Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၀)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁၀) 
အောက်တိုဘာ ၁၂၊ ၂၀၂၁

• မြန်မာတရုတ် ဆက်ဆံရေးမှပြဿနာများ 
မြန်မာတရုတ် ဆက်ဆံရေးတွင်  နယ်စပ်ပြသနာ၊ စီးပွါးရေးဆက်ဆံမှု ပြဿနာနှင့်နိုင်ငံရေးပြဿနာ ဟူ၍ တွေ့ရမည်ဖြစ်သည်။ 

• နယ်စပ်ပြဿနာ 
မြန်မာတရုတ် နယ်စပ်တွင် အဓိကအငြင်းပွါးသည့် ပြဿနာနှစ်ခုရှိသည်။ ပထမတခုမှာ နယ်စပ်ပိုင်ဆိုင်မှု နယ်နမိတ်မျဉ်းနှင့်ပတ်သက်ပြီး ဒုတိယတခုမှာ နယ်စပ်ကုန်သွယ်ရေးပြဿနာဖြစ်သည်။ မိုင်ထောင်ချီ ရှည်လျားသည့် နယ်စပ်တလျောက် နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွါးမှုရှိသည်က သဘာဝကျသည့်ပြဿနာဖြစ်သည်။ အဓိကမည်သို့ဖြေရှင်းကြမည်ဆိုသည်က အရေးကြီးပါသည်။ နယ်စပ်မျဉ်းများအား အချို့နေရာများတွင် ‌ရေချောင်းများနှင့် ပိုင်းခြားထားသည်ရှိသည်။ ယခုအချိန်‌တွင် ငွေကြေးတတ်နိုင်သည့် တရုတ်တို့က ရေချောင်း၏၎င်းတို့ဖက်ကမ်းအား ရေထိမ်းနံရံများပြုလုပ်သည်။ အကျိုးဆက်ကား မိုးတွင်းရေစီးသန်သောအချိန်တွင် ရေထိမ်းနံရံမရှိသော မြန်မာဖက်ကမ်းက ရေတိုက်စားခံရသည်။ မြန်မာဖက်ကမ်းက မြေများရေတိုက်စားခံရပြီး မြန်မာပိုင်မြေ တဖြေးဖြေးကျဉ်းလာသည့်ပြဿနာကို အချို့‌နေရာများတွင် ကြုံနေရသည်။ ဤပြဿနာသည် ဖြေရှင်းရန် ပြဿနာတခုဖြစ်သည်။ 

ယခုနှစ်ပိုင်းများတွင် ထပ်မံတွေ့ရသည့်ပြဿနာက နယ်စပ်တလျောက် ခြံစည်းရိုးခတ်ခြင်းဖြစ်သည်။ ကိုဗစ်ကူးစက်ရောဂါကြောင့်ဖြစ်စေ၊ နှစ်နိုင်ငံကြားဖြတ်ကျော် ရာဇဝတ်မှုများ၊ ‌မူးယစ်မှောင်ခိုမှုများကြောင့်ဖြစ်စေ ခြံစည်းရိုးခတ်ခြင်းအား ကန့်ကွက်ရန်မရှိသော်လည်း တရုတ်တို့၏ လုပ်နည်းကိုင်နည်းကတော့ ပြဿနာရှိသည်ဟု ဆိုရမည်။ နှစ်နိုင်ငံကြား ခြံစည်းရိုးခတ်ရာတွင် တရုတ်တို့သည် မြန်မာနိုင်ငံဖက်ခြမ်းရှိ ဒေသန္တရအာဏာပိုင်များနှင့် ညှိနှိုင်းမရှိဘဲ ဆောင်ရွက်ခြင်းသည် နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွါးဖွယ်ရာပြဿနာများ ဆက်တိုက်ပေါ်ပေါက်စေသည်ကို တွေ့ရသည်။ နယ်စပ်ခြံစည်းရိုးကာသည့်ကိစ္စအထိ ဗဟိုအစိုရပါဝင်စရာမလိုသော်လည်း ခြံစည်းရိုးကာလို့သည့် တရုတ်နယ်စပ် ဒေသန္တရအစိုးရတာဝန်ရှိသူများအနေနှင့် သက်ဆိုင်ရာ မြန်မာဒေသန္တရအစိုးရတာဝန်ရှိသူများအား အကြောင်းကြားညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်သည်။ ခြံစည်းရိုးကာလိုသူ တရုတ်တို့ဖက်မှ အရင်ကမ်းလှမ်းညှိနှိုင်းရန်လိုသည်။ ခြံစည်းရိုးခတ်သည့် နှစ်နိုင်ငံ နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွါးမှုမဖြစ်စေရန် ဆောင်ရွက်ရန်လိုသည်။ ယခုတော့ တရုတ်တို့ဖက်မှ ကိုယ့်သဘောနှင့်ကိုယ်ခတ်ပြီး မြန်မာဖက်က ကန့်ကွက်မှ ဖြေရှင်းနေရသည့် အခြေမနေဖြစ်သည်။ ထိုကိစ္စနဲ့ပတ်သက်၍ ဆန်စင်ရာ ကျည်ပွေ့လိုက်သကဲ့သို့ ကန့်ကွက်နေသည့် မြန်မာအစိုးရဖက်တွင်လည်း မူဝါဒပိုင်းဆိုင်ရာကိုင်တွယ်ရာတွင် အားနည်းမှုရှိသည်။ တဖက်တွင်လည်း တရုတ်တို့၏ တဖက်သတ်ခြံစည်းရိုးခတ်၍ နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွါးမှုဖြစ်ပေါ်ခြင်းသည် တရုတ်တို့ကြွေးကြော်နေသည့် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေး၊ ကမ္ဘာ့ပြည်သူများ သွေးစည်းချစ်ကြည်ရေးပေါ်လစီနှင့်လည်း မကိုက်ညီပေ။ နယ်စပ်ဒေသပြည်သူများ၏ ပိုင်ဆိုင်မှုများကိုထိပါးသဖြင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးကို ထိခိုက်စေပါသည်။ တရုတ်တို့၏ ဤလုပ်ဆောင်မှုသည် တဖက်သတ်အသာစီးရယူမှုကို ပြသရာရောက်သကဲ့သို့ တရုတ်လူမျိုးကြီးဝါဒကို ဖွင့်လှစ်ပြသရာရောက်သည်ကို တရုတ်တို့ သတိပြုရန်လိုအပ်သည်။ 

တကယ်တေ့ာ နယ်စပ်ပြဿနာသည် ကုန်သွယ်မှုပြဿနာသက်သက် မဟုတ်ပေ။ နှစ်နိုင်ငံနယ်စပ်ရှိ ပြည်သူများ၏ နိစ္စဓူဝဆက်ဆံရေးပြဿနာလည်းပါသည်။ အငြင်းပွါးမှုပြဿနာများလည်းပါသည်။ နယ်စပ်ဖြတ်ကျော် မှုခင်းပြဿနာများလည်းပါသည်။ နယ်စပ်ဖြတ်ကျော်သည့် မူးယစ်ဆေးဝါးပြဿနာ၊ လက်နက်မှောင်ခိုပြဿနာ စသည့်ပြဿနာများလည်းပါသည်။ ထိုပြဿနာများကို နှစ်နိုင်ငံအမြဲတစေထိတွေ့ဆက်စပ်ဖြေရှင်းရန်လိုအပ်သည်။

သို့သော်လည်း လက်တွေ့တွင် ဖြေရှင်းမရသည့် ပြဿနာများလည်းရှိသည်။ မြန်မာဖက်တွင် မှောင်ခိုပစ္စည်းဟု သတ်မှတ်ဖမ်းဆီးသည့် သစ်၊ကျောက်စိမ်း၊ အင်ကြင်းကျောက် စသည်တို့သည် တရုတ်ဖက်ကမ်းတွင် တရားဝင်ဖြစ်သွားသည်။ တရုတ်ဖက်တွင် တရားဝင်အဖြစ်ထွက်လာသော ဆိုင်ကယ်၊ လက်ကိုင်ဖုန်း၊ စားသောက်ကုန်အချို့သည် မြန်မာဖက်တွင် မှောင်ခိုပြန်ဖြစ်သွားသည်။ ဤသို့ နှစ်နိုင်ငံညှိမရသည့် မတူသည့်သဘောထားများကိုလည်း နယ်စပ်၌တွေ့ရသည်။ တရုတ်တို့ဖက်ကလည်း မြန်မာအစိုးရယန္တယား၏ အဂတိလိုက်စားမှုကို ပြန်လည်လက်ညှိုးထိုးလေ့ရှိသည်ကို တွေ့ရသည်။ 

• နယ်စပ်ကုန်သွယ်ရေးပြဿနာ 
နှစ်နိုင်ငံကုန်သွယ်ရေးအား win-win ဟု ကြွေးကြော်ကြသော်လည်း လက်တွေ့တွင် တဖက်နှင့်တဖက် အသာစီးရအောင် ကြိုးစားလေ့ရှိကြသည်။ ထို့ပြင် သွင်းကုန် ထွက်ကုန်များနှင့်ပတ်သက်၍ မိမိတိုင်းပြည်အကျိုးစီးပွါးပြဿနာကို ကြည့်ကြသည်။ လက်ရှိအခြေအနေတွင်တော့ တရုတ်တို့က အသာစီးရယူထားသည်ဟု အများကမြင်ကြသည်။ သွင်းကုန်၊ ထွက်ကုန်အမျိုးအစားနှင့် ပမာဏသတ်မှတ်ချက်များတွင်လည်း တရုတ်တို့က စိတ် ကြိုက်အခြေအနေ ဖန်တီးယူထားသည်ဟု အများကမြင်ကြသည်။ ထို့ပြင် သွင်းကုန်အမျိုးအစားနှင့်ပတ်သက်၍၎င်း၊ ပမာဏနှင့်ပတ်သက်၍ တရုတ်တို့၏ လိုအပ်ချက်အပေါ်တွင်သာ အခြေပြုပြောင်းလဲသတ်မှတ်လေ့ရှိရာ မြန်မာတို့ဖက်မှ ဈေးကွက်ထိမ်းသိမ်းရန် ခက်ခဲသည်ဟုလည်း ဆိုကြသည်။ နယ်စပ်ကုန်သွယ်ရေး ငွေချေစနစ်နှင့်ပတ်သက်၍လည်း တရုတ်တို့ဖက်က အသာစီးရယူထားသည်ဟု မြင်ကြသည်။ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်လျင် မြန်မာတို့ဖက်က win-win အခြေအနေရောက်ရှိရန် များစွာကြိုးစားရန် လိုအပ်နေသည်ကတော့ ငြင်းပယ်ရန်မရှိပေ။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar