Breaking News

မိုးမခကဗျာ - နီမင်းထက်၊ ခက်ဦး၊ အိုက်နီ(ဖြူး)

Art- Than Htay Maung

မိုးမခကဗျာ
အောက်တိုဘာ ၁၃၊ ၂၀၂၁

'' ရက်စက်ခြင်းဟာရက်ဆက်လွန်းတယ် ''
 နီမင်းထက်
ပစ်ရက်စရာမရှိတဲ့ချစ်ရက်တွေကို ပစ်သတ်ရက်တဲ့အခါသမယပဲ
ခွေးအလုပ်ခွေးလုပ်မှာပဲဆိုသူတွေရဲ့ တောမီးဘယ်လောက်လောင်လောင်မီးသွေးထုတ်ရောင်းရရင်ပြီးရေ
ဆိုတဲ့ဝါဒပဲ
တယောက်မျက်ရည်တယောက်ကခတ်သောက်ပြီး အသက်မွေးဝမ်းကျောင်းနေရတဲ့မြေပြင်အခြေအနေပဲ
ဆွေခန်းမျိုးခန်းဖြတ်သူကပ်ဘေးကလည်းမရပ်သေးဘူး
ရရာလက်နက်ဆွဲကိုင်နေရသူ တနင်္ဂနွေနေ့ကလည်း မိုးကြီးတမသွန်ချ‌လို့နေရဲ့။ ။

၃၀.၉.၂၁      

...

'' မိုး ''
ခက်ဦး

ပျော်ပျော်ကြီးလက်တွဲ
ခေါင်းနဲ့ကိုယ်အိုးစားကွဲ
ခုန်ချရဲပုံ

မြက်ပင်လေးတွေခေါင်းခါလည်ခါ
ဦးညွှတ်လျက်သား ငိုကြွေးကြ

သစ်အိုပင်ကြီးတွေ
မတ်မတ်မရပ်နိုင် မျက်ရည်ဖြိုင်

ချော့ပေါင်းတုန်းကမပျော့ပြောင်းခဲ့ မြေသား
ယူပါကယ်ပါတစာစာနဲ့..ပြာယာကိုခတ်လို့ ။

၁၁ . ၁၀ . ၂၀၂၁
...

'' အလွမ်းတွေက စျေးကြီးတယ် ''
အိုက်နီ(ဖြူး)

လွမ်းစရာတွေက 
အတော်များများရှိနေတယ် 
အိမ်ကိုလွမ်းရ အမေ့ကို လွမ်းရ
အဖေ့ကိုလွမ်းရ ချစ်ရသူကို လွမ်းရ
ကြောင်လေးတွေကို လွမ်းရနဲ့ 
အမှတ်ရစရာတွေကို လွမ်းနေမိတာပါ။

ဒီကာလမှာ အလွမ်းတွေက စျေးကြီးတယ်
အလွမ်းတွေရဲ့ နောက်မှာ 
အသက်တွေကိုရင်းနှီးထားကြရတယ်၊ အလွမ်းအတွက်နဲ့
ပေးဆပ်လိုက်ရမယ့်အရာတွေက 
တန်ဖိုးကြီးလွန်းတယ်။

အလွမ်းတွေက 
အတိတ်ရဲ့ ပုံရိပ်တွေဖြစ်နေဦးမယ်ဆို
တချိန်ကြရင် လူတွေအများကြီးကို 
လွမ်းနေရဦးမှာပါ၊ 
သွေးသားမတော်စပ်ဘဲ 
ဖေးမနေနေရတဲ့ လူတွေ 
တောတောင်ရေမြေတွေ၊ ကျေးလက်သာလိကာအသံတွေ 
အစုံစုံက တချိန်ကျရင် 
အတိတ်ရဲ့ ပုံရိပ်အဖြစ်
လွမ်းနေရဦးမှာပါ။
 
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၁ ခုနစ်

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar