Breaking News

ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (၄)

ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (၄)
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၁

“ဖမ်းဆီးထားတဲ့ အဘသာဝ အမြန်လွှတ်ကြ အမြန်လွှတ်ကြ” 
“ဖမ်းဆီးထားတဲ့ လက်ဖက်ခြောက် အမြန်ခပ်သောက် အမြန်ခပ်သောက် (အဲ) အမြန်လွှတ်ပေး အမြန်လွှတ်ပေး” 
“ဖမ်းဆီးထားတဲ့ ဇော်မဲလုံး အမြန်ဆုံးလွှတ် အမြန်ဆုံးလွှတ်” 

အစချီတဲ့ လူခပ်ကျဲကျဲရဲ့ မညီမညာ ကြွေးကြော်သံများပါတဲ့  ဗီဒီယိုကလစ်ကို သာဝတစ်ယောက် ပြန်ကြည့် ပြီး သူအတတ်နိုင်ဆုံး စဥ်းစားကြံဆထားတဲ့ အကြံဥာဏ်ကို သဘောမကျသလိုလို စိတ်ပျက်သလိုလို အမူအယာပြကြတဲ့ ဗိုလ်လက်ဖက်ခြောက်နဲ့ စကစ အဖွဲ့သားတွေကို ဒေါသထွက်နေပါတယ်။ဟိုကြည့်ဒီကြည့်ပြီးမှ ‘အလကား ာဏ်မမီတဲ့ကောင်တွေ’ လို့  ခပ်တိုးတိုးရေရွတ်လိုက်တယ်။ အရင်လိုဆိုရင်တော့ ဘယ်လွယ်ပါလိမ့်မလဲ။ အခုအချိန်ကတော့ အားလုံးကို မျက်နှာချိုသွေးနေရတာမို့လို့ပေါ့။ 
 
ဖြစ်ပုံက ဒီလိုပါ။ တနိုင်ငံလုံး ထိန်းမနိုင်သိမ်းမရနဲ့ ဘယ်နေရာမှာမှ မျက်နှာမရတာကြာတော့ အချင်းချင်းထဲမှာတောင် မလေးမခန့်ဖြစ်လာကြပြီ။ အရင်ကလေသံဟဟတောင် မပြောရဲကြသူတွေကအခု ‘ဗိုလ်သာဝ အကြံလေး ဘာလေးထုတ်အုံး၊ ဒီအတိုင်းဆက်သွားလို့မရတော့ဘူး၊ ခင်ဗျား ဖျူးရှားပလဲန်က ဘာလဲ ညာလဲ’ ဆိုပြီး လုပ်လာကြတယ်။ အဲသလို အပြောခံရတာကိုသာ မကြိုက်တာပါ။ သာဝကလည်းသာဝပါပဲ ဘာပလဲန်မှမရှိပါဘူး။ အာဏာသိမ်းမယ်၊ ဖမ်းမယ်၊ ပစ်မယ်၊ နောက်တော့ အဘနေတို့ အဘရွှေတို့လိုပဲ နေရာမြဲသွားမယ်ထင်နေခဲ့မိတာ။ အခုလိုပြောလာတော့ အိပ်ရေးပျက်ခံ မရမက ညှစ်ထုတ်စဥ်းစားပြီး ရလာတဲ့အကြံလေးကို ဗီဒီယိုကလစ် လုပ်ခိုင်းလိုက်တယ်။ စဥ်းစားကြည့် ဖျူးရှားပလဲန်က ဒီထက် အရေးကြီးတာ ရှိနိုင်ပါ့မလား။ ဟုတ်တယ်လေ ဒီပုံစံနဲ့ဆို မကြာခင် တစ်ဖွဲ့လုံးပြုတ်ပြီး အဖမ်းဆီးခံကြရတော့မှာကို သူတို့လည်းသိရဲ့သားနဲ့။ အပြင်ကရှာလို့ရသမျှ ငါးထောင်စားတွေစုပြီး ပြန်လွှတ်ပေးဖို့ ဝိုင်းပြီးအော်ဟစ်တောင်းဆိုကြဖို့ထက် ပိုကောင်းတဲ့ ဖျူးရှားပလဲန် ဘယ်မှာရှိနိုင်မှာလဲ။ အလကားကောင်တွေဆိုပြီး ဒေါပွနေလေရဲ့။ 

သမ္မတ မလုပ်ရမခြင်း နည်းမျိုးစုံရှာကြံပြီး အလွယ်တကူလက်မလျှော့တတ်တဲ့ သာဝဟာ စကစအဖွဲ့သားများ ဟင်ကနဲ ဟာကနဲဖြစ်သွားစေရတဲ့ ခန့်မှန်းမထားတဲ့ အိုင်ဒီယာတခုကို ထပ်ချပြလာပြန်ပါတယ်။ ပြတ်လပ်နေတဲ့ဘဏ္ဏာငွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် စီမံချက်ဆိုတဲ့ခေါင်းစဥ်နဲ့ပါ၊ အခုတလော သာဝကိုယ်တိုင် အတော့်ကိုစိတ်ဝင်စားနေတဲ့အကြောင်းပါ။ သိကြတဲ့အတိုင်း ငွေရဖို့ဆိုရင် အားလုံးလုပ်ချင်တဲ့၊ ထာဝရဝင်ငွေရှိ‌နေရမယ်လို့ မိန့်ခွန်းထဲမှာတောင် ထည့်ပြောခဲ့တဲ့သာဝ အခုအစည်းအဝေးမှာ ထပ်ချပြလာတာက YouTube မှာ Live လွှင့်ဖို့ပါ။ ကြော်ညာခတွေကို မျက်စောင်းထိုးနေတာပါ။ အားလုံးကပြန်ပြောကြတယ်။ တနိုင်ငံလုံး အမြင်ကပ်ပြီး ဆဲချင်ဆိုချင်နေကြတာ ဘယ်သူတွေက စောင့်ကြည့်ကြမှာလဲပေါ့။

‘ဥာဏ်ကလည်းတိမ်ပါ့ကွာ’ ဆိုတဲ့ ဟန်အမူအရာနဲ့ သာဝက လှောင်ပြုံးပြုံးလိုက်တယ်၊‌ပြီးတော့မှ”အဲသလို ဆဲချင်နေကြတဲ့ ပြည်တွင်း ပြည်ပ ကမ္ဘာအနှံ့ကလူတွေပဲ သန်းနဲ့ချီပြီး ငါတို့ရဲ့ Liveကို ဆဲဖို့ စောင့်ကြည့်ကြမှာ ပေါ့၊ ကြော်ညာခတွေ ဝင်လာမှာ သောက်သောက်လဲပဲ”တဲ့။အားလုံးငြိမ်ကျသွားတယ်၊ သာဝပြောတာဟုတ် လေသားပဲ၊ တခုရှိတာက အဲဒီလို ပေါ်တင်ကြီး အဆဲမခံချင်ကြတာပါပဲ။ အင်တင်တင်ဖြစ်နေသူတွေကို သာ ဝက ပိတ်ပြောလိုက်တယ် အဆဲခံရမယ့်ကိစ္စထည့်ပြောမနေနဲ့၊ ငါ့ဆိုရင် တနိုင်ငံလုံး’မအလ’နေကြတာ တပြား တချပ်မှမရဘူး၊ မင်းတို့အားလုံး အလှည့်ကျ Live လွှင့်ရမယ်၊ဗိုလ်လက်ဖက်ခြောက်တို့၊ဇော်မဲလုံးတို့၊သွက် သွက်ခါတို့ကိုဆို မအိပ်ပဲနဲ့တောင်ဆဲဖို့  စောင့်ကြည့်ကြအုံးမယ်၊ ဆဲတဲ့သူနည်းတဲ့နေဆိုရင် ဟိုရှားရှားပါးပါး ပူပူနွေးနွေး အစိုးရသက်သေလေးကို Live ထဲထည့်လိုက်ဆိုပြီး ညွှန်ကြားလိုက်လေရဲ့။ သာဝက ဘယ်လောက် အထိ ဒီကိစ္စမှာ တက်ကြွနေသလဲဆိုရင် သူ့အတွက် ‘နွေဦးဝဝ’ ဆိုတဲ့ ချဲန်နယ်ကိုတောင် ဖွင့်ထားပြီးပြီလို့ ကြားသိရပါတယ်။

တချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ ကလော်တုတ်နေတဲ့ ဆယ်လီတွေရဲ့ Live တွေ၊ရေဒီယို NUGတို့၊ PVTV တို့နဲ့ အချိန်တိုက်ပြီး ဖိုက်မယ်ဆိုပဲ၊ဒီလိုနဲ့ပဲ သာဝဟာ ရပ်ကွက်ထဲမှာ သိက္ခာအနည်းအကျဥ်း ပြန်ဆယ်နိုင်ခဲ့ပါတယ်၊ သူ့လောက် ဥာဏ်စိမ်းဥာဏ်ပြာ များသူက သိပ်မရှိကြဘူးလေ။ သာဝတို့အစီအစဥ်အခုထက်ထိ မစဖြစ်သေး တာက ရမယ့်ကြော်ညာခတွေကို ဘယ်သူကမှ တိုင်းပြည်ဘဏ္ဏာထဲအကုန် မထည့်ချင်ကြလေတော့ ဘယ် လောက်ရာခိုင်နှုန်းပြန်ယူကြမယ် ဆိုတဲ့ကိစ္စ ညှိမရကြသေးလို့ပါ။ များများ အဆဲခံရသူက ပိုရမလား၊အားလုံး အတူတူပဲ ခွဲဝေယူကြမလား ၊ရာထူးအဆင့်အလိုက် ဦးပိုင်လိုရှယ်ယာခွဲကြမှာလား ဆိုတာများကလဲ ဆက် ငြင်းခုန်နေရတုန်းပဲ ရှိပါသေးတယ်၊ Live တက်မလာသေးသမျှတော့ အိပ်ကပ်ထဲထည့်မယ့် ကိစ္စမပြတ်ကြ သေးလို့ပဲ ဆိုပြီးသာမှတ်လိုက်ကြပါ။

ဒီအချိန်ဒီကာလမှာ လူတစ်ယောက်ကို ဆတ်ဆတ်ခါနာသွားစေတဲ့ စကားကတော့ “သာဝအတိုင်းပဲ” “သာဝလိုပါပဲ” “သာဝနဲ့တူလာပြီ” အစချီတာမျိုးတွေဆိုတာ ကောင်းကောင်းသဘောပေါက်ထားပါတယ်။ ဘယ်သူကမှ ကောင်းကွက်တစ်ကွက်လေးတောင် ရှာမရတဲ့ သာဝနဲ့ မတူချင်ကြပါဘူး။ ဒါပေမယ့် ရှေ့မျက်နှာနောက်ထားပြီး အခုစကားကို မပြောမဖြစ် ပြောရပါတော့မယ်။ “ဒီနေ့ကစပြီး စာဖတ်သူဟာ သာဝနဲ့တူသွားပါပြီ” “စာဖတ်သူနဲ့ သာဝ တစ်ထပ်တည်းကျတဲ့ နေရာရှိလာပါပြီ”။ ဒေါသတွေ ဆူပွက်ထမလာခင် ဖရုဿဝါစာစကားတွေ ထွက်မလာခင်၊ ရှင်းလင်းထားတာလေး ပြီးအောင်ဖတ်ပေးဖို့ ပြောလိုပါတယ်။

စာဖတ်သူနဲ့သာဝ တူသွားတဲ့နေရာက တခြားတော့မဟုတ်ပါဘူး။ သာဝဟာ စာဖတ်သူလိုပဲ မိုးမခရဲ့ပရိတ်သတ် ဖြစ်လာလို့ပါ။ ရှင်းအောင်ထပ်ပြောရရင် သာဝဟာနေ့စဥ် လိုဏ်ဂူထဲကမထွက်ခင် မိုးမခကိုဖတ်ပါတယ်။ တခုတော့ရှိပါတယ်။ သာဝဖတ်တာဟာ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ‘ဝကီလိ (ခ်)’ (WakiLeaks) ရဲ့ သတင်းစစ်မှန်မှု ဂုဏ်ဒြပ်သိက္ခာကို အားပါးတရ ချပြချင်လို့ပါ။ 

ဒေါက်ဖိနပ်လျှောက်သံသီချင်းနဲ့ ရီဟာဇယ်လုပ်နေတဲ့ သတင်းကို ဘယ်နေ့မှာ အတည်ပြုမလဲ၊ ငြင်းပယ်မလဲတာ သိချင်လို့ ဘယ်လက်မှာ ရှပ်အင်္ကျီနဲ့ပုဆိုး၊ညာလက်မှာ ရင်ဖုံးအင်္ကျီ၊ ပုဝါနဲ့ ထမီကို ကိုင်ရင်းစောင့်ဖတ်နေတာပါ။ တကယ်လို့ ‘ဝကီလိ (ခ်)’ က ဟုတ်တယ်လို့ အတည်ပြုလိုက်ရင် သာဝက ရှပ်နဲ့ပုဆိုး အကျအနဝတ် ပြီး ထွက်လာမယ်။ မဟုတ်ဘူးလို့ ငြင်းလိုက်ရင်တော့ ပုဝါခြုံ ပန်းပန် ထမီလေးကောက်ဝတ်ပြီး လူထုခေါင်း ဆောင်စတိုင်မျိုးနဲ့ ထွက်လာမယ်ပေါ့။ ‘ဝကီလိ (ခ်)’ သတင်းနဲ့ ပြောင်းပြန်လုပ်ပြပြီး ‘ဝကီလိ (ခ်)’ ဟာ အခြေအ မြစ်မရှိတဲ့ သတင်းတွေကို ထုတ်လွှင့်နေတယ်လို့ ပြောဖို့ အကွက်ချောင်းနေတာပါ။ ဒီအတွက် သာဝခွင်ကို ဝင် မသွားစေအောင် အဲဒီသတင်းအကြောင်း ခပ်လျှိုလျှိုနေလိုက်ပါအုံးမယ်။ သာဝကို ဆက်စောင့်ထားခိုင်းလိုက် ပါအုံးမယ်။သာဝလောက်မှ မပါးနပ်ရင် ‘ဝကီလိ (ခ်)’ ဆိုတာ ဘယ်ဖြစ်လာပါ့မလဲ။ စာဖတ်သူကတော့ မိုးမခ ဖတ်လေတိုင်း၊ သာဝနဲ့ငါ ဒီအချိန်မှာ မိုးမခပေ့ (ဂျ်) ပေါ် နှစ်ကိုယ်တူ ယှဥ်တွဲပြီးများ ရှိနေလေမလားဆိုတဲ့စိတ်နဲ့ မအီမသာ ဆက်ဖြစ်နေရအုံးမှာပါ။
မဖြစ်မနေ ရှာကြံစဥ်းစားပြီး မရှိမဲ့ရှိမဲ့ ချီးကျူးစရာ ရှာရမယ်ဆိုရင်တော့ သာဝဟာ ခြောက်တိုင်း ကြောက်ပေမယ့် မြှောက်တိုင်းတော့ မ‌မြောက်တတ်သူပါ၊ ဒါကလည်း အကြောင်းရှိပါတယ်။ သာဝအနားမှာ မြှောက်ပင့်သူတွေက အပုံအပင်ရှိပေမယ့် သူတို့မြှောက်ကြတာတွေကို ဟုတ် မဟုတ်၊ သာဝခွဲခြားနိုင်လို့ပါ။ သူတို့မြှောက်တာတွေကိုလည်း နားထောင်ကြည့်လေ။

“နိုင်ငံခြားက ဂုဏ်ပြုတပ်ဖွဲ့တွေ အဘသာဝ စစ်ဆေးနေတဲ့ပုံတွေကြည့်လိုက်ရင်၊  အဘသာဝတယောက်ပဲ ကျားကျားလျားလျား ထောင်ထောင်မောင်းမောင်းနဲ့ စစ်သားကောင်းပုံစံပေါက်နေတာ” 

“လာမယ့်နှစ် ဆေးပညာနိုဘယ်ဆုက အဘသာဝပဲရမှာ၊ တိုင်းရင်းဆေးနဲ့ ကိုဗစ်ရောဂါကို ပျောက်အောင်ကုမှာဆိုတော့”

“ကြည့်ကြပါအုံး ‌ဒေါ်လာဆိုသိန်းချီ ရွှေဆိုပိဿာလိုက် လာဘ်ယူသတဲ့။ အဘသာဝလို ရိုးရိုးသားသား သီလသ မာဓိအပြည့်နဲ့မဟုတ်ရပါလား အံ့ဩလောက်ပါရဲ့” 

 အစရှိသဖြင့်မြှောက်သံများကြားတိုင်း ကိုယ့်အကြောင်းကိုသိတဲ့ သာဝက ပြောင်းပြန်အဓိပ္ပါယ်ကောက်ရင်း မြှောက်တိုင်း မ‌မြောက်တတ်တော့တာပါ။

ဒါတွေကိုသိပေမယ့် သာဝ နားအရသာတွေ့နေတာတခုတော့ရှိပါတယ်။ ဇော်မဲလုံးတို့တသိုက် သူ့ကို ပြောလာတာလေးကိုပါ။ “အဘသာဝက ရာဇဝင်ထဲက ဟိုဘုရင်ကြီးများဝင်စားသလားမသိဘူး၊ နံမည်တောင် ခပ်ဆင်ဆင်” တဲ့။ တိုင်းသိပြည်သိ ဘုရင်ရူး ရူးနေတဲ့သာဝ စိတ်ဝင်တစားဖြစ်သွားကာ မေးမြန်းပါလေတော့တယ်၊ ဘယ်ဘုရင်လဲပေါ့၊ သမိုင်းမသင် သမိုင်းမသိတဲ့ တပည့်ကျော်များက ကြားဖူးနားဝ ဘုရင်နံမည်နဲ့ ရမ်းတုတ်ပါလေရော၊ ‘ဟိုက သာလွန်မင်းတရားကြီး၊ အဘက သာဝမင်းတရားကြီး’ ပေါ့တဲ့။ သာဝတယောက် အတော့်ကို သဘောတွေ့ မနောခွေ့သွားပါတယ်။ ရင်ခုန်သံ တဒိန်းဒိန်းဖြစ်သွားတဲ့ သာဝက စဥ်းစားပြီးတော့ ‘ငါနဲ့သာ လွန်မင်းကြီး ဘယ်နေရာတွေတူသလဲလို့ မင်းတို့ရှာဖွေကြည့်ကြစမ်း’ ဆိုပြီး ပြောလိုက်တယ်။ 

အဲဒီမှာ ဇော်မဲလုံးတို့တသိုက် ပြဿနာအကြီးအကျယ်တက်တော့တာပါပဲ။ သာလွန်မင်းတရားကြီးနံမည်ကလွဲလို့ ဘာမှအကြားအမြင် ဗဟုသုတမရှိသူများဆိုတော့ သူတို့ရပ်ကွက်က ပြင်ညာယှိယောင်ယောင် ဘာယောင်ယောင် ဘုတ်နှစ်အုပ် ဝန်ကြီးများဆီ အူယားဖားယားနဲ့ အကူအညီပြေးတောင်းရရှာတယ်။ စာအုပ်နှစ်အုပ်သာ ဖတ်ဖူး ရေးဖူးသူများဖြစ်လို့ ဒီနံမည်တွင်သည်လို့တော့မထင်လိုက်ပါနဲ့၊ စာအုပ်ပေါင်းများစွာ ရေးဖူးကြသူများ ဖြစ်ကြပါတယ်။’ မီးပျက်လျင် ဖယောင်းတိုင်နဲ့နေထိုင်နည်း’ တို့၊ ရိသဲ့သဲ့နဲ့ ရည်းစားစကားပြောသလိုမျိုး ‘ချစ်လို့ပြောတာ ဘာညာဘာညာ ဆိုလား’တို့က သူတို့ရဲ့ ရပ်ကျော် ရွာကျော်တွေပေါ့။

သူတို့ရဲ့စာအုပ်တွေကို အစိုးရစာကြည့်တိုက်များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များက အနည်းဆုံး နှစ်အုပ် မဝယ်မနေရဆိုပြီး ဝယ်ခိုင်းလို့ ဘုတ်နှစ်အုပ်နံမည်တွင်တာလား ဆိုရင်တော့လည်း တဝက်တော့မှန်တယ်လို့ ဆိုရပါမယ်။ ဒီလိုပါ၊ ဒီလူတွေက သူတို့အထဲမှာတော့ စာအတော်ဖတ်တဲ့သူတွေ၊ သူတို့စားပွဲပေါ်မှာ စာအုပ်နှစ်အုပ် အမြဲတမ်းရှိတတ်ပါတယ်။ ခပ်ပါးပါးလှပ်လှပ်တစ်အုပ်က မူရင်းစာအုပ်၊ ထူထူထဲထဲ စာအုပ်ကြီးကတော့ အင်္ဂလိပ်-မြန်မာအဘိဓါန်ပါ။ ဒါကြောင့် သူတို့ရဲ့ နံမည်ရှေ့မှာ ဘုတ်နှစ်အုပ်ဆိုတာကို လူတွေကထည့်ပြောကြတာပါ။

တကယ်တော့ သာလွန်မင်းဟာ တိုင်းပြည်သာယာဖွံ့ဖြိုးအောင် စိတ်စေတနာရှိတဲ့ ဘုရင်တစ်ပါး အနေနဲ့ မှတ် တမ်းတင်ခံရသူပါ။ သာဝလိုလူနဲ့ ဘယ်လိုမှ တူညီနီးစပ်စရာ အကြောင်းမရှိတာမို့လို့ ဘုတ်နှစ်အုပ်အဖွဲ့က ဘာမှရှာမရပဲ လက်လျှော့ကြလိမ့်မယ်လို့ ‘ဝကီလိ (ခ်)’ က ကြိုတွက်လိုက်ပါတယ်။ ဒါပေမယ့် ထိပ်တန်းလျှို့ ဝှက်လို့ ခေါင်းစဥ်တပ်ထားတဲ့ သာလွန်မင်းနဲ့သာဝ ဆက်နွယ်ပုံအကြောင်းအစီရင်ခံစာကို လက်ဝယ်ရရှိလို့ ဖတ် ကြည့်ချိန်မှာတော့ ဆားပုလင်းသာပိန်တို့ရဲ့ ‘ဝကီလိ(ခ်)’ ရုံးခန်းတခုလုံး အပ်ကျသံမကြားရလေအောင် ငြိမ်သက်သွားပါတယ်။  ဘုတ်နှစ်အုပ်တို့ရဲ့ မရမက နီးစပ်အောင် အတင်းဆက်စပ်‌ရေးသားထားတာကို တွေ့ လိုက် ရလို့ပါ။ ဒေါ်စိန်အေးကျောင်းထွက်တွေကို လျှော့တွက်မိလိုက်လေခြင်းပေါ့။

အချက်အလက်များက မှန်ကန်ပါတယ်၊ လုပ်ကြံထားရေးသားတာ မဟုတ်ပါဘူး။ ‘ဝကီလိ(ခ်)’ တစ်ဖွဲ့လုံး ငိုင် ကျသွားရလောက်အောင် ရေးထားတာကဒီလိုပါ၊ သာလွန်မင်းတရားကြီးဟာ မြန်မာသက္ကရာဇ် (၉၉၉) ခုနှစ် မှာ မြန်မာနိုင်ငံရဲ့ အစောဆုံးလို့ခေါ်နိုင်တဲ့ သန်းခေါင်စာရင်းကိုကောက်ယူစေခဲ့သူ ဖြစ်ပါတယ်တဲ့။ ဒါအမှန်ပါပဲ။ မြန်မာ့သမိုင်းမှာ ဒီလိုပဲမှတ်တမ်းတင်ခဲ့တာပါ။ ဆက်ရေးထားတာက‌တော့ သာဝလက်ထက်မှာ သန်းခေါင်စာရင်းအခြေခံတဲ့ အိမ်ထောင်စုလူဦးရေစာရင်းထဲ မပါသူများကို  ဧည့်စာရင်းမတိုင်မနေရ လုပ်စေတာကလည်း သာလွန်မင်းတရားကြီးရဲ့ သမိုင်းဝင် လူဦးရေကောက်ခံမှုစံနစ်မှတဆင့် ဆင့်ပွါးလုပ်ဆောင်ချက်မျိုးဖြစ်လို့  ငြင်းပယ်မရနိုင်အောင် သာလွန်မင်းကြီးနဲ့ သာဝတို့ အလွန့်အလွန်ဆက်နွှယ် နီးစပ်နေပါကြောင်း၊ ဖြစ်နိုင်ရင် DNA တောင် စမ်းသပ်စစ်ဆေးသင့်ပါကြောင်းတဲ့။ သာဝကတော့ အတော့်ကို ပီတိဖြာနေမှာ သေချာပါတယ်။ အော် သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတော့လည်းဟူ၍သာ ရင်ထုမနာ ဖြစ်ကြယုံမှတပါး။

ဆားပုလင်းသာပိန်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar