျေးလက်က လူထုကို နှိပ်စက်သေးတယ်လို့ ဖိဘွန်း က ဆိုပါတယ်။ 7 တရုတ်ဖြူတွေရဲ့ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက နှိမ်နင်းရာမှာ ကူညီကြဖို့ ဖိဘွန်းက ထိုင်းဘုရင့်အစိုးရ ဌာနဆိုင်ရာအားလုံးကို ညွှန်ကြားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာက အမိန့်ကတခြား လိုက်နာဆောင်ရွက်တာက တခြား ဖြစ်ပါတယ်။ အမိန့်သစ်တွေနဲ့ ပတ်သက်ပြီး ဖိဘွန်းနဲ့ ဖောင် နှစ်ယောက်စလုံး ကိုယ်တိုင် ချင်းဟိုင်းခရိုင် အရာရှိတွေကို အသေးစိတ် ရှင်းလင်းညွှန်ကြားပြီး ဖြစ်ပါတယ်။ ထိုင်းအရာရှိ တယောက်ရဲ့ အဆိုအရ ဆိုရင် ဖိဘွန်းကတော့ သူပြောတဲ့အတိုင်း လုပ်မယ့်ပုံပါပဲ။ ဒါပေမယ့် “ဖောင်ဆီယာနွန်ကတော့ ပါးစပ်ကပြောတာနဲ့ သူ့စိတ်ထဲရှိတာ တခြားစီဖြစ်တယ်” လို့ ဆိုပါတယ်။ တရုတ်ဖြူနဲ့ ထိုင်းအရာရှိတွေအကြား နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အလုပ်တွေကတော့ ဆက်ဖြစ်မြဲ ဆက်ဖြစ်နေပါတော့တယ်။
နောက်ဆုံးတော့ ၁၉၅၇ စက်တင်ဘာ ၁၆ ရက်မှာ ကြည်းတပ်ဦးစီးချုပ် ဆရစ် ထာနရတ် က အာဏာသိမ်းပြီး နှစ်ယောက်စလုံးဖြုတ်ပစ်လိုက်လို့ ဖိဘွန်း−ဖောင် နှစ်ယောက်သား ပြိုင်ဆိုင်နေကြတာလည်း ရပ်သွားတော့တယ်။ ကြည်းတပ်က ဘန်ကောက်မြို့ရဲ့ အချက်အခြာနေရာတွေကို သိမ်းလိုက်တယ်။ လူမုန်းများတဲ့ ဖောင်ဆီယာနွန်နဲ့ ဆက်နွှယ်နေတဲ့ ဆီးဆပ္ပလိုင်းရုံးခန်းတွေ ဖွင့်ထားတဲ့ ဂရန်းဟိုတယ်ကို လူတွေက ဒေါသတကြီး ဝင်စီးနေကြတဲ့ နေရာကို ကြည်းတပ်ကလည်း ဝင်ပါတယ်။ ကြည်းတပ်က တင့်ကားတစီးဟာ လူအုပ်ကြီးကို ဦးဆောင်ပြီး ဟိုတယ်အဝင်ဝကို ရောက်လာတော့ ဆီးဆပ္ပလိုင်း ဝန်ထမ်းတယောက်က ဂိတ်ဝမှာ ပိတ်ဆို့အချိန်ဆွဲထားနေတဲ့အခါ သူ့လူတွေက ခေါင်မိုးပေါ်မှာ စာရွက်စာတမ်းတွေကို မီးရှို့နေတယ်။ အမေရိကန် အရာရှိတယောက်က သူတို့ကို ရင်ဆိုင်ပြီး လမ်းမဖယ်ပေးတာကြောင့် ထိုင်းစစ်သားတွေနဲ့ အရပ်သား လူအုပ်ကြီးကလည်း နောက်ပြန်လှည့်သွားကြတယ်။ ဖိဘွန်းကို အတင်းအကျပ် ဂျပန်ကို ထွက်သွားခိုင်းတယ်။ ဖောင်က လက်နက်ချတော့ သူ့ကိုလည်း ဆွစ်ဇာလန် သွားဖို့ ခွင့်ပြုလိုက်တယ်။ ဆရစ်က ရဲတပ်ဖွဲ့ပိုင် လက်နက်ကြီးတွေ ဖြုတ်သိမ်းလိုက်ပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ထိုင်းဘုရင့်ကြည်းတပ် ထိန်းချုပ်မှုအောက်မှာ ထားလိုက်တာကြောင့် ဆီးဆပ္ပလိုင်းကော်ပိုရေးရှင်းကိုလည်း ပိတ်လိုက်ရတယ်။ ဆရစ်က အာဏာအထွတ်အထိပ် ရောက်လာတာဟာ လျိုယွမ်လင် အတွက် မကောင်းတဲ့ နိမိတ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးတော်ဆောင်ကြီး ဖောင်ဆီယာနွန် အရာကျသွားတာဟာ တရုတ်ဖြူတွေ အတွက် ထိုင်းနိုင်ငံဘက်ကနေ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ဖို့ မသေချာတော့ပါဘူး။
- တရုတ်သမ္မတနိုင်ငံ လွှတ်တော်မှာ အမတ်ဖြစ်ဖူးတဲ့ သူ့အဖေ၊ အဲဒီအချိန်မှာ အမတ်ဖြစ်နေဆဲဖြစ်တဲ့ သူ့ဦးလေးနဲ့ ဟောင်ကောင်မှာ ပြန်ဆုံကြတယ်။
- နမ့်ခုတ်ချောင်းဟာ နမ့်ဟုတ်ချောင်းရဲ့ မြစ်လက်တက် ဖြစ်ပါတယ်။ နမ့်ဟုတ်ချောင်းကတော့ မဲခေါင်မြစ်ထဲ စီးဝင်သွားပါတယ်။
- ကူမင်တန်ပါတီမှာ ဌာနကြီး လေးခုရှိတယ်။ စစ်တပ်ပုံစံအတိုင်း ဖွဲ့စည်းထားတယ်။ ဝန်ထမ်းရေးရာနဲ့ တာဝန်ပေးခြင်း (အမှတ် ၁ ဌာနကြီး)၊ ထောက်လှမ်းရေး (အမှတ် ၂ ဌာနကြီး)။ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေး (အမှတ် ၃ ဌာနကြီး) နဲ့ ထောက်ပံ့ရေးနဲ့ စီမံအုပ်ချုပ်ရေး (အမှတ် ၄ ဌာနကြီး) ဆိုပြီး တာဝန်တွေခွဲထားတယ်။
- တပ်ကို စပြီးကွပ်ကဲခါစ လပိုင်းတုန်းက လျိုယွမ်လင် မှာ ဖုန်ချိန်၊ တွမ့်ရှီးဝင်၊ ဝမ်ရှောက်ချိုင့်၊ ထောင်ချိန်ယွမ် နဲ့ ရှချောင်း အစရှိတဲ့ ဒုတိယတပ်တော်မှူး ငါးယောက်ရှိတယ်။
- နောက်ပိုင်းမှာ လွီဝေယင်း က ခွဲထွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက် ပြောင်းသွားပါတယ်။
- ၁၉၈၀ ခုနှစ် ဘန်ကောက်က ဆေးရုံတရုံမှာ တွမ့်ရှီးဝင် နှလုံးရပ်ပြီး ကွယ်လွန်တော့ လေယွိထျန်က တပ်တော် (၅) ရဲ့ တပ်တော်မှူးအဖြစ် ဆက်ခံခဲ့တယ်။
- ဩဂတ်လမှာ ထိုင်းရဲတွေက ချင်းမိုင်မှာရှိတဲ့ တရုတ်ဖြူ အဝယ်တော်ကို ရေဒီယို ဆက်သွယ်ရေးစက် တရားမဝင် သုံးစွဲမှုနဲ့ ဖမ်းလိုက်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar