Breaking News

မိုးမခအက်ဆေး - နတ်မှူး “ အားကြီးတိုင်းအနိုင်ရသလား ”


မိုးမခအက်ဆေး
အောက်တိုဘာ ၅၊ ၂၀၂၁

“ အားကြီးတိုင်းအနိုင်ရသလား ”
နတ်မှူး

‘အားကြီးတိုင်းအနိုင်ရသလား ‘ဟု ကျနော်မေးတော့ စာရေးဆရာက ‘အားကြီးရင် နိုင်တတ်ပါတယ်၊ ဒါပေမယ့် ပွဲတိုင်းတော့မနိုင်ဘူး၊ ရှုံးတဲ့အခါလည်း ရှိတယ်လေ’ ဟုပြောသည်။

         ‘လူ့သဘာဝအရ အားနည်းသူနဲ့ အားကြီးသူပြိုင်ရင်အားနည်းသူ ကိုအနိုင်ရစေချင်တယ်လို့ ကျနော်ထင်တယ်။ ဥပမာ အားဖြင့် ကြွက်နဲ့ကြောင်ယှဉ်ရင် ကြွက်က ကြောင်စာတော့အားနည်းတယ်။ အမြဲတန်း ကြွက်က ကြော်င်ရဲ့အစာဖြစ်နေတယ်။ ဒါက မငြင်းနိုင်တဲ့ အမှန်တရားပဲ။ ဒါကိုမခံမရပ်နိုင်တဲ့လူတွေက အားကြီးတဲ့ ကြောင်ကို ဗီလိန်လုပ်လိုက်တယ်။ အကောင်ငယ်သလောက်  ညာဏ်များတဲ့ကြွက် (Micky mouse )ကို ဖန် ဆင်းပြီး ကြောင်ကို အနိုင်ယူခိုင်းတယ်။ ဒီကြွက်နဲ့ကြောင် ကာတွန်က ကလေးရော လူကြီးပါကြိုက်ပြီး ကမ္ဘာမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တယ်။
        ‘နောက် ယုန်နဲ့လိပ်အပြေးပြိုင်တဲ့ပုံပြင်ကိုကြည့်ဗျာ ။ တရေးနိုးထပြိုင်ပြိုင် ယုန်ကလိပ်ကို အချိန်မရွေးနိုင်တယ်ဆိုတာ လူတိုင်းသိတယ်။ လူတွေက လိပ်ကိုသနားတော့ ယုန်ကို လမ်းမှ တရေးတမော အိပ်သူ၊အပျင်း ကြီးပြီး လုလ္လမရှိတဲ့ကောင်အဖြစ်ဖန်တီးလိုက်တယ်။ နောက်လိပ်ကို အနိုင်ပေး လိုက်တယ်။ တကယ့် သဘာဝ နဲ့ ကင်းကွာ မနေဘူးလားဆရာ’ ဟု ကျွန်တော်ကပြောသည်။
           စာရေးဆရာက ’အားနည်းတဲ့ဘက်ကနိုင်စေချင်တာ လူ့သဘာဝပဲဗျ ၊ ကြွက်က အမြဲတမ်းကြောင်အစားခံရတယ်ဗျာ၊ နောက်လိပ်က အလွန်အသွားနှေးတဲ့သတ္တဝါဆိုပြီး အမြဲကဲ့ရဲ့ ခံရတယ်ဗျာ၊ ဒီသဘာဝလောကရဲ့ပကတိအမှန်တရားတွေက စဉ်းစားဉာဏ်ရှိတဲ့လူတွေကို စာနာစိတ်တွေ မွေးဖွားစေတယ်။ ဒါ့ကြောင့် အပြင်မှာပြင်လို့မရတဲ့အမှန်တရားတွေကို အနုပညာနယ်မှာ ပြင်လိုက်တာပေါ့ဗျာ’ ဟု ဆိုသည်။

            ကျနော်က အတန်ကြာအောင်တွေးလိုက်ပြီး’လူ့လောကမှာပဲဖြစ်ဖြစ် တိရစ္ဆာန်လောကမှာပဲဖြစ်ဖြစ် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေတာတွေ့ရင် ကျနော် အတော်မခံမရပ်နိုင်ဖြစ်မိတယ်။ ခြင်္သေ့အုပ်တအုပ်က ကျွဲတွေကိုအမဲလိုက်ပြီး သတ်စားကြတာတွေ့ရင် အလွန်ဒေါသဖြစ်မိတယ်။ ဦးချိုတွေပါရဲ့သားနဲ့ ပြန်တိုက်ခိုက်ဖော်မရတဲ့ ကျွဲတွေကိုလည်း စိတ်ကုန်နေမိတယ်’ဟုပြောလိုက်သည်။

‘ညက Rennes နဲ့ PSG ဘော့လုးပွဲကြည့်လားဗျ’ဟု ဆရာကမေးသည်။ ရုတ်တရက်ဘော့လုံးပွဲအကြောင်းရောက်သွား၍ ကျနော် အံ့ဩသွားမိသည်။ ကျနော်က’မကြည့်လိုက်ဘူးဆရာ’ဟုပြောသည်။ ဆရာက ‘မောင်ရင်PSG ဘော့လုံးသင်းကိုကြားဘူးတယ်မဟုတ်လား’ ဟုမေးတော့ ကျနော်က’ဟာ ကြားဖူးပြီလားဆရာ နာ မည်ကြီးပြင်သစ် ကလပ်ဘော့လုံးအသင်းပဲ။ အခု ဘာစီလိုနာက မက်စီရောက်လာတော့ ပိုအား​ကောင်းသွားတယ်။ မက်စီ၊ နေမာ၊ အမ်ဘာပေ ... ကမ္ဘာ့ထိပ်သီးတိုက်စစ်မှူးတွေ၊ နောက်နည်းပြကလည်း ပိုချက်တီနိုဆိုတော့ ဘာပြောကောင်းမလဲဆရာ မြင်းကိုတောင်ပံတပ်ပေးလိုက်သလိုပေါ့ ၊ PSG ကမန်စီတီးလိုအသင်းတောင်  2-0 နဲ့ နိုင်ထားတာ ခုနဆရာပြောတာဘာအသင်း’
        ‘Rennes တဲ့ ဒီအသင်းကော မောင်ရင်ကြားဘူးလား’
  ‘မကြားဘူးပေါင်ဗျာ၊ ကျနော်က မန်ယူ ၊ လီဗာပူ၊ ဘာစီ ၊ ရီးရဲ ဒီလိုအသင်းကြီးတွေလောက်သိတာ။ အဲဒီရင်းနက်ဆိုတဲ့အသင်း မသိဘူးဆရာ။အသင်းလေးနေမှာပါ။ PSG ကရေရေလည်လည်နွှာမှာပေါ့ ဂိုးပြတ် နိုင်တယ်မှုတ်လားဆရာ’
            ဆရာကဖြေးလေးစွာ ခေါင်းရမ်းလိုက်ပြီး’Rennesက PSGကို2-0နဲ့နိုင်သွားတယ်’ဟုပြောလိုက်သည်။ကျနော်က ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အင်အားကြီးသော PSG ကိုအနိုင်ယူသည့် Rennes အသင်း


             အိမ်အပြန်လမ်းမှာ ကျနော်က တသီကြီးစဉ်းစားနေမိသည်။ Rennes လိုအသင်းကိုရှုံးရ၍ မျက်နှာကြီးတွေ မည်းနေမည့် ကမ္ဘာကျော်ဘော့လုံးသမားများဖြစ်သည့် မက်စီ နေမာ အမ်ဘာပေနှင့် နည်းပြပိုချက်တီနိုတို့ကိုမြင်ယောင်နေမိသည်။ အားကြီးတိုင်းအနိုင်ရစတမ်းလား။ တခါတလေ လောကကြီးက ဘောလုံးပွဲနှင့်တူ သည်။ အားကြီးသည်ဆိုပြီးအထင်ကြီးလို့မရသလို အားနည်းသည်ဆိုပြီး အထင်သေးလို့မရ။ အားကြီးသူမှာလည်း ချို့ယွင်းချက်တွေရှိသည်။ နောက်တန်းမလုံတာ ၊ အလယ်တန်း နောက်ပြန်ကယ်ရပြီး ဘော့လုံးကို ရှေ့ရောက်အောင်မပို့နိုင်တာ ၊ ရှေ့တန်းက ဂိုးရအောင်မဖန်တီးနိုင်တာ ၊ စသည်တို့ဖြစ်သည်။ ရင်းနက်အသင်းနည်းပြ၏ နည်းစနစ်ကောင်းမှုနှင် ဘောလုံးအသင်းသားများ၏သူတို့က PSG ပဲ၊ ငါတို့ဘယ်လိုကစားကစားရှုံးမှာပါပဲ ဟူသော စစ်မရောက်မီကမြားကုန်သည့်စိတ်မမွေး၊ နိုင်ရမည်ဟူသော ဇွဲလုလ္လကို ကျနော်က အံ့ဩချီးမွမ်းနေမိသည်။ ဘောလုံးပွဲဘက်စကားပြောင်းလိုက်သည့် စာရေးဆရာ၏ရည်ရွယ်ချက်ကိုလည်း သဘောပေါက်လာမိသည်။ အင်အားကြီးသော PSG ကိုအနိုင်ယူသည့် Rennes အသင်း ဘာ့ကြောင့်ကျနော်တို့မဖြစ်နိုင်ရမည်နည်း။ ရင်းနက်က ကျနော်တို့အတွက် အားမာန်ဖြစ်လေသည်။ အားကြီးသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ကျရောက်လာသော စိန်ခေါ်မှု အားလုံးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်အနိုင်ယူရပါမည်။

ချစ်ခင်စွာ
နတ်မှူး
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar