မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၁
စီးပွားရေး အကြပ်အတည်း၊ နိုင်ငံရေးအကြပ်အတည်းနဲ့ ကိုဗစ်ကူးစက်ရောဂါ
စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းစလို့ နိုင်ငံရေး အကြပ်အတည်းက တရစ်ပြီးတရစ် မြင့်တက်လာခဲ့တာ အခုဆိုရင် ၇ လကျော်ကြာလာချိန်မှာ ပြည်တွင်းစစ်မီးက ပိုကျယ်ပြန့်လာမယ့် လက္ခဏာတွေ့လာနေရပါတယ်။ ပြည်တွင်းစစ်ဟာ ဒေသအချို့မှာ ဖြစ်ပွားနေပြီးဖြစ်သလို၊ မဖြစ်သေးတဲ့ဒေသတွေမှာလည်း ဖြစ်ပွားဖို့ တာစူနေတဲ့အခြေအနေ အခြားသောဒေသတွေကလည်း လက်နက်ရရှိဖို့ ကြိုးစားနေကြတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
နကိုကတည်းက အန်စီအေထဲမပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အချို့နဲ့ တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေနှင့်ပြီးဖြစ်သလို၊ အန်စီအေထဲပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အချို့နဲ့တောင်မှ ဒေသအချို့မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။
အခုစစ်အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်တိုက်ပွဲတွေက ပိုကျယ်ပြန့်လာခဲ့ပြီး လူထုတွေထဲက အတော်များများက အတွေးအခေါ်အရလည်း လက်နက်ကိုင် တိုက်ခိုက်မှုဘက်ဆီကို ဦးတည်ကုန်ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ စေ့စပ်ဆွေးနွေးဖို့ဆိုတဲ့စကားလုံးတွေ ပြောဆိုမှုတွေကို နားမထောင်ချင်ကြ လက်မခံချင်ကြတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု၊ ဝေဖန်ထောက်ပြမှုတွေလိုမျိုးကို လူအတော်များများက နားမထောင်လိုကြသလို လက်နက်ရှိတဲ့ အဖွဲ့ လက်နက်လည်း ရှိနယ်မြေစိုးမိုးထိန်းချုပ်မှုပေးထားနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီကို သွားရောက်ခိုလှုံပြီး လက်နက်ကိုင် တိုက်ပွဲအတွက် သင်တန်း၊ အဆက်အသွယ် စတာတွေ တောင်းခံ ကြတဲ့ ရေစီးက မေလလောက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့တာပါ။ ဒီလို လက်နက်ကိုင် တိုက်ပွဲအတွက် ပြင်ဆင်မှု ထောက်ခံမှု၊ စိတ်အားတက်ကြွမှုတွေ နဲ့ တဖြည်းဖြည်း အရှိန်မြင့်လာနေပြီး ရသလောက် လက်နက်တွေကိုလည်း မြို့တွေဆီသယ်ယူလာကြတာ၊ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းတွေ ဖန်တီးကြတာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ ထောက်ပံ့ပေးတယ်လို့ ယူဆတဲ့နေရာတွေကို ဖောက်ခွဲတာ သတင်းပေးတွေကို လုပ်ကြံသတ်ဖြတ်တာတွေက စစ်အာဏာသိမ်းပြီးနောက် ၃လကျော်အကြာနောက်ပိုင်း ရေစီးဖြစ်လာခဲ့ပါတယ်။
အဲဒီလို လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်တွေက တဖက်မှာ ဖြစ်ပျက်နေသလို စီးပွားရေးဆိုင်ရာ အကြပ်အတည်းလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမီကတည်းက တနှစ်နီးပါး ကိုဗစ်ကန့်သတ်မှုတွေ ချမှတ်လိုက်ခြင်းကြောင့် အကျိုးဆက်အနေနဲ့ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း အားလုံးကို အနည်းနဲ့အများ ထိခိုက်စေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ စစ်အာဏာသိမ်းမှုက ကိုဗစ်ကြောင့် ထိခိုက်ယိုင်နဲ့နေတဲ့ စီးပွားရေးကို ပိုပြီး ဆိုးရွားစေခဲ့တာလည်း ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်း၊ လက်ခစားအထည်ချုပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုတွေက ကိုဗစ်ကြောင့် အတော်အထိနာခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု စီးပွားရေးအရ ပိတ်ဆို့မှု အမျိုးမျိုးနဲ့ ကိုဗစ်တတိယလှိုင်းတွေ ရိုက်ခတ်ပြီးနောက်မှာ အခုဆိုရင် နိုင်ငံခြားငွေလဲနှုန်းအရ မြန်မာကျပ်ငွေဟာ စစ်အာဏာသိမ်းမှု မတိုင်ခင်နဲ့စာရင် ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက် တန်ဖိုးကျခဲ့ပြီဖြစ်ပါတယ်။
ငွေလဲနှုန်းတန်ဖိုးကျဆင်းခြင်းဟာ ပြည်ပက နေတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေကို ချက်ခြင်းစျေးနှုန်းမြင့်တက်စေပြီး သယ်ယူပို့ဆောင်ခ၊ ကုန်ထုတ်လုပ်ရာမှာ သုံးစွဲရတဲ့ လောင်စာစွမ်းအင်စရိတ်တွေကို ချက်ခြင်း လက်ငင်းမြင့်တက်စေတာ ဖြစ်ပါတယ်။
ခုရက်ပိုင်း ကန် တဒေါ်လာ ကျပ် ၂၁၀၀ ကျော်ရှိတဲ့စျေးနှုန်းဟာ ခုလောက်မြန်မြန်ရောက်လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါ။ ဒီလဲနှုန်းဟာ တခြားသော နယ်ပယ်အသီးသီးကို ရိုက်ခတ်ပြီး သက်ရောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်စေမှာ စိုးရိမ်စရာအခြေအနေလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကြပ်အတည်းက စီးပွားရေးအကြပ်အတည်းကို ဖြစ်ပေါ်စေသလို စီးပွားရေး အကြပ်အတည်းရဲ့ဂယက်က နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကို ပိုပြီး မီးလောင်ရာလေပင့် ဖြစ်စေမယ့် မကောင်းသောအကျိုးဆက်သံသရာ လည်မှုမျိုးလည်း ကြုံရကောင်းကြုံရနိုင်တာ ဖြစ်ပါတယ်။
အခုလို ကံဆိုးစွာပဲ စီးပွားရေးနဲ့ နိုင်ငံရေးအကြပ်အတည်းတပြိုင်နက်ထဲကြုံတွေ့နေရချိန်မှာ နောက်ထပ်နှိပ်စက်မယ့်အကြောင်းအချက်၊ ရေနစ်သူဝါးကူထိုးမယ့်အကြောင်းတခုကတော့ ကိုဗစ်ကပ်ရောဂါပဲဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် အသက်ဆုံးရှုံးရသူတွေ ပြီးခဲ့တဲ့ ၂ လ ၃ လအတွင်း သောင်းဂဏန်းနဲ့ချီရှိခဲ့ပြီး အသက်အရွယ်ကြီးသူ၊ အလယ်အလတ်ပိုင်း အများဆုံးပါရှိခဲ့တာပါ။ လူ့အသက်တွေကို ခြွေယူသွားတာနဲ့အတူ ကျန်ရစ်သူတွေနဲ့ လူမှုအဖွဲ့အစည်းကိုပါ စိတ်ဒဏ်ရာပေးခဲ့တယ်လို့ မြင်ပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့်လည်း လူတွေက ပိုပြီး စိတ်ဓါတ်ကျဆင်းတာ၊ အဆိုးမြင်တာ၊ မျှော်လင့်ချက်ကင်းမဲ့တဲ့ ခံစားချက်တွေ ဖြစ်ကျန်ရစ်ခဲ့နိုင်တာ ဖြစ်ပါတယ်။ ဒီလို သက်ရောက်မှုက လက်ရှိအခြေအနေပေါ်မှာ အနည်းနဲ့အများ ရိုက်ခတ်စေမယ်လို ထင်မြင်မိပါတယ်။
ခုလို အဖြစ်အပျက်တွေ စိတ်ဓါတ်ကျဆင်းစရာ မျှော်လင့်ချက်မှေးမှိန်မှုတွေချည်းလားလို မေးစရာရှိကောင်းရှိပါလိမ့်မယ်။ အဆိုးတွေကြားမှာ မျှော်လင့်ချက်အလင်းရောင် သိုမဟုတ် အားရှိစရာ အချက်အချိုလည်း ရှိပါတယ်။ ပြည်သူ အချင်းချင်းကူညီယိုင်းပင်းမှု၊ ဒုက္ခ မျှဝေခံစားမှု၊ ရိက္ခာအခက်အခဲရှိတဲ့ ပြည်သူတွေကို တတ်နိုင်သူတွေ က ကူညီဖေးမမှု၊ ကိုဗစ်ကူးစက်ကပ်ဘေးလို ကာလမှာ ပရဟိတ အဖွဲတွေ၊ အရေးပေါ်ကာလမှာ စုပေါင်းကူညီဖေးမမှုတွေ၊ အောက်စီဂျင်ဖြည့်ဆည်းပေးတာ ၊ ကွယ်လွန်သူတွေကို သယ်ဆောင်သဂြိုဟ်ပေးတဲ့ စေတနာ့ဝန်ထမ်း ကူညီမှုတွေက အဆိုးထဲက အကောင်း မဲမှောင်တဲ့ တိမ်တိုက်ရဲ့ ငွေရောင်အနားကွပ်လို တင်စားရမယ့် အပိုင်းဖြစ်ပါလိမ့်မယ်။
သိုပေမယ့်လည်း ကျန်းမာရေးဆိုင်ရာ ကပ်ဘေး၊ စီးပွားရေးဆိုင်ရာ ကပ်ဘေး၊ နိုင်ငံရေး အကြပ်အတည်းလို အဖြစ်အပျက်ကြီးရဲ့ အဓိက အကြောင်းအရင်းတွေကို ဖယ်ရှားရာမှာ ရပ်တန့်အောင် ရှောင်လွှနိုင်အောင် လုပ်ကြရာမှာတော့ မူဝါဒ ဆိုင်ရာ မှန်ကန်မှု၊ ထိရောက်တဲ့ ခေါင်းဆောင်မှု ၊ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ချည်းကပ်နိုင်မှုတွေက အဓိက ဆိုတဲ့အချက်ကိုတော့ မျက်ခြေမပြတ်စေချင်ပါဘူး။
ခေါင်းဆောင်မှု လူထုကို ဒုက္ခတွင်းမှ ဆွဲတင်နိုင်ဖိုက အထက်က အချက်တွေက အရေးကြီးတာကိုတော့ သတိချပ်ဖို တိုက်တွန်းလိုက်ချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar