Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၂၂) အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရို

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)

အခန်း (၂၂) အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရို
အောက်တိုဘာ ၁၃၊ ၂၀၂၁

၁၉၆၁ ခုနှစ်နှောင်းပိုင်းမှာ တရုတ်ဖြူ ပြဿနာအိုးတွေ ရှိနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံ က ကြိုးစားနေတဲ့အချိန်မှာ ထိုင်ဝမ်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရို က မာချွန်းကော် ဦးစီးတဲ့ ယူနန် အနောက်ပိုင်း လှုပ်ရှားရေး စစ်ကြောင်းကို သုံးနိုင်ငံ နယ်စပ်ဒေသမှာ အဓိက တိုက်ခိုက်ရေး တပ်ဖွဲ့ ဖြစ်လာအောင် တိုးချဲ့နေပါတယ်။ ၁၉၆၀−၁၉၆၁ အတွင်း တပ်တွေ ပြောင်းရွှေ့ ထွက်ခွာတုန်းက ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရိုရဲ့ စစ်ဆင်ရေးတွေ အတွက် အထောက်အပံ့ ဖြစ်နိုင်တဲ့ လျိုယွမ်လင်ရဲ့ တပ်တော် တဝက်လောက်ကို ဖယ်ရှားလိုက်ရတယ်။ ကျန်ရစ်ခဲ့တဲ့ တပ်တော် (၃) နဲ့ (၅) ကတော့ ကိုယ့်မြင်းကိုယ်စိုင်းနေကြလို့ အားကိုးလို့ မရတာကြောင့် သူတို့နေရာမှာ အစားထိုးဖို့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရို က ရှာတွေ့ခဲ့ပါတယ်။ မာချွန်းကော် က မူးယစ်ဆေးဝါး မှောင်ခို အုပ်စုတွေကို စည်းရုံးပါတယ်။ လျော့ရဲရဲ ဖွဲ့စည်းထားတဲ့ လူထောင်ချီရှိတဲ့ တပ်ပုံစံ ပေါက်လာပါတယ်။ ဒီအဖွဲ့ဟာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရိုရဲ့ အဓိက မူးယစ်ဆေးဝါး မှောင်ခိုလုပ်တဲ့ အဖွဲ့ဖြစ်လာပါတော့တယ်။

• မာချွန်းကော်ရဲ့ ကြားကာလ စစ်ထောက်လှမ်းရေးအဖွဲ့

၁၉၆၁ မတ်လနဲ့ ဧပရယ်လ တုန်းက သုံးနိုင်ငံ နယ်စပ်ဒေသကနေ လျိုယွမ်လင်ရဲ့တပ်တွေ ထွက်ခွာသွားပြီးတဲ့နောက် ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရို လက်အောက်ခံ မြေပြင် လှုပ်ရှားတပ်ဖွဲ့လေး တဖွဲ့ဟာ ချင်းမိုင်မြို့မှာ လျှို့ဝှက်လှုပ်ရှားနေပါတယ်။ စခန်း ၁၉၂၀ လို့ နာမည်ပေးထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ လှုပ်ရှားနေတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး တပ်ဖွဲ့တွေကို ကွပ်ကဲဖို့  စခန်း ၁၉၂၀ ကို ထိုင်ပေက တိုးချဲ့ဖို့ ၁၉၆၁ နွေရာသီမှာ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီရဲ့ ဆပ်ကော်မတီ တခု1 က ခွင့်ပြုခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ ထိုင်ပေကလည်း ဒီတပ်ဖွဲ့တွေ စုဆောင်းရရှိလာတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ပြန်မျှဝေပါတယ်။ ထိုင်းဘက်က ခွင့်ပြုချက်အရ မာချွန်းကော် ဟာ သူ့ယူနန်အနောက်ပိုင်းလှုပ်ရှားစစ်ကြောင်းကို ၁၉၆၁ အောက်တိုဘာလမှာ မြန်မာနိုင်ငံ ‘ဝ’ နယ်တွေကနေ ထိုင်းနိုင်ငံကို ရွှေ့လာခဲ့တယ်။ သူ့ဌာနချုပ် အသစ်ဟာ ယူနန်နဲ့ အရမ်းဝေးပြီးတဲ့ ဒွိုင်အန်ခန် တောင်စောင်းပေါ်က ဘန်မယ်ငွန်း ရွာကလေးနားမှာ ရှိပါတယ်။ မာချွန်းကော်ရဲ့ စစ်ကြောင်းဟာ သူ့အဓိက တာဝန်ဖြစ်တဲ့ ယူနန်ပြည်နယ်ထဲက ကွန်မြူနစ် ရည်မှန်းချက်တွေကို ပျောက်ကြားနည်းနဲ့ တိုက်ခိုက်ဖို့အပြင် အရန် ရည်မှန်းချက်တွေဖြစ်တဲ့ ထောက်လှမ်းရေး သတင်းတွေ စုဆောင်းဖို့နဲ့ ပြည်မကြီးမှာ လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်အောင် လှုံ့ဆော်ဖို့ကိုလည်း လုပ်ဆောင်ကြပါတယ်။ ဒီရည်မှန်းချက်တွေ အောင်မြင်ဖို့ သူ့မှာ ရှိတယ်လို့ ဆိုတဲ့ လူ ၃၀၀ တောင် မပြည့်တဲ့ အဖွဲ့ကလေးနဲ့ မဖြစ်နိုင်ပါဘူး။

၁၉၆၂ မတ်လမှာ ဗိုလ်ချုပ်ကြီးနေဝင်း ရန်ကုန်မှာ အာဏာသိမ်းလိုက်ပေမယ့် မာချွန်းကော် အတွက်တော့ လူသစ်စုဆောင်းဖို့ အခွင့်ကောင်းပါပဲ။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းလိုက်တာနဲ့ တရုတ် ဆန့်ကျင်ရေး ခွဲခြားဆက်ဆံမှုတွေရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံက လူနည်းစု တရုတ်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေး ကမောက်ကမ ဖြစ်နေတာကြောင့် ယူနန်က ဒုက္ခသည် အသစ်တွေ ပုံမှန်လိုလို စုပြုံထွက်ပြေးလာကြတယ်။ ဒါ့အပြင် မာချွန်းကော်ရဲ့ သူလျှိုတွေက မြန်မာနိုင်ငံအတွင်းက မကျေမနပ် ဖြစ်နေကြတဲ့ တရုတ်လူမျိုးတွေကို စည်းရုံး စုဆောင်းနိုင်ခဲ့တယ်။ မြန်မာနိုင်ငံ အတွင်းမှာ အခြေခံလေးတွေ ပြောပြပြီးတဲ့နောက် လူသစ်တွေကို ကုန်းကြောင်းကနေပဲ ဒွိုင်အန်ခန် စခန်းကို ခေါ်သွားပါတယ်။ အဲဒီရောက်မှာ စစ်ရေးနဲ့ ထောက်လှမ်းရေး သင်တန်းတွေ ပေးပါတယ်။ နောက်ပိုင်း အဆင့်မြင့် သင်တန်းတွေ အတွက် ထိုင်ဝမ်းကို ပို့ပေးမယ်လို့ လူသစ်တွေကို ကတိပေးပါတယ်။

၁၉၆၃ ဧပရယ်လ အတွင်းမှာ မာချွန်းကော် သူ့စစ်ထောက်လှမ်းရေးက တပ်ဖွဲ့ အသစ် စက်စက်ကလေးကို ပထမဆုံး အနေနဲ့ ယူနန်ပြည်နယ်ထဲကို ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ယူနန် အနောက်ပိုင်း လှုပ်ရှား စစ်ကြောင်း စစ်ပြန် ဆယ်ယောက်လောက်ဟာ လန်ချန်းခရိုင်အတွင်းက နယ်စပ်နဲ့ သိပ်မဝေးလှတဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး တရုံးကို ဝင်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံဘက်ကို အမြန်ပြန်ဆုတ်လာခဲ့ကြတယ်။ ဒီလိုမျိုး အသေးစား စီးနင်းတိုက်ခိုက်မှုမျိုးကို ၁၉၆၄ ခုနှစ် လန်ချန်းခရိုင်မှာ တကြိမ်၊ ၁၉၆၅ ခုနှစ် ကျင့်ခန်းခရိုင်မှာ တကြိမ် ထပ်လုပ်ပါတယ်။ တရုတ်သမ္မတနိုင်ငံ တရားဝင် မှတ်တမ်းတွေအရ ဒီတိုက်ခိုက်မှုတွေဟာ အကြွင်းမဲ့ အောင်မြင်မှုတွေ အဖြစ် ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီလောက်နှစ်တွေထဲမှာ ဒီလို မဖြစ်ညစ်ကျယ်လေး သုံးခါလောက် ဝင်နှောက်ယှက်ပစ်ခတ်ပြတာဟာ အထင်ကြီးလောက်စရာ မရှိပါဘူးလို့ မာချွန်းကော် ကိုယ်တိုင် နောက်ပိုင်းမှာ ဝန်ခံရပါတယ်။ ထိုင်ပေဘက်ကလည်း စိတ်ပါလက်ပါ ထောက်ပံ့နေတာ မဟုတ်တဲ့ အပြင် ပြောင်မြောက်တဲ့ စစ်ဆင်ရေးတွေ လုပ်အောင်လည်း ဖိအား မပေးတာကြောင့် မာချွန်းကော်နဲ့ သူ့စစ်ကြောင်းဟာ ဘိန်းနဲ့ ကျောက်စိမ်း မှောင်ခို လုပ်ငန်းကိုပဲ ဖိဖိစီးစီး လုပ်နေပါတော့တယ်။

သုံးနိုင်ငံ နယ်စပ်ဒေသမှာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက သွားဆွပေးရုံ ဆွနေတဲ့ စစ်ဆင်ရေးတွေကို ရပ်ပစ်ဖို့ ၁၉၆၈ ဂျွန်လမှာ ဝါရှင်တန်က ပညာသားပါပါနဲ့ ထိုင်ပေကို နားချပါတယ်။ သူတို့ရဲ့ ထောက်လှမ်းရေး သတင်း အရင်းအမြစ်တွေကို ကာကွယ်လိုတာကြောင့် အမေရိကန်က ထိုင်ဝမ်းကို တိုက်ရိုက် မချဉ်းကပ်ပါဘူး။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ လှုပ်ရှားမှုတွေဟာ ထိုင်း−မြန်မာ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ ထိုင်ပေကို ပြောဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထာနတ်ခိုမန် ကို ခိုင်းပါတယ်။ ထာနတ်ကတော့ သူတောင် ဒီလိုမျိုး ပြောထားဖူးပြီးပြီလို့ အကြောင်းပြန်ပါတယ်။ ဒါပေမယ့် သူ တကယ်တမ်း ပြောထားဖူးပုံ မပေါ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်းနဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေက ထိုင်းဘုရင့်အစိုးရက အဆင့်အမြင့်ဆုံး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

နယ်စပ်ဒေသက ထိုင်ပေရဲ့ စစ်ဖက်ဆိုင်ရာ တပ်ဖွဲ့ဟောင်းတွေကို “လက်ရှောင်” နေတော့မယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကျန်ကျင်းကော် အာမခံထားတာကို ပြန်အမှတ်ရစေဖို့ ထိုင်ပေမှာရှိတဲ့ အမေရိကန် သံတမန်တွေဟာ ထိုင်ဝမ်း တာဝန်ရှိသူတွေ သတိပေးပါတယ်။ ထိုင်ဝမ်း တာဝန်ရှိသူတွေ ပြောတာကတော့ ထာနတ် ပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ တရုတ်ဖြူ တပ်ဖွဲ့ “ဟောင်း” တွေနဲ့ ပတ်သက်လို့ ထိုင်းဘက်က တခွန်းမှ မဟလာဘူးလို့ ထိုင်ဝမ်းဘက်က ပြောပါတယ်။ အမှန်တော့ ထိုင်ပေကလည်း အဲဒီတပ်တွေကို ဘယ်လိုမှ ထိန်းချုပ်နိုင်တာလည်း မဟုတ်ပါဘူး။ ကျန်ကျင်းကော် ကတိပေးထားတဲ့ အတိုင်း ထိုင်းနိုင်ငံထဲက တရုတ်ဖြူ စစ်သား “ဟောင်း” တွေကို လက်လွှတ်ပါ့မယ် ဆိုတာကို အကောင်အထည်ဖော်ဖို့ပဲ အမေရိကန်က ထပ်တောင်းဆိုပါတယ်။ ထိုင်ပေက ရူးချင်ယောင် ဟန်ဆောင်နေတာပါ။ တပ်တော် (၃) နဲ့ (၅) ဟာ ထိုင်ဝမ်း လက်အောက်ခံ တပ်ဖွဲ့ဟောင်းတွေ အမှန်အကန် ဖြစ်ပြီးတော့ ထိုင်ပေက သူတို့ကို ထောက်ပံ့မှု ရပ်ဆိုင်းခဲ့တာပဲ ဖြစ်ပါတယ်။ မာချွန်းကော်ရဲ့ စစ်ထောက်လှမ်းရေး စစ်ကြောင်းနဲ့ ကူမင်တန် အမှတ် (၂) ဌာနကြီး လက်အောက်ခံ တပ်ဖွဲ့တွေဟာ ထိုင်ပေရဲ့ စစ်ဘက်နဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေဖြစ်ပြီး ထိုင်ပေက ထောက်ပံ့မှုကို လက်ခံရနေဆဲ ဖြစ်ပါတယ်။

၁၉၆၃ နိုဝင်ဘာလ အစောပိုင်းမှာ ဝါရှင်တန်ကနေ ထိုင်ပေမှာရှိတဲ့ သံအမတ်ကြီး ဂျရိုးရိုက် ကို သုံးနိုင်ငံ နယ်စပ်ဒေသမှာ ရှိနေတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး တပ်ဖွဲ့တွေကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြောဖို့၊ ဒီတပ်ဖွဲ့တွေကို “လက်လွှတ်”ရန် သတိပေးလိုက်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ရိုက် ဟာ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး တယောက်ဖြစ်ပြီး စီအိုင်အေရဲ့ ဆုံးဖြတ်ချက်ဘုတ်အဖွဲ့ဝင်ဟောင်း တယောက်လည်း ဖြစ်ပါတယ်။ ထိလွယ်ရှလွယ်တဲ့ ထောက်လှမ်းရေး သတင်း အရင်းအမြစ်တွေက ရရှိလာတဲ့ သတင်းတွေကို အသုံးပြုပြီး နိုင်ငံရေးခြေလှမ်းတွေ ပြင်ဆင်တာ မလုပ်ဖို့ အကြံပေးပါတယ်။ တခြား နေရာတွေကလည်း နောက်ထပ် သတင်းတွေ မရနိုင်တာကြောင့် ဒီအဆိုပြုချက်ကို ချောင်ထိုးထားလိုက်ရပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ပေက သူပါဝင် ပတ်သက်နေတာကို ဆက်ပြီးငြင်းနေမှာပဲလို့ ဝါရှင်တန် က သုံးသပ်ပါတယ်။ သတင်းအရင်းအမြစ်တွေကို ကာကွယ်ဖို့ လိုနေတာကြောင့် အငြင်းအခုံ ကိစ္စတွေမှာ သက်သေပြဖို့ အမေရိကန်တွေ အတွက် ခက်ပါတယ်။ ဒါ့အပြင် အစပျိုးနေဆဲ ဖြစ်တဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လှုပ်ရှားမှုတွေကြောင့်နဲ့ စစ်အေးကာလ မဟာမိတ် နိုင်ငံ တနိုင်ငံနဲ့ ထိပ်တိုက်တွေ့ဖို့ မတန်ပါဘူးလို့ တွက်ပါတယ်။ ဒါပေမယ့် နောက်ထပ် တနှစ်ကျော်လောက် အကြာမှာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက ကြီးကြီးကျယ်ကျယ်တွေ ထလုပ်လာလို့ တွက်ကိန်းတွေ လွဲခဲ့ရပါတော့တယ်။

• ပုံပေါ်လာတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး ဇုန်−၁၉၂၀

၁၉၆၅ ခုနှစ် အစောပိုင်းမှာ ရွှေတြိဂံဒေသထဲက စစ်ထောက်လှမ်းရေး လှုပ်ရှားမှုတွေ တိုးချဲ့ဖို့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရို အကြီးအကဲ ယဲ့ရှန်းကျိ က ဖုကျန့်2 စစ်ဆင်ရေး ကို စတင်လိုက်ပါတယ်။ စခန်း-၁၉၂၀ ကို ဇုန်-၁၉၂၀ အဖြစ် တိုးချဲ့လိုက်ပါတယ်။ ချင်းမိုင်မှာ ရှိတဲ့ ရုံးတွေကနေ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ လာအိုနိုင်ငံထဲမှာ ရှိတဲ့ စခန်းတွေကို ကွပ်ကဲပါတယ်။3 ပုံမှန် လျှို့ဝှက် ထောက်လှမ်းရေး သတင်းတွေ စုဆောင်းတဲ့ လုပ်ငန်းက အပြင် ဇုန်−၁၉၂၀ မှာက စီးနင်းတိုက်ခိုက်တာ၊ ဖောက်ခွဲဖျက်ဆီးတာ၊ ပျောက်ကြားတပ်တွေ ဖွဲ့စည်းတာ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်တာနဲ့ ထောက်လှမ်းရေး သတင်း စုဆောင်းတဲ့ စခန်းတွေ အတွက် လုံခြုံရေး ယူပေးရတာ အစရှိတဲ့ “အထူးထောက်လှမ်းရေး” တာဝန်တွေလည်း ရှိပါသေးတယ်။ သူ့စစ်ကြောင်း အင်အားကို ၂၀၀၀ အထိ ရောက်အောင် တိုးချဲ့ဖို့ မာချွန်းကော် က စတင်လိုက်ပါတယ်။

၁၉၆၅ ခုနှစ်ရောက်တော့ ဘန်မယ်ငွန်းရွာနားက မာချွန်းကော်ရဲ့ အခြေစိုက်စခန်းမှာ လေ့ကျင့်ရေးနဲ့ ထောက်ပံ့ရေး ပံ့ပိုးမှု အင်္ဂါရပ်တွေ အများအပြား တိုးပွားလာပါတယ်။ စခန်းနာမည်ကို ခေ့ကျိဟွမ့် လို့ ပေးထားပါတယ်။ အဲဒီ အခြေစိုက် စခန်းဟာ လီဝင်ဟွမ့်ရဲ့ ဘန်ထမ်ငေါ့ပ် ဌာနချုပ်ရဲ့ မြောက်ဘက် မိုင်အနည်းငယ်ပဲ ဝေးပါတယ်။ အနီးဆုံးလမ်းက သွားရင် လေးနာရီလောက် လမ်းလျှောက်ရပါတယ်။ ထိုင်းလူဦးရေ ထူထပ်တဲ့ မြို့ရွာတွေနဲ့ ဝေးပေမယ့် တရုတ်ဖြူ စစ်သားတွေ နှစ်ရှည်လများ ရင်းနှီးပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံ အတွင်းက ဒေသတွေကို အလွယ်တကူ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိပါတယ်။ ဇုန်−၁၉၂၀ ကြီးထွားလာတဲ့ အလျောက် လုပ်ငန်းတွေကို ကွပ်ကဲဖို့ စေလွှတ်လိုက်တဲ့ ကျွမ်းကျင် ထောက်လှမ်းရေး အရာရှိတွေဟာ နေ့စဉ် လုပ်ငန်းတွေကို ဆက်လုပ်ဖို့နဲ့ ကြီးကြပ်ဖို့ အတွက် မာချွန်းကော်ကိုပဲ အလွန်အကျွံ အားထားနေရပါတယ်။ ထိုင်ဝမ်းကလာတဲ့ သင်တန်းဆရာတွေက တရုတ်လူမျိုး လူငယ် သင်တန်းသား ၂၀၀ ကို ထောက်လှမ်းရေး လုပ်ငန်း အတွက် စတင် လေ့ကျင့်ပေးပါတယ်။ အဲဒီအတောတွင်း စစ်ထောက်လှမ်းရေး ဝန်ထမ်းတွေက  ခေ့ကျိဟွမ့် စခန်းဟာ ဒုက္ခသည်စခန်းသာ ဖြစ်တယ်လို့ အပြင်လူတွေကို ပြောပါတယ်။ သူတို့ရဲ့ နိုင်ငံရေး တွက်ချက်မှုတွေထဲမှာ အင်ဒိုချိုင်းနားမှာ ဖြစ်ပျက်ခဲ့တာတွေကို အလေးအနက်ထား ထည့်သွင်း တွက်ချက်ပြီးတော့ ဒီလို ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ သိုသိုသိပ်သိပ် ပိပိရိရိလေး နေကြတာကို ထိုင်းတွေကလည်း သဘောကျကြပါတယ်။

၁၉၆၅ မှာ တရုတ်အမျိုးသားတပ်မတော်က ထောက်လှမ်းရေး အရာရှိကြီး ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်ရှန် ဟာ လူမသိ သူမသိနဲ့ ဇုန်−၁၉၂၀ ရဲ့ အကြီးအကဲ ဖြစ်လာပါတယ်။ မာချွန်းကော် က သူ့လက်ထောက် အဖြစ် တာဝန်ယူရပြီး ဇုန်−၁၉၂၀ လက်အောက်က တဖွဲ့တည်းရှိတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်တဲ့ တပ်မဟာ (၃) ကိုသာ ကွပ်ကဲခိုင်းပါတယ်။ တပ်မဟာ (၃) ဟာ အမှန်တော့ မာချွန်းကော်ရဲ့ အရင်တုန်း ယူနန် အနောက်ပိုင်း လှုပ်ရှား စစ်ကြောင်းပဲ ဖြစ်ပါတယ်။ သူ့နောက်ပိုင်း တာဝန်ယူမယ့်သူတွေအတွက် ပုံစံ ချပေးတဲ့ အနေနဲ့ ထိန်ဝင်ရှန် က ထိုင်းနိုင်ငံမှာ တလှည့်၊ ထိုင်ဝမ်းမှာ တလှည့်နဲ့ နောက်ကွယ်ကနေ အလုပ်လုပ်ပါတယ်။ မာချွန်းကော်ကိုတော့ ထိုင်းတွေ၊ အမေရိကန်တွေနဲ့ ဆက်ဆံဖို့ ထားပါတယ်။ ထိုင်းနိုင်ငံမှာ ဘာမှ လျှို့ဝှက်ထားဖို့ မလွယ်ဘူးဆိုတာကို ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ သိလိုက်ရတယ်။ ၁၉၆၅ မေ ၁၈ ရက်ထုတ် နယူးယောက်တိုင်းမ် သတင်းစာက ဆောင်းပါး တပုဒ်မှာ ထိန်ဝင်ရှန်ရဲ့ တာဝန်တွေ အကြောင်းနဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး အဖွဲ့တွေ ထိုင်း−မြန်မာနယ်စပ်မှာ ရှိနေကြကြောင်း အကျယ်တဝင့် ပါလာပါတော့တယ်။

ဒီဆောင်းပါးကို ဝါရင့် သတင်းစာဆရာ ဆီးမိုး တော့ပင်းက အမေရိကန် သံတမန်တွေ အကြားက ကွဲပြားတဲ့ အမြင်တွေကနေ ထုတ်နုတ် ဖော်ထုတ်ရေးသားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လှုပ်ရှားမှုတွေကို ရပ်တံ့ဖို့အတွက် ထိုင်ပေကို ဖိအားပေးပေးဖို့ ဝါရှင်တန်ကို ရန်ကုန်ရှိ သံအမတ်ကြီး ဟင်နရီ အေ ဘိုင်ရုတ်က တောင်းဆိုပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လှုပ်ရှားမှုတွေက ရလာမယ့် မဆိုစလောက် အကျိုးကျေးဇူးတွေထက် ဒီတိုင်းပြည်ရဲ့ တည်ငြိမ်မှုဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဦးတည်ချက်တွေအတွက် ပိုပြီးတော့ အရေးပါတယ်လို့ သူက ဆိုပါတယ်။ ထိုင်ပေရှိ ရိုက် ကတော့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ ရှိနေတဲ့ ကိစ္စကို ကာကွယ်ပြောဆိုပါတယ်။ “ထောက်လှမ်းရေး သတင်းနဲ့ တရုတ် ကွန်မြူနစ်တွေကို အနှောက်အယှက် ပေးတဲ့ စစ်ဆင်ရေးတွေ ရှိမရှိ” ဆိုတဲ့ အထောက်အထားတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဇုန်−၁၉၂၀ က ယူနန်ထဲကို အကြီးအကျယ် ဝင်ရောက်တိုက်ခိုက်တာ မရှိဘူးလို့ ပြန်ငြင်းပါတယ်။ ဒါ့ကြောင့် ထိုင်ဝမ်းကို အရေးဆိုတာဟာ မလိုအပ်ဘဲနဲ့ ထောက်လှမ်းရေး သတင်း အရင်းအမြစ်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဘန်ကောက်ရှိ သံအမတ်ကြီး ဂရေဟမ် မာတင် ကလည်း သဘောတူပါတယ်။ သုံးနိုင်ငံ နယ်စပ်ဒေသက ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ စုဆောင်းရရှိတဲ့ သတင်းတွေဟာ ဝါရှင်တန်နဲ့ ထိုင်ပေ နှစ်ဖက်စလုံးအတွက် တန်ဖိုးရှိတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ထိုင်းဘက်က ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေကို နှင်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် တရုတ်ဖြူတပ်ဖွဲ့တွေကို မြန်မာနိုင်ငံ အတွင်းပိုင်း အထိ တွန်းပို့လိုက်သလို ဖြစ်သွားပြီး မြန်မာအစိုးရအတွက် ပိုပြီး ဒုက္ခရောက်စေလိမ့်မယ်လို့ ဆိုပါတယ်။

ထိုင်ပေနဲ့ ဘန်ကောက်မှာရှိတဲ့ သံအမတ်ကြီးတွေဘက် လိုက်ပြီးတော့ နိုင်ငံခြားရေးဌာနက ဘိုင်ရုတ် ကို “တရုတ်ဖြူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မြန်မာတွေ စိုးရိမ်နေတာ လျော့နည်းသွားအောင် ဖျောင်းဖျပြောဆိုပါ” လို့ ညွှန်ကြားလိုက်ပါတယ်။ တော့ပင်း ရဲ့ နယူးယောက်တိုင်းမ်ပါ ဆောင်းပါးကို ဝါရှင်တန်က လိုရာဆွဲပြီး မမှန်မကန်ရေးထားတာလို့ သတ်မှတ်ပြီး ပယ်ချထားပါတယ်။ ဒါကြောင့် ဒီဆောင်းပါးအပြင် တခြား “ဘယ်လို အထောက်အထားတွေကြောင့် မြန်မာတွေက စိုးရိမ်နေရတာလဲ ဆိုတာကို သိအောင် ကြိုးပမ်းအားထုတ်သင့်တယ်” လို့လည်း ဘိုင်ရုတ် ကို ညွှန်ကြားပါတယ်။ တကယ်တော့ တော့ပင်းရဲ့ ဆောင်းပါးဟာ အဖြစ်မှန်နဲ့ အတော်လေး နီးစပ်နေတာဟာ စိတ်မသက်သာ ဖြစ်စရာပါပဲ။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေကို ပိုပြီး ကိုယ်ရောင်ဖျောက်နိုင်အောင်လို့ ဇုန်−၁၉၂၀ ရဲ့ ဌာနချုပ်ကို ချင်းမိုင်ကနေ ခေ့ကျိဟွမ့် စခန်းကို ၁၉၆၅ အောက်တိုဘာလ အတွင်းမှာ ရွှေ့လိုက်ကြပါတယ်။ ဇုန်−၁၉၂၀ ရဲ့ ဖုကျန့်တပ်ဖွဲ့ အတွက် လေ့ကျင့်ရေး သင်တန်းကိုလည်း ထိုင်ဝမ်းကလာတဲ့ စစ်ထောက်လှမ်းရေး ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်အရ ၁၉၆၆ နွေဦးကာလမှာ သည်းကြီးမည်းကြီး စတင်လိုက်ပါတော့တယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ လူသစ် စုဆောင်းသလဲဆိုတာကို မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေခံပညာ ကျောင်းဆရာ တယောက်ရဲ့ အတွေ့အကြုံတွေကို လေ့လာကြည့်နိုင်ပါတယ်။ ဒေသခံ တရုတ် အသိုင်းအဝိုင်း လူကြီး တယောက်က ထောက်လှမ်းရေးလုပ်ငန်း အတွက် လေ့ကျင့်ပေးဖို့ ပညာတတ် လူငယ်တွေ လိုက်ရှာနေတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လူသစ် စုဆောင်းသူ တယောက်ကို အဲဒီ ကျောင်းဆရာနဲ့ မိတ်ဆက်ပေးပါတယ်။ ကျောင်းဆရာနဲ့ သူ့မိတ်ဆွေ တယောက်က ဝင်ပါဖို့ စာရင်းပေးပြီး ၁၉၆၆ နွေရာသီမှာ ရထားနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက မန္တလေးကို သွားပါတယ်။ သူတို့ဟာ တခြား လူငယ် အမျိုးသား အမျိုးသမီး ၄၀ လောက်နဲ့ အတူ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ တန့်ယန်းဘက်က မြေပြင်စခန်းမှာ တလ သင်တန်း တက်ပါတယ်။ ပြီးမှ ထိုင်းနိုင်ငံဘက်ကို သွားရပါတယ်။

လူသစ်တွေဟာ လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) က လိုက်လံ စောင့်ရှောက်ပေးတဲ့ ဘိန်းတန်း တခုနဲ့ အတူ တောင်ဘက်ကို ခရီးထွက်ရပါတယ်။ အဲဒီအချိန်အထိ လက်နက်မကိုင်ရသေးပါဘူး။ ဘိန်းတန်းမှာ တိရစ္ဆာန်ချည်းပဲ ၁၀၀၀ လောက်ပါတယ်။ ကုန်သည်တွေနဲ့ မြန်မာအစိုးရကို ပုန်ကန်နေတဲ့ သူပုန်တွေ ပါလို့ လူတွေလည်း အတော်များတယ်။ ၁၀ ရက်လောက် ကြာအောင် သွားရပြီးနောက် တပ်တော် (၃) ရဲ့ စခန်း တခုမှာ ခဏနားပြီး စက်တင်ဘာလယ် တရုတ် လမုန့်ပွဲတော်ကို ကျင်းပကြပါတယ်။ သုံးရက်ကြာပြီးတဲ့ နောက်မှာ ခရီးဆက်ထွက်ကြပါတယ်။ မြန်မာစစ်တပ် ကင်းလှည့်စစ်ကြောင်းတွေနဲ့ မဆုံရအောင် ညအခါမှာပဲ သွားကြပါတယ်။ သံလွင်မြစ်ကို လှေလေးတွေဖြတ်ကူးပြီးတော့ အောက်တိုဘာလမှာ လီဝင်ဟွမ့်ရဲ့ ထမ်ငေါ့ပ် စခန်းကို ရောက်ပါတယ်။ အဲဒီမှာ ကြိုဆိုပွဲလုပ်ပြီးတော့ တရက်နားပါတယ်။ ပြီးမှ လူသစ်တွေက အနီးတဝိုက်မှာ ရှိတဲ့ ခေ့ကျိဟွမ့် စခန်းကို ဆက်သွားကြရပါတယ်။

ဇုန်−၁၉၂၀ က ထောက်လှမ်းရေး ကျွမ်းကျင်ပညာရှင်တွေဟာ ရေဒီယို ဆက်သွယ်ရေးတွေကို ကြားဖြတ် နားထောင်နိုင်တယ်။ နယ်စပ်တလျှောက်မှာ တည်ဆောက်ထားတဲ့ စခန်းတွေက အေးဂျင့်တွေ စုဆောင်းထားတဲ့ သတင်းတွေ သို့မဟုတ် အေးဂျင့်တွေ ယူနန်ပြည်နယ် အတွင်း လျှို့ဝှက် တာဝန်နဲ့ သွားပြီး ရခဲ့တဲ့ သတင်းတွေကို စီမံခန့်ခွဲနိုင်တယ်။ သူတို့တွေကို နောက်ထပ် စစ်သင်တန်းတွေ ထပ်မပေးတော့ဘူး။ သတင်း စုဆောင်းရေး စခန်းတွေ အတွက် လုံခြုံရေး အတွက်နဲ့ ယူနန်ပြည်နယ်ထဲမှာ သတ်မှာတ်ထားတဲ့ စစ်ရေးတာဝန်တွေ ဆောင်ရွက်နိုင်ဖို့ အတွက် မာချွန်းကော်ရဲ့ တပ်မဟာလိုမျိုး လက်နက်ကိုင် တပ်ဖွဲ့တွေ ဇုန်−၁၉၂၀ မှာ လိုအပ်တယ်။ တပ်တော် (၃) နဲ့ (၅) တို့ကို စစ်ထောက်လှမ်းရေး လက်အောက် ရောက်လာအောင် ထိုင်ပေက မဆောင်ရွက်နိုင်လို့ ဇုန်−၁၉၂၀ က ဒီလို တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ရှာဖွေနေရတာ ဖြစ်ပါတယ်။4

ဇုန်-၁၉၂၀ ရဲ့ အဓိက စစ်ရေးအင်အားဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တဟုန်တိုး တိုးပွားလာတဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်လုပ်တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက ရရှိပါတယ်။ အရေးတကြီး ပထမဆုံး စုဆောင်းရရှိတာကတော့  ‘ဝ’ အမျိုးသားတပ်မတော် (ဒဗလျူအဲန်အေ) လို့ ခေါ်တဲ့ အိုက်ရှောင်ရှီ ဦးဆောင်တဲ့ ‘ဝ’ လူမျိုး လက်နက်ကိုင် အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့က လူ ၂၀၀ အင်အားရှိပါတယ်။ နောက်ထပ် မြန်မာနိုင်ငံ ‘ဝ’ နယ်တွေက လက်နက်ကိုင် တိုက်ခိုက်ရေးသမား ၁၀၀ လောက်ကိုလည်း စုဆောင်းရရှိထားပါတယ်။5 အရင်တုန်းက အိုက်ရှောင်ရှီရဲ့ အဖွဲ့ဟာ ဘိန်းမှောင်ခိုအုပ်စု တခုဖြစ်ပြီး မြန်မာအစိုးရက ဖွဲ့စည်းထားပေးတဲ့ ကာကွယ်ရေး အဖွဲ့တဖွဲ့လည်း ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခဲ့ဖူးပေမယ့်လည်း အိုက်ရှောင်ရှီနဲ့ သူ့လူတွေဟာ စည်းလုံးညီညွတ်ပြီး အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်ပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက တဆင့်ခံ ငှားရမ်းတာ မဟုတ်ဘဲ တိုက်ရိုက်ငှားရမ်းတာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ခေ့ကျိဟွမ့် စခန်းကို ၁၉၆၇ ဖေဖော်ဝါရီလထဲမှာ ရောက်သွားကြပါတယ်။

• ပိုပြီး တက်ကြွတဲ့ ဇုန်−၁၉၂၀

ယူနန်နယ်စပ် တလျှောက်က ထောက်လှမ်းရေး သတင်း စုဆောင်းတဲ့စခန်းတွေ ကာကွယ်ဖို့နဲ့ တရုတ်နိုင်ငံထဲမှာ ပျောက်ကြား စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ အတွက် ဇုန်-၁၉၂၀ က အိုက်ရှောင်ရှီ အဖွဲ့ထက် အင်အားကောင်းတဲ့ တပ်ဖွဲ့ လိုအပ်ပါတယ်။ ကွန်မြူနစ်နဲ့ မြန်မာစစ်တပ် မဟုတ်ရင်ပြီးရော ဒေါင်ဒေါင်မြည် မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့တွေထဲက အင်အား အရွယ်အစား ဘယ်လောက်ရှိတဲ့ အဖွဲ့မျိုးကိုပဲ ဖြစ်ဖြစ် စည်းရုံးသိမ်းသွင်းဖို့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက ပြင်ဆင်ထားပါတယ်။ ဖြစ်ချင်တော့ အဲဒီအဖွဲ့တွေ အများစုဟာ မြန်မာဘက်က ထောက်ပံ့တဲ့ ငွေကြေးကို ရရှိနေတဲ့ အိုက်ရှောင်ရှီ တို့လိုမျိုး ကာကွယ်ရေးအဖွဲ့တွေသာ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေက နှစ်ဖက်စလုံး အတွက် အလုပ်လုပ်ပေးလိုစိတ် ရှိကြပါတယ်။

ကွန်မြူနစ် ပျောက်ကြားတွေကို တိုက်ခိုက်ဖို့အပြင် တခါတလေ ရှမ်းပြည်နယ်က တရုတ်ဖြူတွေကို တိုက်ခိုက်ဖို့အတွက်ပါ မြန်မာအစိုးရက ဒီကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းခွင့်ပေးထားတာ ဖြစ်ပါတယ်။ အပြန်အလှန် အနေနဲ့ ခွန်ဆာ၊ လော်စစ်ဟန် (လော်ရှင်းဟန့်)နဲ့ သူတို့လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ဆေးမှောင်ခိုသမားတွေ ပါဝင်တဲ့ ဒီကာကွယ်ရေးအဖွဲ့တွေ သူတို့သဘောရှိ စီးပွားရေး လုပ်ငန်းတွေနောက် တကောက်ကောက် လိုက်နိုင်အောင် မြန်မာဘက်က လွှတ်ထားပေးလိုက်ပါတယ်။ စီးပွားရေးဘက် သန်တဲ့လူတွေဟာ အခြေအနေအရ ရေလိုက်ငါးလိုက် နေတတ်တဲ့ သဘောအရ အဲဒီကာကွယ်ရေးအဖွဲ့ အတော်များများဟာ ကွန်မြူနစ်နဲ့ဖြစ်ဖြစ် မြန်မာစစ်တပ်နဲ့ဖြစ်ဖြစ် တိုက်ပါ့မယ်လို့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ သဘောတူထားကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ကွန်မြူနစ် သူပုန်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ မဟုတ်တဲ့ ပြိုင်ဘက် တခြား ဘိန်းမှောင်ခိုအဖွဲ့တွေကလည်း သူတို့ ကိုယ်ပိုင် ဘိန်းကုန်သွယ်ရေးကို သူတို့ လုပ်ကြတယ်။ ဘိန်းလုပ်ငန်းဟာ မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လောင်စာဖြည့်ပေးတဲ့အတိုင်းပါပဲ။ ဘိန်လုပ်ငန်းက လောင်စာဖြည့်ပေးတဲ့ တိုက်ပွဲတွေထဲမှာ မြန်မာစစ်တပ်၊ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ ကွန်မြူနစ်တွေက အဓိက အင်အားစုတွေ ဖြစ်လာပါတယ်။ သူတို့နဲ့ မပတ်သက်၊ လက်မတွဲဘဲ ရပ်တည်နိုင်တဲ့ အဖွဲ့ဆိုလို့ မရှိပါဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြန်မာအစိုးရနဲ့ ပတ်သက်ဆက်နွှယ်နေတယ် ဆိုပေမယ့် သူတို့အတွက် အကျိုးအမြတ် မရှိရင် များသောအားဖြင့် ပါဝင်တိုက်ခိုက်ဖို့အတွက် ဝန်လေးကြပါတယ်။ စီးပွားရေးအရ အကျိုးအမြတ်တွေ ရှိတာကြောင့် ဒီအဖွဲ့တွေဟာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့နဲ့ မကြာခဏဆိုသလို မိတ်ဖွဲ့ကြပါတယ်။ မကြာခဏ ဆိုသလို ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံဘက်ကနေ လက်နက်နဲ့ တခြား ပစ္စည်းတွေကို ရှမ်းပြည်နယ်ထဲက ထိုင်ဝမ်း စစ်ထောက်လှမ်းရေး အခြေစိုက် စခန်းတွေရောက်အောင် သယ်ပေးပါတယ်။ တောင်မြောက်တန်းလျက် တည်ရှိနေတဲ့ အဲဒီ စခန်းတွေကို ဘိန်းတွေ သိမ်းတဲ့ ဂိုဒေါင်တွေ၊ တထောက်နား စခန်းတွေ အဖြစ် အသုံးပြုတယ်။ စခန်းမှာရှိတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး ရေဒီယို ဆက်သွယ်ရေး ကွန်ရက်က ဘိန်းတန်းတွေ မြန်မာစစ်တပ်နဲ့ တခြား ရန်သူအစုအဖွဲ့တွေရန်က လွတ်အောင် ကူညီပေးနိုင်ပါတယ်။

ဇုန်−၁၉၂၀ ဟာ ကွဲပြားခြားနားပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့ မှောင်ခိုအဖွဲ့တွေကို အသုံးပြုပြီး အင်အား ၅,၀၀၀ အထိ တိုးချဲ့ဖို့ ပြင်ဆင်လာတော့ နောက်ဆုံးတော့ ထိုင်းတွေလည်း မျက်လုံးပြူးကုန်ပါတော့တယ်။ ၁၉၆၆ ဂျွန်လမှာ ထိုင်းအစိုးရက ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ နယ်စပ် ဖြတ်ကျော် လှုပ်ရှားတွေကို ထိန်းချုပ်ဖို့ လုပ်ပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လှုပ်ရှားမှုတွေဟာ ထိုင်း−မြန်မာ ဆက်ဆံရေးမှာ အနှောက်အယှက် မဖြစ်ဖို့လိုတယ်လို့ သတိပေးပါတယ်။ ထိုင်းက စိတ်ပူနေတာကို သက်သာရာရစေဖို့ ကျန်ကျင်းကော်က မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး တပ်ဖွဲ့တွေ အတွက် ထောက်ပံ့နေတဲ့ လမ်းကြောင်းကို ထိုင်းနိုင်ငံကနေ လာအိုနိုင်ငံကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ အုန်း ရတ်ထီကွန်းက စောင်မကြည့်ရှုမှုနဲ့ ဇုန်−၁၉၂၀ ဟာ လက်နက်နဲ့ လူတွေ တထောက်နားဖို့ အတွက် ဝိန်းကျန်နဲ့ လုံဖရာ့ဘန်းမှာ ရုံးတွေ ဖွင့်ပါတယ်။

ထိုင်းတွေက စိုးရိမ်နေပေမယ့် ဇုန်−၁၉၂၀ က ပျောက်ကြား စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက်လည်း လုပ်နိုင်တာ မရှိသလောက်ပါပဲ။ ၁၉၆၆ ခုနှစ် အတွင်း ယူနန်ဘက်ကို ကိုးကြိမ် ဝင်တိုက်ခိုက် စီးနင်းဖူးပါတယ်ဆိုတဲ့ တရားဝင် မှတ်တမ်းဟာလည်း လှည့်စားမှု တခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝင်တိုက်ခိုက်တဲ့ အင်အားက အများဆုံး လူ ၄၀ ပဲ ပါဖူးပါတယ်။ ၁၉၆၆ ခုနှစ် အတွင်း စစ်ပြန်တွေနဲ့ စုဖွဲ့ထားတဲ့ မာချွန်းကော်ရဲ့ တပ်မဟာနဲ့ တပ်တော် (၃) နဲ့ (၅) ဆီကငှားထားတဲ့ တပ်ဖွဲ့ကလေးတွေရဲ့ တိုက်ခိုက်မှုတွေဟာ ပြောစမှတ်ပြုလောက်အောင် အောင်မြင်မှု ရတာလည်း မဟုတ်ပါဘူး။ ၁၉၆၆−၆၇ ပွင့်လင်းရာသီမှာ ဇုန်−၁၉၂၀ က ငှားရမ်းထားတဲ့ အဖွဲ့တွေဟာ တပ်တော် (၃) နဲ့ (၅) က တပ်ဖွဲ့တွေ မပါဘဲ ယူနန်ဘက်ကို နောက်ထပ် ၁၂ ကြိမ် ဝင်တိုက်နိုင်ခဲ့ပါတယ်။ အသေးစား တိုက်ခိုက်မှုလေးတွေသာ ဖြစ်ပြီး တခါက လူခြောက်ယောက်ကနေ အများဆုံး ၂၇ ယောက်အထိပဲ ပါပါတယ်။ ထိုင်းဘက်က စိုးရိမ်ပူပန်နေတာတွေ လျော့နည်းသွားအောင် ရည်ရွယ်ပြီးတော့ ၁၉၆၇ ခုနှစ်အတွင်းမှာ သိုသိုသိပ်သိပ် နေဖို့အတွက်လည်း ထိုင်ပေက ဇုန်−၁၉၂၀ ကို အမိန့်ပေးဖို့ လွယ်ကူသွားပါတယ်။

၁၉၆၈ မတ်လမှာ ဖုကျန့်တပ်ဖွဲ့ ကို ကွမ်းဝူတပ်ဖွဲ့ လို့ နာမည်ပြောင်းလိုက်တယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး အဖွဲ့မှာ စစ်ဆင်ရေးဝင်နိုင်တဲ့ တပ်မဟာ သုံးခု ရှိတယ်။ အမြဲတမ်း တပ်သားတွေလည်း ပါတယ်၊ အမြဲတမ်း မဟုတ်တာတွေလည်း ပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ ခေ့ကျိဟွမ့်စခန်း သင်တန်းဆင်းတွေ၊ အိုက်ရှောက်ရှီ လိုမျိုး တိုက်ရိုက် ငှားထားတဲ့ အဖွဲ့တွေ၊ ကန်ထရိုက်စနစ်နဲ့ ငှားထားတဲ့ ရှမ်းပြည်နယ်က မူးယစ်ဆေးလုပ်တဲ့ တပ်ဖွဲ့တွေနဲ့ မာချွန်းကော်ရဲ့ တပ်မဟာ (၃) က စစ်ပြန်တွေ ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးစဲလေစဲဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ယူနန်ဘက်ကို ဝင်တိုက်တာတွေဟာ ထိထိရောက်ရောက် မရှိပါဘူး။ ယူနန်ပြည်နယ်ထဲက ‘ဝ’ ဒေသတွေကို တိုက်ခိုက်တဲ့အခါ ဒေသခံ ကွန်မြူနစ် ပြည်သူ့စစ်တွေက သူတို့ကို အချိန်တို အတွင်း မြန်မာနိုင်ငံဘက်ကို ပြန်မောင်းထုတ်ပစ်လိုက်တာ များပါတယ်။ တခါတုန်းကဆို အင်အား ၃၁၀ လောက်နဲ့ ဝင်တိုက်တာလည်း ပြန်ထွက်ပြေးလာရတာပါပဲ။ ဒီဇင်ဘာလတုန်းက ဝင်တိုက်တာဆိုရင် ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက ယူနန်ကို ဝင်တိုက်တဲ့အထဲမှာ အမြင့်ဆုံးရေချိန်ပဲ ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ် အတွင်း ဇုန်−၁၉၂၀ က ကြိုးစားပမ်းစား အားထုတ်နေတာတွေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာ တရုတ်နီက ကျောထောက်နောက်ခံပေးထားတဲ့ ကွန်မြူနစ်သူပုန်တွေ အင်အားကြီးထွားလာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက ပြည်တွင်း ကွန်မြူနစ် သူပုန်တွေကို လွတ်လပ်ရေးရကတည်းက တိုက်ခိုက်လာတာ ဖြစ်ပြီး ၁၉၆၀ ပြည့်လွန်နှစ်ဦးပိုင်းမှာ အတော်များများကို နှိမ်နင်းပစ်လိုက်နိုင်တယ်။  ၁၉၆၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေမှာတော့ ပေကျင်းက ကျောထောက်နောက်ခံပေးထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တိုက်ခိုက်ရေးသမားတွေ အစုလိုက် အပြုံလိုက် ဝင်လာတယ်။  တရုတ်−မြန်မာ နှစ်နယ်နိုင်ငံ နယ်စပ် နှစ်ဘက်စလုံးမှာ နေထိုင်ကြတဲ့ လူနည်းစု လူမျိုးတွေကို စုဆောင်းထားတာဖြစ်တယ်။ အချိန်တိုအတွင်းမှာ ဗကပတွေက ယူနန်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ် တလျှောက်ကို သိမ်းပိုက်လိုက်နိုင်တော့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့တွေ ယူနန်ထဲ ဝင်ဖို့ ခက်ခဲသွားတယ်။ ၁၉၆၉ ခုနှစ်ထဲမှာ ကွမ်းဝူတပ်ဖွဲ့က ယူနန်ထဲကို လေးကြိမ် ဝင်တိုက်ခဲ့တယ်။ တကြိမ် လူအင်အား ၁၂ ယောက်ကနေ ၃၅ အထိပဲပါတယ်။ နယ်စပ်ကို ရောက်အောင် ဗကပ တပ်ဖွဲ့တွေကို ရှောင်တိမ်းပြီး သွားရတာမို့လို့ လူအင်အား အများအပြားနဲ့ သွားဖို့ ခက်ပါတယ်။ ၁၉၇၀ မှာ နှစ်ကြိမ် ဝင်တိုက်နိုင်ပြီးတော့၊ ၁၉၇၁ မှာတော့ တကြိမ်ပဲ ဝင်တိုက်နိုင်ပါတယ်။ ဇုန်−၁၉၂၀ ရဲ့ ပြည်မကြီးကို ဝင်ရောက်စီးနင်းတိုက်ခိုက် ပျောက်ကြား စစ်ဆင်ရေး တာဝန်ဟာ အထနှေးသလို ရလဒ်လည်း မကောင်းတာမို့လို့ နောက်ဆုံးမှာ ရပ်ပစ်လိုက်ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘိန်းမှောင်ခိုလုပ်ငန်းကတော့ အရှိန်အဟုန် ကောင်းနေဆဲ ဖြစ်ပါတယ်။

ဇုန်−၁၉၂၀ အတွက် နောက်ထပ် လာအိုနိုင်ငံထဲမှာ တပ်မဟာ (၄) ဖွဲ့စည်းဖို့ ရည်ရွယ်ထားတာ မအောင်မြင်တာပဲ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းစစ် အပြီး လာအိုနိုင်ငံ ဖုန်ဆာလီပြည်နယ်မှာ ထိန်းသိမ်းထားတဲ့ တရတ်ဖြူ စစ်ပြန်တွေကို စုဖွဲ့ပြီး ဒီတပ်မဟာကို တရုတ်နယ်စပ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ စလိုက်တာနဲ့ အဲဒီအဖွဲ့ရဲ့ တပ်မှူးက သူ့မှာ အချိန်ပြည့် ပျောက်ကြား ၂၀၀ နဲ့ ဒေသခံ ပြည်သူ့စစ် ၇၀၀ စုစည်းထားပြီးပြီလို့ ဆိုပါတယ်။ သူတို့အတွက် ထိုင်ဝမ်းက တခါတလေ လေကြာင်းနဲ့ ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ၁၉၆၇ ဒီဇင်ဘာလမှာ ဒီတပ်ဖွဲ့ အသစ်စက်စက်ကလေးကို တရုတ်နီ၊ ဗီယက်နမ်နဲ့ ပထိတ်လာအို တပ်ဖွဲ့တွေက သတိထားမိသွားလို့ ပြန်ဖုံးဖိထားလိုက်ရပါတယ်။

၁၉၇၂ ယဲ့ရှန်းကျိ က ကူမင်တန် အမှတ် (၂) ဌာနကြီးနဲ့ စစ်ထောက်လှမ်းရေးဗျူရို နှစ်ခုစလုံးကို ထိန်းချုပ်လိုက်ပါတယ်။ ဒါကြောင့် နှစ်ဖွဲ့စလုံးက စစ်သားတွေ ပူးပေါင်းအင်အား ၁၀၀ လောက်နဲ့ လာအိုနိုင်ငံထဲမှာ တပ်မဟာ (၄) ဖွဲ့စည်းဖို့ ထပ်မံကြိုးစားပါတယ်။ ဂျွန်လမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ အသစ်ဟာ မဲခေါင်မြစ်ကို ကူးပြီး ကျိုင်းတုံနယ်ထဲ ဝယ်လာတဲ့အခါ ဗကပတပ်တွေ ခြုံခိုတိုက်ခိုက်တာခံရပါတယ်။ ဒါပေမယ့် သတ်ကွင်းထဲက လွတ်မြောက်သွားပြီး ကျိုင်းတုံမြို့ အရှေ့ဘက် ဒေသကို ရောက်အောင်သွားနိုင်ခဲ့တယ်။ ၁၉၇၄ ခုနှစ် ဗကပတွေ လာတိုက်ထုတ်တဲ့အထိ အဲဒီနေရာမှာ အခြေစိုက်ပြီး အလုပ်လုပ်ခဲ့ကြပါတယ်။

• ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ မူးယစ်ဆေး ရောင်းဝယ်မှု

အစတုန်းကတော့ ဇုန်-၁၉၂၀ တပ်ဖွဲ့တွေက မြန်မာနိုင်ငံထဲမှာ သိုသိုသိပ်သိပ်နဲ့ လှုပ်ရှားကြပါတယ်။ မြန်မာနိုင်ငံ အတွင်းက သူပုန်တွေကို သူတို့အဖွဲ့ဝင် အဖြစ် သိမ်းသွင်းခြင်း မရှိတာကြောင့် မြန်မာအစိုးရကလည်း သိပ်ပြီး အရေးမစိုက်ပါဘူး။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက တိုက်ရိုက် ခြိမ်းခြောက်နေတာလည်း မရှိဘူး၊ သူနဲ့ ပတ်သက်ပြီး ချက်ခြင်း ဒုက္ခရောက်စရာလည်း မရှိဘူး။ ဒါပေမယ့် ယူနန်ဘက်ကို မဖြစ်ညစ်ကျယ်လေး ဝင်ရောက်နှောက်ယှက် ပစ်ခတ်နေတာကလည်း ပေကျင်းရဲ့ ဒေါသကို ဆွပေးရာအထိ မရောက်ပါဘူး။ ဒါပေမယ့် မြန်မာအစိုးရကို တော်လှန်ပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေနဲ့ ပတ်သက်ယှက်နွှယ်လာတာကြောင့် ထိုင်ဝမ်း စစ်ထောက်လှမ်းအဖွဲ့တွေ ကြီးထွားလာတာကို ၁၉၆၀ ပြည့်လွန်နှစ်တွေ ကုန်ခါနီးမှာတော့ မြန်မာအစိုးရက သည်းမခံနိုင်တော့ပါဘူး။ ယူနန်ဘက်ကတော့ ထောက်ပံ့မှုတွေ ရပြီး အင်အားကြီးထွားလာတဲ့ ဗကပ တပ်ဖွဲ့တွေနဲ့လည်း ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ ထိတွေ့ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၈ ဇန်နဝါရီလထဲမှာ ဗကပတွေက ကိုးကန့်နယ်ထဲက မြန်မာနယ်စပ် ရွာကလေး တခုကို သိမ်းပိုက်နိုင်ပြီး အရှေ့မြောက် “စစ်ဒေသ” ကို တည်ထောင်ခဲ့တယ်။ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အလျှော့မပေးဘဲ ခုခံတိုက်ခိုက်ခဲ့ပြီး တခါတလေလည်း အောင်ပွဲတွေရတတ်ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၂ မှာတော့ အင်အားကြီးတဲ့ ဗကပတွေက ကိုးကန့်နယ်ကနေ ယူနန်နယ်စပ်တလျှောက် လာအိုအထိကို ဖြန့်ကျက်စိုးမိုးထားနိုင်ပြီ ဖြစ်ပါတော့တယ်။

ဗကပရဲ့ လှုပ်ရှားမှုတွေ ကျယ်ပြန့်လာတာကြောင့် ဗကပကို တိုက်ဖို့ မြန်မာအစိုးရက တပ်အင်အား အများအပြား ပို့လာပါတော့တယ်။ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ ဗကပနဲ့ မြန်မာစစ်တပ် တပ်ဖွဲ့တွေ ရှိနေတာကြောင့် ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့အတူ ဆက်နွှယ်နေတဲ့ အဖွဲ့တွေဟာ နှစ်ဖက်တပ်ဖွဲ့တွေကို ကျော်လွှားသွားပြီး ယူနန်ဘက်ကို ဝင်တိုက်ဖို့ ခက်ခဲသွားပါတယ်။ ဒီအတွက်လည်း သူတို့ဘက်က ပြင်ဆင်ထားတာတွေ မရှိပါဘူး။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ အဖွဲ့ငယ်လေးတွေက မသိမသာလေးနဲ့ ထောက်လှမ်းရေး သတင်းတွေ ဆက်ပြီး စုဆောင်းပါတယ်။ ယူနန်ဘက်ကို ဝင်တိုက်ဖို့ တာဝန်ယူထားတဲ့ စစ်ရေးအဖွဲ့တွေကတော့ ဘာမှ မလှုပ်သာပါဘူး။ ဒါဟာ အများကြီး မျှော်လင့်ထားတဲ့ ထိုင်ပေက စစ်ထောက်လှမ်းရေး ဌာချုပ် အတွက်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်စရာပါပဲ။ ဒါပေမယ့် ထိုင်းနဲ့ လာအိုဘက်ကို မူးယစ်ဆေးနဲ့ ကျောက်မျက်ရတနာတွေ မှောင်ခိုချနေကြတဲ့ မြေပြင်က တပ်ဖွဲ့တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပူပန်နေကြပုံ မပေါ်ပါဘူး။

အဲဒီအတောအတွင်း အင်အားကြီးထွားတာတဲ့ ဗကပ ဟာ ရွှေတြိဂံဒေသမှာ ဘိန်းထွက် အများဆုံး ဒေသ တချို့ကို စိုးမိုးထားနိုင်ပြီ ဖြစ်တာကြောင့် ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံဘက်ကို ဘိန်းတင်ပို့ဖို့အတွက် အသုံးပြုတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး အခြေစိုက် စခန်းတွေ တသီတတန်းကြီးကို ပိတ်ပစ်ဖို့ ခြိမ်းခြောက်လာတဲ့ အနေအထား ဖြစ်လာတာပါတယ်။ တရုတ်ဖြူတွေရဲ့ တခြားပြိုင်ဘက်တွေလိုပါပဲ ဗကပတွေကလည်း ဘိန်းကုန်သွယ်ရေး လုပ်ငန်းမှာ အင်တိုက်အားတိုက် ပါဝင်လာလို့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး အတွက်တော့ စစ်ရေးပြိုင်ဘက်တင် မကဘဲ စီးပွားရေး ပြိုင်ဘက်ပါ ဖြစ်လာပါတော့တယ်။ မြန်မာစစ်တပ်ကလည်း ထိုင်ဝမ်း စစ်ထောက်လှမ်းရေးကို ဖိလာပါတယ်။ ၁၉၇၂ ဧပရယ် ၂၇ ရက်ကနေ မေ ၂ ရက် အထိ ကျိုင်းတုံမြို့ တောင်ဘက်မှာ မြန်မာစစ်တပ်က ထိုင်ဝမ်း စစ်ထောက်လှမ်းရေး ဇုန်−၁၉၂၀ လက်အောက်ခံ တပ်မဟာ တခုကိုတိုက်ပါတယ်။ ထောက်လှမ်းရေး သတင်း စုဆောင်းတဲ့ စခန်းတွေထဲမက အကြီးဆုံး စခန်း တခု ကျသွားပါတယ်။ နောက်တနှစ်မှာတော့ တန့်ယန်းမြို့တောင်ဘက် မိုင်အနည်းငယ် အကွာမှာ မြန်မာစစ်တပ်က ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လက်အောက်ခံ အိုက်ရှောင်ရှီ ဦးဆောင်တဲ့ တပ်မဟာနဲ့ စုစုပေါင်း အင်အား ၁,၂၀၀ လောက်ရှိတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ မဟာမိတ် ရှမ်းပြည်နယ်က အဓိက ဘိန်းမှောင်ခိုတပ်တွေကိုကို တိုက်ပါတယ်။ ဖြစ်ချင်တော့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး ကေဒါတွေနဲ့ တခြား တရုတ်ဖြူ တပ်ဖွဲ့ ကလေးတွေကလွဲလို့ မြန်မာစစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်ရေး သမား အများစုဟာ ကာကွယ်ရေးအဖွဲ့က လူဟောင်းတွေ ဖြစ်နေပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ မြေပြင် အနေအထားမှာ မြန်မာစစ်တပ်ဘက်က မိုးထဲလေထဲ သုံးပတ်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးတဲ့နောက် ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ လက်ဝေခံအဖွဲ့ကြီး နှစ်ဖွဲ့ ဖြစ်ကြတဲ့ လော်စစ်ဟန်နဲ့ ခွန်ဆာ6ရဲ့ တပ်ဖွဲ့တွေဟာ သံလွင်မြစ် အနောက်ဘက် ဆုတ်ခွာလာရပါတော့တယ်။ ကျန်တဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး တပ်ဖွဲ့တွေလည်း မကြာခင်မှာ နောက်က လိုက်ပြီး ဆုတ်လာရပါတယ်။ တိုက်ပွဲတွေ ပြီးသွားတိုင်း ဇုန်−၁၉၂၀ က ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး။ ၁၉၇၄ ဇန်နဝါရီလ အစောပိုင်းမှာ တပ်မဟာ (၃)7 ဟာ လားရှိုးမြို့ အရှေ့တောင်ဘက် မိုင် ၃၀ အကွာက အမြင့်ပေ ၈,၈၇၇ ပေ (၂,၇၀၆ မီတာ) ရှိတဲ့ လွယ်လိန်းတောင်အနားက သူတို့စခန်းကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ အိုက်ရှောင်ရှီရဲ့ တပ်မဟာ (၁) က Nanling မှာ ‘ဝ’ နဲ့ ကိုးကန့် လူမျိုးတွေပါတဲ့ ဗကပ တပ်ရင်း တရင်းက တိုက်တာကို အလူးအလဲခံနေချိန် ဖြစ်ပါတယ်။ တပ်မဟာ (၃) က စစ်ကူ စစ်ကြောင်းဟာ လမ်းမှာ ဖြတ်တောက် တိုက်ခိုက်တဲ့ ဗကပ စစ်ကြောင်းတွေကို ဖောက်ထွက်ပြီးတော့ တပ်မဟာ (၁) နဲ့ သွားပေါင်းနိုင်ပါတယ်။ ဗကပတွေကို တိုက်ထုတ်ပြီးတော့ အရင်တိုက်ပွဲတွေမှာ အဖမ်းခံထားရတဲ့ ရဲဘော်ရဲဘက်တွေကို ပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မတ်လမှာတော့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လက်အောက်ခံ တပ်မဟာ နှစ်ခုဟာ တန်ပြန် တိုက်စစ်ဆင်ပြီးတော့ ဗကပ တပ်ရင်းကို သံလွင် အရှေ့ခြမ်းဘက်ရောက်အောင် ပြန်မောင်းထုတ်နိုင်ခဲ့တယ်။

ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက အခုလို ရရှိတဲ့ အောင်ပွဲတွေဟာ ခြွင်းချက်တွေသာ ဖြစ်ပါတယ်။ အဆုံးသတ် အောင်မြင်မှု မဟုတ်ပါ။ သေချာတာကတော့ ဇုန်−၁၉၂၀ က တရုတ်နယ်စပ်ကို ရောက်အောင် မသွားနိုင်တော့ပါဘူး။ ဒါကြောင့် ရရှိလာတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ အပေါ် အခြေခံပြီး ရှမ်းပြည်နယ်က လက်နက်ကိုင် အဖွဲ့တွေကို အသုံးပြုပြီး ဆင်နွှဲရတဲ့ စစ်ဆင်ရေးတွေကို စွန့်လွှတ်လိုက်ရပါတော့တယ်။ အဲဒီအဖွဲ့တွေကို ကန်ထရိုက်စနစ်နဲ့ ငှားတဲ့အခါမှာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက ရှမ်းပြည်နယ် တလွှားမှာ ဖြန့်ကျက်ထားတဲ့ ထောက်လှမ်းရေး စခန်းတွေကနေ လက်နက်တွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ငွေချေပါတယ်။ ဘိန်းမှောင်ခိုကူးတာဟာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ အဓိက အလုပ်ကြီး ဖြစ်လာပါတယ်။ သူတို့နဲ့ တွဲအလုပ်လုပ်ကြတဲ့ ရှမ်းပြည်နယ်က ဘိန်းမှောင်ခိုတပ်တွေနဲ့ သိပ်ပြီး မကွာလှပါဘူး။ ဟိုတပ်တွေကလည်း သူတို့မှောင်ခိုလုပ်ငန်း သူတို့ ဆက်လုပ်နေကြတယ်။ တခါတလေလည်း ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေနဲ့ တွဲအလုပ်လုပ်တယ်၊ တခါတလေလည်း မလုပ်ဘူး။ မြောက်ဘက်က ရှမ်းပြည်နယ်အတွင်းရှိ ဇုန်−၁၉၂၀ ရဲ့ အခြေစိုက် စခန်းတွေ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပြီး တောင်ဘက်ကို အပြန်မှာတော့ ထိုင်းနဲ့ လာအိုဘက်က ဖောက်သည်တွေ အတွက် ဘိန်းနဲ့ ကျောက်စိမ်းတွေ သယ်လာရပါတယ်။ ဇုန်−၁၉၂၀ ရဲ့ မှောင်ခိုလုပ်ငန်းတွေကို ထိုင်ပေက အရာရှိကြီးတွေက သိပေမယ့် အသိကျိုးကျွန်ပြုထားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မြေပြင်က ရတဲ့အမြတ်ဝေစု တချို့ဟာ ထိုင်ပေမှာရှိတဲ့ အကြီးတန်း စစ်ထောက်လှမ်းရေး အရာရှိကြီးတွေကို ပေးနေရပုံပေါ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံဘက်ကို ဝင်လာတဲ့ ဘိန်းတွေနဲ့ ပတ်သက်ပြီး မှာ ဇုန်−၁၉၂၀ က ပါဝင်နေတယ် ဆိုတာ အမေရိကန်တွေမှာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေပါတယ်။ ထိုင်းနဲ့ လာအိုကို ရောက်လာတဲ့ ဘိန်းတွေကို အဲဒီမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေက ဘိန်းဖြူအဖြစ် သန့်စင်ချက်လုပ်ပြီးတော့ နိုင်ငံရပ်ခြားကို ဆက်ပို့ပါတယ်။ အဓိက ဖောက်သည်တွေကတော့ ဗီယက်နမ်မှာ တိုက်ပွဲဝင်နေတဲ့ အမေရိကန် စစ်သားတွေပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး အဖွဲ့တွေ မူးယစ်ဆေး မှောင်ခိုလုပ်နေတာကို ထိုင်ပေကနေ တားပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုပေးပါလို့ ၁၉၇၂ ဒီဇင်ဘာလထဲမှာ ဘန်ကောက်ရှိ သံအမတ်ကြီး လန်နတ် အန်းဂါ က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပရာဖတ် ကြာရူဆထိန်း ကို တိုက်တွန်းပါတယ်။ ပရာဖတ်ကတော့ အာမဘန္တေ မခံပါဘူး။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့က မူးယစ်ဆေး တရားမဝင် ကူးသန်းရောင်းဝယ်ရေးမှာ ပါဝင်နေတာကို အမေရိကန်က စိုးရိမ်ကြောင်း နောက်နှစ်ပတ် အကြာ ထိုင်ပေမှရှိတဲ့ အမေရိကန် ဒုတိယသံမှူးကြီး ဝီလီယမ် ဂလေးစတင် က ကျန်ကျင်းကော်8 ကို ပြောပါတယ်။ ထိုင်ပေရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ဇုန်−၁၉၂၀ က အမှုထမ်း တယောက် က လက်နက်ကို “ဘိန်းနဲ့ တခြား ကုန်ပစ္စည်းတွေ” လဲလှယ်နေတဲ့ အကြောင်းကို ဥပမာ အဖြစ် ပြောပြပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး ပြဿနာဟာ တခြား တရုတ်ဖြူ အဖွဲ့တွေ ဖြစ်တဲ့ တပ်တော် (၃) နဲ့ (၅) အဖွဲ့တွေ တရားမဝင် ကူးသန်းရောင်းဝယ်ရေးတွေ လုပ်နေတာ သဘောတရားအရ မတူကြောင်း ဂလေးစတင် က မီးမောင်းထိုးပြပါတယ်။ ထိုင်ဝမ်းက တရားဝင် ပါဝင်ပတ်သက်နေတယ်လို့ ဝါရှင်တန် က မစွပ်စွဲပေမယ့် ထိုင်ဝမ်းက ဇုန်−၁၉၂၀ ရဲ့ တရားမဝင် မူးယစ်ဆေး ရောင်းဝယ်ရေး လုပ်ငန်း ရပ်တံ့သွားအောင် ကူညီပေးဖို့ လိုလာကြောင်း ပြောလိုက်ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပါ့မယ်လို့ ကျန်ကျင်းကော် က ကတိပေးပါတယ်။

ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရို အကြီးအကဲ ယဲ့ရှန်းကျိ ၁၉၇၃ ဇန်နဝါရီလ အမေရိကန် ပြည်ထောင်စုကို အလည်အပတ် တခေါက်သွားပြီး ပြန်လာတဲ့အခါ ထိုင်ပေမှာရှိတဲ့ အမေရိကန် သံတမန် အကြီးတန်း အရာရှိ တယောက်နဲ့ တွေ့ပြီးတော့ သူ့ဌာနက မူးယစ်ဆေး တရားမဝင် ကူးသန်းရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ “ယတိပြတ် ငြင်း” ပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး တပ်ဖွဲ့တွေက လက်နက်တွေကို ဘိန်းနဲ့ လဲလှယ်နေတယ် ဆိုတာ လူတကာသိနေတဲ့အကြောင်း အဲဒီ အမေရိကန် အရာရှိက ခိုင်မာတဲ့ ထောက်လှမ်းရေး သတင်းတွေနဲ့ တုံ့ပြန်ပါတယ်။ ဒီစွပ်စွဲချက်တွေကို ယဲ့ရှန်းကျိ က ထပ်ငြင်းပါတယ်။ ပြီးတော့ တရုတ်ပြည်မကြီးက မူးယစ်ဆေး တရားမဝင် ကူးသန်းရောင်းဝယ် နေတာကို ကျတော့ ဝါရှင်တန်က လျစ်လျူရှုထားတယ်လို့ ယဲ့ရှန်းကျိ က ပြန်ဝေဖန်ပါတယ်။9 ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လက်ချက်နဲ့ နိုင်ငံတကာဈေးကွက်ထဲ ရောက်လာတဲ့ မူးယစ်ဆေးတွေလို တရုတ်ပြည်မကြီးက မူးယစ်ဆေးဝါးတွေ နိုင်ငံတကာ ဈေးကွက်အထိ ရောက်တယ် ဆိုတဲ့ အထောက်အထား မရှိကြောင်း အမေရိကန် အရာရှိက တုံ့ပြန်ပါတယ်။ ဒီလို အပြန်အလှန် ပြောဆိုကြပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်ဝမ်းနဲ့ အမေရိကန် ပြည်ထောင်စု ပူးတွဲပြီး စုံစမ်းစစ်ဆေးဖို့ ယဲ့ရှန်းကျိ က အဆိုပြုပါတယ်။ ထိုင်ပေ အနေနဲ့ ကိုယ့်ဘာသာပဲ စုံစမ်းစစ်ဆေးပြီးတော့ မှန်မှန်ကန်ကန်လုပ်ဖို့ ဝါရှင်တန်က လိုလားကြောင်း ဖေဖော်ဝါရီလမှာ ဂလေးစတင် က ယဲ့ရှန်းကျိ ကို ပြောပါတယ်။ နောက်တလ အကြာ စစ်ထောက်လှမ်းရေးဗျူရို အကြီးအကဲ ယဲ့ရှန်းကျိ က သူ့ဝန်ထမ်းတွေ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းဟိုင်း၊ ဘန်ကွမ်နဲ့ ဘန်ဟွေမို ကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ မတ် ၁ ရက်အထိ သွားပြီး စုံစမ်းစစ်ဆေးခဲ့ပြီး ရလာတဲ့ ရလဒ်တွေကို မတ် ၉ ရက်မှာ ဂလေးစတင်ကို ပေးလိုက်ပါတယ်။ စုံစမ်းစစ်ဆေးရေးအရ မူးယစ်ဆေး တရားမဝင် ကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ မတွေ့ရကြောင်း ဆိုပါတယ်။ ထိုင်ပေရှိ သံအမတ်ကြီး ဝေါ်တာ ပီ မက်ကော်နွီ က ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရိုရဲ့ စုံစမ်းစစ်ဆေးရေး ဆိုတာဟာ “အနည်းဆုံးတော့ တရုတ်သမ္မတနိုင်ငံ တာဝန်ရှိသူတွေနဲ့ နှစ်ဖက် သဘောတူညီနိုင်မယ့် လမ်းကြောင်း တခုကို  အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရိုက ဖော်ဆောင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး ကျနော်တို့ အကြံပေးခဲ့ပေမယ့် အခုဟာက ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတာထက်တောင် ဆိုးပါသေးတယ်” လို့ ပြန်ပြောပြပါတယ်။

• ကူမင်တန်ပါတီ အမှတ် (၂) ဌာနကြီး အဖွဲ့တွေကို ပြည်ဖုံးကားချလိုက်ပြီ

၁၉၇၀ အရောက် ချင်းမိုင်မြို့မှာ တရုတ်ဖြူ ထောက်လှမ်းရေးအဖွဲ့တွေ ခြေရှုပ်နေတာကို ထိုင်းတွေ စိတ်မသက်မသာ ဖြစ်လာပါတယ်။ ဗီယက်နမ်က စစ်ပွဲကလည်း အရှိန်ကောင်းနေတုန်း ဖြစ်ပေမယ့် တချိန်ချိန်မှာ ထိုင်ပေရဲ့ အားကိုအားထားဖြစ်တဲ့ အမေရိကန်တွေက အင်ဒိုချိုင်းနားကနေ ထွက်သွားလိမ့်မယ် ဆိုတာကို ထိုင်းက နားလည်ပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ ကူမင်တန် ပါတီထောက်လှမ်းရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ ပေါ်ပေါ်ထင်ထင် ဖြစ်နေတော့ နိုင်ငံရေးအရ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေပါတယ်။ အရေးကြီးဆုံးကတော့ နောက်ဆုံးတနေ့ အင်ဒိုချိုင်းနားမှာ ငြိမ်းချမ်းသွားပြီဆိုရင် ထိုင်းနိုင်ငံအစိုးရနဲ့ အိမ်နီးချင်း ကွန်မြူနစ် နိုင်ငံတွေနဲ့ နိုင်ငံရေးအရ အဆင်ပြေနိုင်စေဖို့ အတွက် ဒီအဖွဲ့တွေက အနှောက်အယှက်ဖြစ်ပါတယ်။

ထိုင်ပေ လက်အောက်ခံ ထောက်လှမ်းရေး အဖွဲ့တွေ ရှိနေတာဟာ အကျိုးသိပ်မရှိတာမို့လို့ ပြည်ဖုံးကား ချပစ်လိုက်သင့်ပြီလို့ ၁၉၇၀ ဒီဇင်ဘာ ၁ ရက် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီက သုံးသပ်ပါတယ်။ နောက်တနေ့မှာ ထိုင်းဘုရင့်အစိုးရက တရုတ်ဖြူတွေကို ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ ကူမင်တန် ပါတီထောက်လှမ်းရေး တပ်ဖွဲ့တွေကို ထိုင်းနိုင်ငံက ထွက်သွားရင် ထွက်သွား၊ ဒါမှမဟုတ် ချောင်ကျကျ နေရာတခုဆီ ပြောင်းပြီး ကိုယ်ရောင်ဖျောက်နေဖို့  အကြောင်းကြားပါတယ်။ ထိုင်ဝမ်းဘက်က ကိုယ်ရောင်ဖျောက်နေဖို့ ရွေးလိုက်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဒီထောက်လှမ်းရေး နှစ်ဖွဲ့ဟာ ဒွိုင်အန်ခန် တောင်ကြောပေါ်က ခေ့ကျိဟွမ့် စခန်းကို ရွှေ့သွားကြပါတယ်။ ချင်းမိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်က ဘန်ဟွေမိုနဲ့ လာအိုနိုင်ငံ ဘန်ကွမ်က သေးငယ်ပြီး ထင်းထင်းကြီး ဖြစ်မနေတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး တပ်ဖွဲ့ကလေးတွေကတော့ နေမြဲအတိုင်း ဆက်နေကြတယ်။

ခေ့ကျိဟွမ့် စခန်းကို ပိတ်သိမ်းဖို့ နေ့ရက် သိပ်မကျန်တော့ပါဘူး။ ၁၉၇၁ တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း ဘန်ကောက်ဆွေးနွေးပွဲတွေမှာ ယဲ့ရှန်းကျိနဲ့ အဆင့်မြင့် ထိုင်းအရာရှိကြီးတွေက အနာဂတ်မှာ ထောက်လှမ်းရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမှာလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဧပရယ်လ အတွင်း ထိုင်ပေမှာ ထပ်ဆွေးနွေးကြပါတယ်။ ထောက်လှမ်းရေး လုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေမှာ ဆက်လုပ်ဆောင်နိုင်ကြောင်း၊ ဒါပေမယ့် ခေ့ကျိဟွမ့် စခန်းကိုတော့ ပိတ်သိမ်းပြီး လူသူမမြင်နိုင်တဲ့ နေရာသစ်ကို ပြောင်းရွှေ့လုပ်ကိုင်သင့်တယ်လို့ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ပရာဖတ် ကြာရူဆထိန်း က ထိုင်ဝမ်းကို ပြောပါတယ်။ ဒီအချက်က ထိုင်ပေက လက်ခံပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း သူ့လူတွေ လက်နက်ကိုင်ပြီး သွားလာတာကို ကန့်သတ်ဖို့လည်း သဘောတူလိုက်ပါတယ်။ မတ်လ အရောက်မှာတော့ ဇုန်−၁၉၂၀ နဲ့ ကူမင်တန် ပါတီ အမှတ် (၂) ဌာနကြီး တပ်ဖွဲ့တွေကို ဘန်ဟွေမို ဆီ ရွှေ့လိုက်ကြပါတယ်။

ဘန်ဟွေမိုမှာ ရှိတဲ့ ဌာနချုပ် စခန်းဟာ မြန်မာနယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးပါတယ်။ ခွန်ဆာရဲ့ ဘန်ဟင်တက် စခန်း၊ မယ်ဆလောင်းက တွမ့်ရှီးဝင်ရဲ့ တရုတ်ဖြူ တပ်တော် (၅) ဌာနချုပ် တို့နဲ့လည်း ထိစပ်နေပါတယ်။10 ထိုင်ဝမ်း စစ်ထောက်လှမ်းရေး လှုပ်ရှားမှုအတွက် အထောက်အကူပြုနိုင်အောင် ဘန်ဟွေမိုမှာ ရေဒီယို အသံလွှင့်ရုံ အသေးစား တခု ၁၉၆၄ ကတည်းက ရှိခဲ့ပါတယ်။ ထိုင်းဘုရင့် အစိုးရ ခွင့်ပြုချက် ထားတာဖြစ်ပြီး အဲဒီ အသံလွှင့်ရုံကနေ ကွန်မြူနစ် ဆန့်ကျင်ရေး ဝါဒဖြန့်အာဘော်တွေကို တောင်ပေါ်ဒေသ လူမျိုးစု ဘာသာစကားတွေနဲ့ အသံလွှင့်ခဲ့ပါတယ်။ အခု အစီအစဉ်အသစ်ကိုလည်း ထိုင်းနိုင်ငံဘက်က ကျေနပ်လှတာတော့ မဟုတ်ပါဘူး။ ထိုင်းအစိုးရက ခွင့်မပြုလည်း တရုတ်ဖြူ ထောက်လှမ်းရေးတွေဟာ သုံးနိုင်ငံ နယ်စပ်ဒေသမှာ အလုပ်ဆက်လုပ်နေကြမှာပဲ ဆိုတာကို ထိုင်းက သိပါတယ်။ ဒါ့ကြောင့် အနည်းငယ် ထိန်းချုပ်ခွင့် ရရင်ပြီးတာပဲဆိုပြီး လက်ခံလိုက်တာ ဖြစ်ပါတယ်။

၁၉၇၁ မိုးရာသီမှာတော့ ကူမင်တန် ပါတီ အမှတ် (၂) ဌာနကြီးကို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရိုအောက် ရွှေ့လိုက်ပါတယ်။ ဒါ့အကြောင့် သုံးနိုင်ငံ နယ်စပ်ဒေသက ပါတီ ထောက်လှမ်းရေးတပ်ဖွဲ့တွေဟာလည်း စစ်ထောက်လှမ်းရေးရဲ့ ဇုန်−၁၉၂၀ အောက် ရောက်သွားပါတယ်။ ထိုင်းနိုင်ငံ အတွင်းက ပါတီထောက်လှမ်းရေး အကြီးအကဲကလည်း ဇုန်−၁၉၂၀ ရဲ့ ဒုတိယတပ်မှူး ဖြစ်လာပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဒီဒေသအတွင်းက တရုတ်ဖြူ ထောက်လှမ်းရေး လုပ်ငန်းတွေဟာ သိပ်ပြီး ထိရောက်မှု မရှိလှတော့ပါဘူး။

• စစ်ထောက်လှမ်းရေး ဇုန်−၁၉၂၀ ကို ဖျက်သိမ်းခြင်း

သုံးနိုင်ငံ နယ်စပ်ဒေသအတွင်း လှုပ်ရှားနေတဲ့အတောတွင်း ဇုန်−၁၉၂၀ က အဓိက ထောက်လှမ်းရေး ဝာာဝန်တွေကို ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ပစ်ပြီးပြေးတဲ့နည်းလမ်းနဲ့ ယူနန်ပြည်နယ်ဘက် ဝင်ရောက်တိုက်ခိုက်တာတွေ မဆိုစလောက် လုပ်ခဲ့ပေမယ့် အကျိုးဖြစ်ထွန်းတာ မတွေ့ရတဲ့အပြင် ဗကပ အင်အား ကြီးထွားလာတဲ့နောက်ပိုင်းမှာ ယူနန်နယ်စပ်ကို ရောက်အောင်သွားဖို့တောင် ခက်ခဲလာတာမို့လို့ တိုက်ခိုက်မှုတွေ လုံးဝ ရပ်ပစ်လိုက်ရပါတော့တယ်။ ၁၉၇၀ အတွင်း မြန်မာနိုင်ငံက ကွန်မြူနစ် သူပုန်တွေကို ပေကျင်းက ပေါ်ပေါ်ထင်ထင် တိုးမြှင့် ထောက်ပံ့လာတဲ့အခါ ရှမ်းပြည်နယ် မြောက်ပိုင်းက ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ ဟာ ဗကပနဲ့ မြန်မာစစ်တပ် နှစ်ခုစလုံးကို တိုက်ခိုက်နေရတာကြောင့် တစတစအားလျော့ဆုတ်ယုတ်လာပြီး ဆက်ပြီး တောင့်မခံထားနိုင်တော့ပါဘူး။ မြန်မာအစိုးရက ကာကွယ်ရေးအဖွဲ့တွေကို ဖျက်သိမ်းပစ်လိုက်တဲ့နောက် ၁၉၇၃ မိုးရာသီမှာ စစ်ရေး လှုပ်ရှားဖို့ ပိုခက်ခဲလာပါတယ်။ အင်အားနည်းတဲ့ ကာကွယ်ရေးအဖွဲ့တွေက မြန်မာအစိုးရဆီ လက်နက်ချလိုက်ကြပြီး အင်အားကြီးတဲ့အဖွဲ့တွေကတော့ ဖျက်သိမ်းဖို့ အမိန့်နာခံခြင်း မရှိပါဘူး။ ခွန်ဆာ၊ အိုက်ရှောင်ရှီနဲ့ လော်စစ်ဟန် တို့ ဦးဆောင်တဲ့ အဖွဲ့တွေက မြန်မာစစ်တပ်နဲ့ တိုက်မယ်လို့ ကြွေးကြော်ပြီးတော့ သူတို့ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်ရေးကို ဆက်လုပ်ကြပါတယ်။ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ အရှိန်မြှင့်လာတာကြောင့် ဒီအဖွဲ့တွေဟာ ထိုင်ပေ အတွက်တော့ သိပ်အသုံးမဝင်တော့ပါဘူး။

၁၉၇၃ ခုနှစ် ကုန်ခါနီးမှာတော့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့ဟာ ထိုင်းပိုင်နက်ကို အခြေစိုက်ပြီးတော့ ယူနန်ဘက်က စစ်ဆင်နေတာတွေကို ရပ်နားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ အစိုးရက ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ ပတ်သက်နေတဲ့ တရုတ်လူမျိုးတွေကို ဖမ်းဆီး အရေးယူနေပါတယ်။ ရန်ကုန်၊ လားရှိုး၊ မန္တလေးနဲ့ ကျိုင်းတုံမှာ ရှိတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေး စခန်းတွေကိုလည်း ပိတ်လိုက်ရပါတယ်။ သုံးနိုင်ငံ နယ်စပ်ဒေသတွေမှာ ကျန်နေသေးတဲ့ ထိုင်ဝမ်း ထောက်လှမ်းရေး အဖွဲ့တွေဟာ ကျဆုံးခန်းကို ရောက်နေပါပြီ။ ၁၉၇၃ တုန်းက ချင်းမိုင်မြို့မှာ အငြိမ်းစားယူလိုက်တဲ့ မာချွန်းကော် က အမေရိကန် သံအရာရှိတွေကို အခုလို ပြောပြဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ကျန်နေခဲ့တဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေဟာ မြေအောက်ကနေပဲ လျှို့ဝှက်လှုပ်ရှားကြတော့မယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတချို့ ထိုင်ဝမ်းကို ပြန်ကြမှာ ဖြစ်ပေမယ့် အများစုကတော့ သုံးနိုင်ငံ နယ်စပ်ဒေသမှာပဲ နေရစ်ခဲ့ကြမှာ ဖြစ်ပါတယ်။ ဒါကို ထိုင်ပေက ကျုံးရှင်း စစ်ဆင်ရေး (ပြန်လည်ရှင်သန်မှု စစ်ဆင်ရေး) လို့ နာမည်ပေးလိုက်ပါတယ်။

အင်ဒိုချိုင်းနား စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒေသအတွင်း နိုင်ငံရေးနဲ့ စစ်ရေး အပြောင်းအလဲတွေကြောင့် အရှေ့တောင်အာရှမှာ အမေရိကန်တွေ ဆက်နေဦးမလား မနေဘူးလားဆိုတာကို မသေချာတော့ပါဘူး။ ထိုင်ပေအတွက် နိုင်ငံတကာ အခြေအနေတွေလည်း သိသိသာသာ ပြောင်းလဲလာပါတယ်။ ၁၉၇၁ မှာ ပေကျင်းက ကုလသမဂ္ဂအဖွဲ့ဝင် တရုတ်နိုင်ငံရဲ့ နေရာကို ရယူလိုက်ပါပြီ။ ဗီယက်နမ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ဟနွိုင်းက နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရတာကလည်း အောင်မြင်လုလု ဖြစ်နေပါပြီ။ အင်ဒိုချိုင်းနား ကျွန်းဆွယ်ဟာလည်း ကွန်မြူနစ်လက်တွေလက်ထဲ တဖြည်းဖြည်း ကျရောက်နေပါပြီ။ ၁၉၇၅ ဂျူလိုင် ၁ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်းဘုရင့်နိုင်ငံတော်တို့ အပြန်အလှန် သံတမန်တွေ လဲလှယ်ကြပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေကြတာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက နိုင်ငံရေး စွန့်စားမှုတွေ မလုပ်ချင်တော့ပါဘူး။ ဒါ့ကြောင့် ထိုင်ပေက ဇုန်−၁၉၂၀ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ စခန်းတွေကို ပိတ်ပစ်ဖို့ ထိုင်းက တောင်းဆိုပါတယ်။ ပထမတော့ ထိုင်ဝမ်းရှိ စစ်ထောက်လှမ်းရေးဗျူရို ဌာနချုပ်က တိုက်ရိုက် ကွပ်ကဲတဲ့ ထောက်လှမ်းရေး သတင်း စုဆောင်းတဲ့ အသွင်ယူ အဖွဲ့လေးတွေ ဆက်ထားနိုင်ဖို့ ထိုင်ပေက ကြိုးစားပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ထိုင်ပေက ဒီနည်းလမ်းကို စွန့်လွှတ်လိုက်ပါတယ်။ ပြီးတော့ ဟွာ့ရှန်းစစ်ဆင်ရေး (ပန်းတောင်တန်း စစ်ဆင်ရေး) နဲ့ ဇုန်−၁၉၂၀ တခုလုံးကို တရားဝင် ဖျက်သိမ်းလိုက်ပါတော့တယ်။11

ဇုန်−၁၉၂၀ ပိတ်သိမ်းလိုက်တဲ့အခါ ထိုင်ဝမ်းက လာတဲ့ အရာရှိတွေကတော့ အိမ်ပြန်ပို့ပြီး တခြား တာဝန်တွေ ဆက်ပေးပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ တပ်မဟာ (၁) နဲ့ (၃) တို့လို ဒေသတွင်းမှာပဲ စုဆောင်း သိမ်းသွင်းထားတဲ့ ကေဒါတွေကိုတော့ Nanling စခန်းမှာ စုခိုင်းပြီး ထိုင်ပေက မေ ၂၄ ရက်တုန်းက ထုတ်လိုက်တဲ့ အမိန့်စာကို ဖတ်ပြလိုက်တယ်။ အမိန့်မှာ ဇုန်−၁၉၂၀ ရဲ့ အင်အားထက်ဝက်ကို သူတို့မှာရှိတဲ့ လက်နက် ပစ္စည်းတွေနဲ့အတူ ခွန်ဆာရဲ့ အက်စ်ယူအေနဲ့ ပူးပေါင်းဖို့ ပါတယ်။ ကျန်တဝက်ကိုတော့ ခြောက်လစာ ထုတ်ပေးပြီး တပ်ဖျက်သိမ်းလိုက်တယ်။ အိုက်ရှောင်ရှီရဲ့ တပ်မဟာ (၁) ကတော့ အမိန့်ကို နာခံပါတယ်။ ဒါပေမယ့် မာချွန်းကော် ကွပ်ကဲခဲ့ဖူးတဲ့ တပ်မဟာ (၃) က လူအတော်များများကတော့ စစ်ထောက်လှမ်းရေး အရာရှိတွေ အမိန့်လာမပြန်ခင် ခွဲထွက်သွားကြပါတယ်။ ကျန်လူတွေကတော့ အမိန့်အတိုင်း ခွန်ဆာနဲ့ သွားပေါင်းကြပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးရဲ့ တရားဝင် အစီအစဉ် အရ လော်စစ်ဟန် အပါအဝင် တခြားအဖွဲ့တွေနဲ့ ကန်ထရိုက်စနစ်နဲ့ တွဲလုပ်နေတာတွေလည်း ရပ်သွားတော့တယ်။

ဇုန်−၁၉၂၀ ကို ဖျက်သိမ်းပြီး နောက်မှာ ချန်နေရစ်ခဲ့ကြတဲ့ စစ်သားတွေကို ထိုင်ပေက လုံးဝ ပြန်လှည့် မကြည့်တော့ပါဘူး။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးတွေဟာ သူတို့လူတွေကို ဂရုတစိုက်ရှိကြောင်း ယန်အင့်ကျိုင် က ဥပမာ တခု ထုတ်ပြပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ယန်အင့်ကျိုင် က တရုတ်နီ ပြည်သူ့စစ်တပ်ဖွဲ့ကနေ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးလာပါတယ်။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ သွားပေါင်းပြီးတော့ ခေ့ကျိဟွမ့်မှာ သင်တန်းတက်ခဲ့ပါတယ်။ ဇုန်−၁၉၂၀ ကို ဖျက်သိမ်းတော့ သူက ခွန်ဆာရဲ့ အက်စ်ယူအေ အဖွဲ့နဲ့ သွားပေါင်းရပါတယ်။ ၁၉၉၆ မှာ ခွန်ဆာက မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်တော့ ယန်အင့်ကျိုင် လည်း ထိုင်ဝမ်းကို ပြန်သွားပြီး ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအဖွဲ့က နုတ်ထွက်ပါတယ်။ အဲဒီအခါ ဇုန်−၁၉၂၀ မှာ တာဝန်ထမ်းခဲ့တဲ့ နှစ်တွေအပြင် ခွန်ဆာရဲ့ မူးယစ်ဆေးတပ်ဖွဲ့မှာ ဝင်ပါခဲ့တဲ့ ကာလအတွက်ကိုပါ အစိုးရက ပင်စင်ငွေ အပြည့်အဝ ပေးခဲ့ပါတယ်။ အဲဒီနောက် အငြိမ်းစားယူပြီး ထိုင်းနိုင်ငံမှာ လာရောက် နေထိုင်ပါတယ်။

ဘန်ဟွေမိုမှာ ရှိတဲ့ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးနဲ့ ကူမင်တန် ပါတီထောက်လှမ်းရေး စခန်းကို ပိတ်လိုက်တာဟာ သုံးနိုင်ငံ နယ်စပ်ဒေသအတွင်းက ထိုင်ဝမ်းစစ်ထောက်လှမ်းရေးရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အဆုံးသတ်သွားတဲ့ သဘောသာဖြစ်ပြီးတော့ ထိုင်ဝမ်းရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေ ရပ်သွားတာ မဟုတ်ပါဘူး။ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးက နိုင်ငံရပ်ခြား ထောက်လှမ်းရေး သတင်း၊ ဆက်သွယ်ရေး ကြားဖြတ် ထောက်လှမ်းရေး သတင်းတွေကို စုဆောင်းခြင်း၊ စိစစ် ခွဲခြားစိတ်ဖြာ လေ့လာခြင်းတွေကို ထိုင်းတပ်မတော် လုံခြုံရေးဌာနနဲ့ ပူးပေါင်းပြီး အနည်းဆုံး ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ ဆက်လုပ်ပါတယ်။ ထိုင်းစစ်ဘက် အဆောက်အဦးတွေမှာ အခြေပြုပြီး လုပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာလည်း လျှို့ဝှက် စခန်းလေးတွေ ရှိနေပါသေးတယ်။ အဲဒီစခန်းတွေထဲက တခုကတော့ ခွန်ဆာရဲ့ ဟိုမိန်းဌာနချုပ် အနားမှာတင် ရှိခဲ့တာ ဖြစ်ပါတော့တယ်။

အောက်ခြေမှတ်စုများ

  1. အမျိုးသား လုံခြုံရေးကောင်စီ လက်အောက်က ဒီဆပ်ကော်မတီဟာ သေးငယ်ပေမယ့် အရှိန်အဝါကြီးပါတယ်။ ကွန်မြူနစ်တွေ စိမ့်ဝင်ထိုးဖောက်တာကို ကာကွယ်ဖို့အတွက် နောက်ဆုံးမှာတော့ ဒီဆပ်ကော်မတီက အရှေ့တောင်အာရှ စစ်ပွဲကာလမှာ ထိုင်းတပ်ဖွဲ့တွေ လာအိုနိုင်ငံထဲ စေလွှတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ် ပျောက်ကြားတွေကို တိုက်ခိုက်ခဲ့ပါတယ်။
  2. ဖုကျန့် (အေဒီ ၃၃၈−၃၈၅) ဟာ တိဘက်ဒေသဇာတိ ဖြစ်ပြီး တရုတ်နိုင်ငံ မြောက်ပိုင်းကို အေဒီ ၃၆၉ မှာ သိမ်းပိုက်ခဲ့သူ ဖြစ်ပါတယ်။
  3. ထိုင်ဝမ်း စစ်ထောက်လှမ်းရေးဗျူရို လက်အောက်မှာ စခန်းတွေ အမြောက်အမြားရှိပြီးတော့ မကြာခဏ ဆိုသလို နံပါတ်တွေ နာမည်တွေ ပြောင်းလေ့ရှိပါတယ်။ စခန်း ၁၉၂၀ ဟာ အရှေ့တောင်အာရှဒေသမှာ ရှိတဲ့ စခန်းတွေထဲက တခုသာ ဖြစ်ပြီးတော့ နောက်ပိုင်းမှ ဒေသ ၁၉၂၀ အဖြစ် တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။
  4. ၁၉၆၈ အောက်တိုဘာလမှာ ထိုင်ဝမ်း စစ်ထောက်လှမ်းရေးအုပ်စုက လီဝင်ဟွမ့် လက်အောက်မှာ ရှိတဲ့ တပ်တွေကို ခွဲထုတ်စည်းရုံးဖို့ ကြိုးစားခဲ့လို့ အခြေအနေ တင်းမာခဲ့တာကြောင့် လီဝင်ဟွမ့်နဲ့ ထိန်ဝင်ရှန် တို့အကြား အမြဲတမ်းလိုလို ပွတ်တိုက်မှုတွေ ဖြစ်ကုန်ပါတော့တယ်။
  5. ကွန်မြူနစ်တပ်တွေက အိုက်ရှောင်ရှီရဲ့ တပ်တွေကို ယင်းပန်ဘက်ကို မောင်းထုတ်လိုက်လို့ မာချွန်းကော်နဲ့ နီးစပ်သွားတာ ဖြစ်တယ်။
  6. အဲဒီ ရှမ်းပြည်ညီညွတ်ရေးတပ်မတော် (အက်စ်ယူအေ) တပ်ဖွဲ့တွေကို ၁၉၆၁ ခုနှစ်တုန်းက ခွန်ဆာဆီမှာ လာပေါင်းတဲ့ တရုတ်အမျိုးသားတပ်မတော်က အရာရှိဟောင်း လျန်ကျုံ့ယင်း က ကွပ်ကဲပါတယ်။
  7. အဲဒီအချိန်တုန်းက မာချွန်းကော် ဟာ ဇုန်−၁၉၂၀ ရဲ့ အချိန်ပြည့် ဒုတိယတပ်မှူး ဖြစ်နေပြီးတော့ တပ်မဟာ (၃) ကို သူကိုယ်တိုင် တိုက်ရိုက် အမိန့်ပေး ကွပ်ကဲပါတယ်။
  8. အဲဒီအချိန်မှာ ချန်ကေရှိတ်ရဲ့ သားအရင်း ကျန်ကျင်းကော် ဟာ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်း) ရဲ့ ဝန်ကြီးချုပ် ဖြစ်နေပါပြီ။
  9. အနောက် လူမှုအသိုင်းအဝိုင်း ပျက်စီးအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဘိန်းပါတဲ့ ဆေးဝါးတွေ ကမ္ဘာ့ဈေးကွက်ထဲ ရောက်အောင် ပို့နေတာကြောင်း ယဲ့ရှန်းကျိက အထောက်အထား မရှိဘဲ မကြာခဏ ဆိုသလို စွပ်စွဲလေ့ရှိပါတယ်။ မူးယစ်ဆေးဝါး တရားမဝင် ကူးသန်းရောင်းဝယ်ရေး လုပ်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ပေကျင်း က ထောက်ပံ့ပေးနေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘယ်လို တရားမဝင် ရောင်းဝယ်မှုမျိုးကို မဆို ပေကျင်းက ပိတ်ပင်တားမြစ်နိုင်ရဲ့သားနဲ့ အခုလို ပစ်ထားတာကလည်း သံသယ ရှိစရာပါပဲ။
  10. အက်စ်ယူအေ ကတော့ ဘန်ဟင်တက်မှာ ၁၉၆၄ ကနေ ၁၉၈၂ အထိ ဆက်ရှိနေခဲ့ပါတယ်။
  11. ဟွာ့ရှန်း ဆိုတာ တရုတ် ဧကရာဇ်တွေ အမျက်ဒဏ်သင့်ခံရတဲ့ မူးကြီးမတ်ရာတွေ သွားရောက် ခိုလှုံရတဲ့ တောင်တန်း အဖြစ် လူသိများပါတယ်။ မြေကမ္ဘာစစ်ဆင်ရေး ဆိုတာကလည်း ဟွာ့ရှန်း စစ်ဆင်ရေးလို နောက်ခံ အဓိပ္ပာယ်ရှိပါတယ်။ စစ်သားတွေဟာ အချိန်မတိုင်မီမှာ မြေအောက်မှာ ပုန်းအောင်းနေကြရမှာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar