Breaking News

ကောင်းဇေလူ - နွေဦးတော်လှန်ရေးအဖွဲ့များ သွေးစည်းကြပါ၊ ညီညွတ်ကြပါ


 နွေဦးတော်လှန်ရေးအဖွဲ့များ သွေးစည်းကြပါ၊ ညီညွတ်ကြပါ
ကောင်းဇေလူ 

(မိုးမခ) မေ ၂၉ ၊ ၂၀၂၄

တရုတ်-အာဆီယံတို့ရဲ့ အချိန်ဆွဲနည်းဗျူဟာ ဖိအားကို သတိချပ်ကြပါ။

မြန်မာ့အရေးဟာ အချိန်ကြာလာတာနဲ့အမျှ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ များသထက် များလာနေတယ်။ အထူးသဖြင့် စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်ရဲ့ လူငယ်အညွန့်အဖူးတွေရဲ့ ဘ၀တွေ အနာဂတ်တွေ ပျက်စီးဆုံးရှုံးရမယ့်အရေးဟာ အလွန် စိတ်ထိခိုက်ဖွယ် ကြေကွဲဖွယ် ဖြစ်နေတယ်။  အကြမ်းဖက် စစ်ကောင်စီရဲ့ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ်အကြမ်း ဖက်ပစ်ခတ်သတ် ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၅,၁၆၀ အထိ ရှိလာခဲ့တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က မေလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တယ်။ နွေဦးတော်လှန်ရေးကာလအတွင်း မေလ ၂၇ ရက်နေ့အထိ ၂၀,၅၁၅ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉,၀၅၈ ယောက်ကတော့ ထောင် ဒဏ်ချမှတ်ခံထားရကြောင်း သိရတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု ပျက်သုဉ်းပြီး နိုင်ငံသားတွေ တရားမျှတတဲ့ ဥပဒေရဲ့အကာအကွယ် မရရှိတော့ကြောင်း ထင်ဟပ်နေတာ မြင်နိုင်တယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၅ အထိ ၂-နှစ်အတွင်းမှာ အရပ်သား ၁၄၄၆ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ BNI – Myanmar Peace Monitor အဖွဲ့က မေလ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ကြောင်း RFA သတင်းက ဖေါ် ပြပါတယ်။ လူငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကိုမှတ်တမ်းတင်ထားတာဖြစ်ပြီး ဒီနှစ်နှစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၅၄ ခုအထိဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းထဲမှာ ၄၈ ခုနဲ့ အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်ကတော့ ၁၆ ခုနဲ့ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရတယ်။

မန္တလေးတိုင်းကတော့ ဖြစ်စဉ် ၁၄ ခုနဲ့ တတိယအများဆုံးဖြစ်ခဲ့သလို ကချင်၊ ရှမ်း၊ ကယား (ကရင်နီ) ၊ ချင်း၊ ပဲခူး၊ တနင်္သာရီ စတဲ့ဒေသတွေမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ BNI – Myanmar Peace Monitor ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာပါဝင်သလို လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၁၅ နေ့အတွင်းမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၄၉ ခုအထိရှိလာပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ 

မေလ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုထ္တောကျေးရွာက အရပ်သား ၃၂ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်မှုကတော့ ၂၀၂၄ ခုနှစ်အတွင်း အဆိုးရွားဆုံး အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ BNI – Myanmar Peace Monitor က ဆိုတယ်။ BNI – Myanmar Peace Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံ တစ်ရာ တုံ့ပြန်တာ မတွေ့ရသေးဘူး။ စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်ရေးရှုံးနှိမ့်လာရင် အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်မှုတွေ ပိုပြီးကျူးလွန်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း BNI – Myanmar Peace Monitor က ဆိုပါတယ်။

တချိန်တည်းမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာက လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စိစစ်နေကြောင်း RFA သတင်းအရ သိရတယ်။ ကျူးလွန်သူတွေနဲ့ ပတ် သက်တဲ့အချက်အလက်တွေကို မျှဝေပေးဖို့ စစ်ကောင်စီကို မေလ ၂၇ ရက်နေ့က အကြောင်းကြားခဲ့တယ်လို့ ဆိုတယ်။ စစ်ဝတ်စုံနဲ့ လက်နက်ကိုင် လူတစုက အရပ်ဝတ်နဲ့ လူငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး မသေမချင်း မီးရှို့ သတ်ဖြတ်နေတဲ့ ရုပ်သံဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က အွန်လိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တယ်။ IIMM အနေနဲ့ အဲဒီဒေသက တပ်တွေနဲ့ တပ်မှူးတွေရဲ့ အချက်အလက်တွေ၊ အဲဒီလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနဲ့ ဆက်ဆံပုံ အခြေအနေတွေ၊ ဗီဒီယိုမှာ မြင်တွေ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေးဖို့ မြန်မာ စစ်တပ်ထံ တောင်းဆိုတယ်လို့  မေလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အဲဒီလူငယ်နှစ်ဦးက ယောကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် ကိုသားထောင်တို့ ဖြစ်တယ်။ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့ မြောက်ခင်ရန်းရွာကို ယောကာကွယ်ရေးတပ် (YDF) နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ကသွားရောက်တိုက်ခိုက်ချိန်မှာ သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်။ လူငယ်နှစ်ဦးကို  မြောက်ခင်ရန်းရွာ ဆေးရုံရှေ့ ကုက္ကိုလ်ပင်အောက်မှာ စစ်ကောင်စီတပ်ရဲ့ သြဇာခံ နယ်မြေခံပျူစောထီးတပ်သားတွေက မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားတယ်။ IIMM ကတော့ သူတို့စုဆောင်းရရှိထားတဲ့အထောက်အထားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ တာဝန်ရှိသူတွေအပေါ် အမှုတည်ဆောက်ရာမှာ အသုံးပြုမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အထက်ဖော် ပြပါအချက်အလက်တွေကိုအခြေခံပြီး လက်ရှိ မြန်မာနိုင်ငံအရေးကို သုံးသပ်ကြည့်ရင် မကြာခင်ကျဆုံးနိုင်ငံဖြစ်တော့မယ့် အလားအလာကို မြင်နိုင်တယ်။ စစ်တပ်ဟာ အကြမ်းဖက် လူသတ်၊ လုယက်၊ ပြည်သူ့အိမ်ရာတွေကို မီးရှို့ ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ်နေတာတွေ ဆက်တိုက်လုပ်လာနေတာ တွေ့ရတယ်။ တနိုင်ငံလုံးနီးပါး စစ်မြေပြင်ဖြစ်နေပြီး၊ တိုင်းပြည် ဖရိုဖရဲဖြစ်လာမှုကြောင့် စီးပွားရေးနယ်ပယ် အလဲလဲ အပြိုပြို ဖြစ်လာတာကို သိသာထင်ရှားစွာ မြင်ရတယ်။ ပြည်တွင်းရွှေဈေးကွက်မှာ မေလ ၂၈ ရက် စျေးဖွင့် ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ၅၃ သိန်းကျော်အထိ ရွှေဈေးနှုန်း ဆက်လက်မြင့်တက်နေတာ တွေ့ရတယ်။ ပြည်တွင်းငွေလဲနှုန်းတန်ဖိုးကလည်း အမေရိကန်တစ်ဒေါ်လာကို ၄၃၀၀/ ၄၄၀၀ အကြား အရောင်းအဝယ်ဖြစ်နေကြောင်း မီဒီယာသတင်းတွေအရ သိရတယ်။ စစ်ကောင်စီရဲ့ဗဟိုဘဏ်ကတော့ ပြင်ပဈေးကွက်မှာ ရွှေနဲ့ ငွေဈေးကစားသူတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ မကြာခဏပြောနေပေမဲ့ ရွှေနဲ့ ဒေါ်လာဈေးတွေ ကျဆင်းမသွားပါဘူး။ 

မကြာသေးခင်က တရားမဝင်ငွေကြေးလုပ်ငန်း လုပ်ဆောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အွန်လိုင်း နိုင်ငံ ခြားငွေကြေး အရောင်းအဝယ်လုပ်ငန်း ၁၆ ခုကို ရွှေနဲ့ငွေကြေး ဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက အရေးယူခဲ့တယ်လို့ ဆိုတယ်။ ဒီအခြေအနေကိုကြည့်ရင် ပြည် သူလူထု နေ့စဉ်ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုက သုံးဆလေးဆမျှမကတော့တာ တွေ့ရတယ်။ ကုန်ဈေးနှုန်း ကမောက်ကမဖြစ်စေတဲ့ အဓိကဇာတ်ကောင်တွေကတော့ လောင်စာဆီဈေးနဲ့ လျှပ်စစ်မီးအချိန်မှန် မပေးနိုင်မှုတို့ဖြစ်ကြောင်း တွေ့ရတယ်။ တိုက်ပွဲတွေကြောင့် သယ်ယူပို့ ဆောင်ရေးစနစ် ပရမ်းပတာဖြစ်နေခြင်းကလည်း အဓိကအကြောင်းတခုပါပဲ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တရား မဝင်ကုန်သွယ်မှုတွေပိုများလာတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဘန်ကောက် ဆစ်ဆဒ်တက္ကသိုလ်လူမှုရေးသိပ္ပံဌာန လက်ထောက်ကထိက ဒေါက်တာ လာ့လိဒါ ဟန်ဝုန်းက ထိုင်း PBS သတင်းဌာနကိုပြောကြောင်း သိရတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် နယ်စပ်တရားဝင်ပေါက်ကနေ အခွန်ဆောင်ပြီး ကုန်သွယ်မှုထက် သဘာဝလမ်းကြောင်းကနေ မှောင်ခိုရောင်းဝယ်မှု ပိုများလာတယ်။ ထိုင်း-မြန်မာ နယ်ခြားမျဉ်းဟာ ကီလိုမီတာပေါင်း ၂၄၀၀ ကျော် ရှည်လျားပြီး အချို့နေရာမှာ တောတောင်တွေနဲ့ ကာဆီးနေပြီး၊ တချို့နေရာ မြစ်ချောင်းတွေနဲ့ ကာဆီးနေတယ်။  နွေရာသီမှာ ချောင်းရေခန်းခြောက်ရင် လမ်းလျှောက်ကူးလို့ရတယ်၊ ဆိုလိုတာက မှောင်ခိုလမ်းကြောင်းကနေ ပစ္စည်းသယ်ယူပို့ဆောင်မှု ပိုလွယ်တာကြောင့် တရားမဝင်ကုန်သွယ်မှု ပိုများတယ်လို့  ‌ဒေါက်တာ လာ့လိဒါ ဟန်ဝုန်း က ဆိုတယ်။

လက်ရှိအခြေအနေမှာ  စစ်ကောင်စီအစိုးရရဲ့ အာဏာကကျဆင်းနေပြီး ထိုင်းနဲ့ကပ်လျက် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ သူတို့လည်းသူတို့ဒေသမှာ အာဏာရအစိုးရဖြစ်လိုပြီး  ထိုင်းနဲ့ တိုက်ရိုက်ကုန်သွယ်လိုတဲ့သဘောရှိတယ်လို့ ဒေါတ်တာလာ့လိဒါ က ဆိုတယ်။ မြန်မာ့ငွေဈေးကျဆင်းတာကြောင့် နယ်စပ်မြို့နယ်တွေမှာလည်း ကျပ်ငွေထက်  ထိုင်းငွေသုံးစွဲမှုတွေ ပိုများလာတယ်လို့လည်း ပြောတယ်။  မြန်မာနိုင်ငံက တိုက်ပွဲတွေဆက်ရှိနေဦးမယ်၊ စစ်ကောင်စီရဲ့အာ ဏာဟာ ဆက်ကျဆင်းနေမယ်ဆိုရင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ နေပြည်တော်ထက် နယ်စပ်ကို ထိန်းချုပ်နိုင်မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပိုနီးလာမယ်လို့ သုံးသပ်ကြောင်း ဒီဗွီဘီသတင်းက ဖေါ် ပြတယ်။  

ဒီအတောအတွင်း တိုက်ပွဲတိုင်း အလဲလဲအကွဲကွဲ စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်က ရှေ့ တန်းထွက်နေတဲ့အရာရှိ စစ်သည်တွေ တိုက်ပွဲမှာသေဆုံးပါက ကျပ်သိန်း ၁၀၀ နဲ့ မြေတကွက် ပေးမယ်လို့ မက်လုံးပေး စည်းရုံးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရတယ်လို့ဆိုတယ်။ တပ်မဌာနချုပ်နဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းက အရာရှိစစ်သည်တွေကို ရှေ့တန်းပို့ဆောင်ရာမှာ ထွက်ပြေးသူများနေလို့ စစ်ခေါင်းဆောင်က အခုလို မက်လုံးပေးပြောဆိုလာတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက DVB ကို ပြောကြောင်း သိရတယ်။ ဒီအချက်က အကြမ်းဖက်စစ်တပ် စိတ်ဓာတ်ကျဆင်းပြိုလဲနေပြီဖြစ်ကြောင်း သက်သေပြချက် ဖြစ်တယ်။ 

တချိန်တည်းမှာ အကြမ်းဖက်စစ်ခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ စိတ်ကူးနဲ့ ရူးနေဆဲပါပဲ။ မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတလုပ်ချင်နေတဲ့ ရူးသွပ်မှုက ရှိနေတုံးပါပဲ။ ဒီကိစ္စမှာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ထောက်ခံမှုကို မင်းအောင်လှိုင်က မျှော်လင့်ထားတယ်။ တရုတ်ဘက်က မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကိုမရပ်နိုင်ရင် မြန်မာဟာ ကျရှုံးနိုင်ငံဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။ မြန်မာသာကျရှုံးနိုင်ငံဖြစ်သွားခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေအပေါ်လည်း ဆိုးကျိုးသက်ရောက်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ နိုင်ငံ တကာအစိုးရတွေ၊ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံအဖွဲ့အစရှိတဲ့  အဖွဲ့အစည်းတွေ၊ အိမ်နီးနားချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ပူးပေါင်းဖြေရှင်းပေးသင့်တယ်လို့ တရုတ်မီဒီယာတွေမှာ ၀ါဒဖြန့်လေ့ရှိတယ်။ မင်းအောင်လှိုင်စစ်အာဏာတည်မြဲရေးကိုကူညီခြင်းအားဖြင့် တရုတ်-မြန်မာ စီပွားရေးစင်္ကြံအပါအဝင် တရုတ်ရဲ့ မဟာဗျူဟာစီးပွားရေးစီမံကိန်းတွေ အမြန်ပြန်စနိုင်လိမ့်မယ်လို့ တရုတ်က မျှော်မှန်းနေတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်ပြည်အတွက် အခွင့်ကောင်းဖြစ်တယ်လို့ မျှော်လင့်ထားကြောင်းလည်း မြင်ရတယ်။  

ဒီကနေ့ မြန်မာပြည်အတွင်း မင်းအောင်လှိုင်တပ်က ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မီးရှို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေခြင်းရဲ့ နောက်ကွယ်မှ တရုတ်နဲ့ ရုရှားတို့ရဲ့ အားပေးထောက်ခံမှု ပါနေကြောင်း တနေ့တခြား သက်သေတွေ ထင်ရှားလာနေတာ တွေ့ရတယ်။  ရုရှားနဲ့ တရုတ်တို့ စစ်ကောင်စီဘက်က ရပ်တည်နေမှုကို တော်လှန်ရေးအင်အားစုတွေဘက်က သတိမလစ်တမ်းစောင့်ကြည့်ကြဖို့ လိုတယ်။ တရုတ်-ရုရှားတို့က စကစကို စစ်လက်နက် အပါအ၀င် နည်းပညာပံ့ပိုးနေခြင်းကြောင့် စစ်ပွဲတာရှည်နေတဲ့ အချက်ကို အထူးသတိပြုသင့်တယ်။ 

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းအကြား သာမန် အသေးအဖွဲ ပြဿနာအချို့မှာ သဘောကွဲမှုရှိနိုင်ပေမယ့် စကစရဲ့ ဌာနချုပ်ကိုအပြတ်ရှင်းရေးမှာ စိတ်၀မ်းမကွဲဖို့ အမြော်အမြင်ရှိကြစေချင် တယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အချင်းချင်းအကြားက သာမညပြဿနာတွေကို ဘေးဖယ် ထားပြီး အဆုံးသတ်တိုက်ပွဲအတွက် သွေးစည်းညီညွတ်ကြစေချင်တယ်။  အဆုံးသတ်တိုက်ပွဲအတွက် EAOs အဖွဲ့တွေ အချင်း ချင်းအကြား၊ တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းအကြား၊ NUG နဲ့ EAOs တွေအကြား၊ NUG အတွင်း အထက်အောက်/ဗဟိုနဲ့ မြေပြင်အဖွဲ့တွေအကြား၊ NUCC အဖွဲ့၀င်အချင်းချင်းအကြား၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန် အလှန်တာ၀န်ယူမှု တာ၀န်ခံမှုတွေ ခိုင်မာအောင် တည်ဆောက်ကြဖို့လိုပါတယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အချိန်နဲ့တပြေးညီ လုပ်နိုင်အောင် ကြိုးပမ်းကြစေလိုတယ်။ လက်ရှိအခင်း အကျင်းတွေအရ နွေဦးတော်လှန်ရေးအတွက် အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်ဖို့ အရေးအလွန်ကြီးနေပြီဖြစ်တယ်။  

ဘာကြောင့်လဲ? ပကတိအခြေအနေကိုမြင်အောင်ကြည့်ပါ။ ထိုင်းနိုင်ငံအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေဟာ မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေဘက်က ဘယ်တုန်းကမှ ရပ်တည်မှု မပြုခဲ့ပါ။ တရုတ်နဲ့ အာဆီယံအဖွဲ့တို့ရဲ့ မြန်မာ့အရေးအပေါ်  သဘောထားပုံတွေဟာလည်း ခပ်ပေါ့ပေါ့ ပါပဲ။ 

မြန်မာလူထုဘက်ကမရပ်ဘဲ စစ်အာဏာရှင်ဘက်ကပဲ အစဉ်တစိုက်ရပ်တည်ခဲ့ကြတာကို ကြည့်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိသွားမှာမလိုလားကြောင်း တွေ့နိုင်တယ်။ ဒါကြောင့် မြန်မာ့အရေးဟာ အဓိကအားဖြင့် ကိုယ့်အားကိုယ် အားကိုးကြရမှာ ဖြစ်တယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်။ အမေရိကန်နဲ့ အီးယူကိုလည်း မမျှော်နဲ့။ သူတို့အတွက် ယူကရိန်းအရေးကသာ သေရေး ရှင်ရေး ဖြစ်နေတယ်။  ဒါကြောင့် နွေဦးတော်လှန်ရေးအင်အားစုများနဲ့တကွ တိုင်းရင်းသား EAOs အဖွဲ့အားလုံး သွေးစည်းညီညွတ်ကြဖို့အရေး အချိန်မဆွဲသင့်ဘူးလို့ မြင်ပါတယ်။ 

လက်ရှိအခြေအနေအခင်းအကျင်းမျိုး နောက်တခါ ထပ်ရဖို့မလွယ်ကူပါ။ အချိန်ဆွဲတာနဲ့အမျှ စစ်တပ်ဘက်က ပြင်ဆင်ချိန်ပိုရသွားနိုင်တာကို မမေ့ပါနဲ့။ ဒီနှစ်အတွင်းမှာ တော်လှန်ရေးအောင်ပွဲ အရယူဖို့ ဗျူဟာခင်းပါ။  တရုတ်နဲ့ အာဆီယံရဲ့ နိုင်ငံရေးလှည့်ကွက်ဟာ အချိန်ဆွဲတာပါပဲ။ စစ်တပ် အသက်ရှူခွင့်ရဖို့ အချိန်ဆွဲပါလိမ့်မယ်။ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်လည်း ပျော့ညံ့မသွားကြစေလိုပါ။  ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အခွင့်သာခိုက်မှာ ချေမှုန်းဖို့ ပျက်ကွက်ခဲ့ရင် လွတ်လပ်ရေးရရှိမယ့် အခွင့်အရေး ဆုံးရှုံးနိုင်ပါတယ်။  

ဒါကြောင့် သွေးစည်းကြပါ။ ညီညွတ်ကြပါ။ လက်ရှိအခြေအနေမှာ အချိန်နဲ့အမျှ အဆုံးအဖြတ် တိုက်ပွဲအတွက် လုံ့လစိုက်ထုတ်ကြရေးဟာ ပဓာနအကျဆုံး ဖြစ်ပါတယ်။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar