Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၁

• စစ်တပ်ရဲ့ မြေလှန်စနစ်နဲ့ ဖက်ဒရယ်စိတ်ကူးအိပ်မက် တကယ်ဖြစ်လာနိုင်ပါ့မလား
ဒီနေ့သတင်းတွေထဲ လူတွေရဲ့စိတ်ကို ထိခိုက်ဆုံးသတင်းတပုဒ်ကတော့ ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ပြီး အိမ်တွေမီးရှို့တဲ့သတင်းပဲ ဖြစ်ပါတယ်။ လူဦးရေ တသောင်းကျော်သာရှိတဲ့ ချင်းပြည်နယ် အနောက်ဖက်ခြမ်းက ထန်တလန်မြို့ဟာ စက်တင်ဘာလဆန်းက ထန်တလန်မြို့ရဲ့အနောက်ဘက် အိန္ဒိယနယ်စပ် လုံလဲရ် စစ်ကောင်စီစခန်းငယ်ကို စီဒီအက်ဖ်တွေစီးနင်းသိမ်းယူပြီးတဲ့ အဖြစ်အပျက်နဲ့ မြို့ပေါ်မှာ အလစ်အငိုက်တိုက်ခိုက်မှုတချို့ ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီရဲ့ လက်စားချေမယ့်ပစ်မှတ်ဖြစ်လာခဲ့တဲ့သဘောဖြစ်ပါတယ်။ 

စက်တင်ဘာလဆန်းမှာ မြို့ပေါ်နေသူတွေ တဖြည်းဖြည်းစွန့်ခွာနေချိန်မှာပဲ စစ်ကောင်စီတပ်တွေက မြို့ကို ပထမအကြိမ် မီးရှို့တာတွေလုပ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ မြို့ခံဓမ္မဆရာတဦး မီးငြိမ်းသတ်ဖို့သွားရာမှာ ပစ်သတ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက သေဆုံးသူရဲ့လက်ချောင်းမှာ ရွှေလက်စွပ်ကိုလိုချင်လို့ လက်ဖြတ်ပြီး ရွှေလက်စွပ်နဲ့နာရီကို ယူသွားတဲ့အဖြစ်အပျက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ထန်တလန်မြို့ခံတွေ၊ ချင်းလူမျိုးတွေနဲ့ ပြည်မကသူတွေကိုပါ ကြီးစွာသောစိတ်ထိခိုက်မှု၊ နာကျည်းမှုဖြစ်စေခဲ့ပြီး ဖြစ်ပါတယ်။ 

အခုတလကျော်ဝန်းကျင်အကြာမှာ လူမနေတော့တဲ့မြို့က အချို့နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဖောက်ထွင်းပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေယူဖို့ကြိုးစားခဲ့တယ်လို့ သတင်းတွေကဆိုပြီး မြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ကာ မီးရှို့ခဲ့ပြန်ပါတယ်။ မြို့ခံတွေ စွန့်ခွာသွားကြပြီး လူမရှိတော့တဲ့ထန်တလန်မြို့နေအိမ်တွေ မီးလောင်နေတာကို ကောင်းကင်က ဒရုန်းနဲ့ရိုက်ထားတဲ့ဓါတ်ပုံက မြင်ရသူတိုင်းကို ကြေကွဲမှုနဲ့ နာကျည်းမှုဖြစ်စေမှာ ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ရခိုင်အရေး ပဋိပက္ခတွေဖြစ်ပွားစဥ်က ရိုဟင်ဂျာမူဆလင်တွေနေထိုင်တဲ့ရွာတွေကို တပ်က ဒါဇင်နဲ့ချီ မီးရှို့ခဲ့ပါတယ်။ ဒီလိုမီးရှို့တဲ့အဖြစ်အပျက်ကို စစ်တပ်က နိုင်ငံပိုင်မီဒီယာတွေကထုတ်ပြန်တဲ့အခါ ရိုဟင်ဂျာမူဆလင်တွေကိုယ်တိုင် သူတို့အိမ်သူတို့ မီးရှို့ပြီးထွက်ပြေးတယ်လို့ ဝါဒဖြန့်ခဲ့တဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ နိုင်ငံတကာဂြိုဟ်တုတွေက ကျေးရွာတွေ မီးမလောင်မီ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေနဲ့ မီးလောင်နေစဥ်၊ မီးလောင်ပြီး ရိုက်ယူထားတဲ့ဓါတ်ပုံတွေနဲ့ ကမ္ဘာကို ပြသသိရှိစေခဲ့တာဖြစ်ပါတယ်။ 

အဲဒီအချိန် အဲဒီကာလက စစ်တပ်ရဲ့ အခုလို ကျေးရွာတွေမီးရှို့မြေလှန်တဲ့လုပ်ရပ်ကို အချို့သော နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ အရပ်သားအစိုးရတွေလည်း နှုတ်ဆိတ်နေခဲ့ကြတာမျိုး စစ်တပ်ရဲ့ဝါဒဖြန့်ချိမှုကို ထပ်ပြီးဖြန့်ဝေပေးခဲ့ကြတာမျိုး လုပ်ဆောင်ခဲ့ကြပါတယ်။ 

အစိုးရစစ်တပ်ဟာ ခေတ်အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခတွေကို တိုက်ခိုက်ရာမှာ တဖက်လက်နက်ကိုင် တပ်တွေကို ထောက်ခံတဲ့ အားပေးတဲ့အရပ်သားတွေကို ရိက္ခာဖြတ်တဲ့နည်း၊ အဆက်အသွယ်ဖြတ်တဲ့နည်း၊ ကျေးရွာတွေမီးရှို့ပြီး မနေနိုင်အောင် ပြောင်းရွှေ့သွားအောင်လုပ်တဲ့နည်း၊ ကျေးရွာသားတွေကို သူပုန်ဆက်သွယ်မှုနဲ့ ဖမ်းဆီးတာ စစ်မေးရင်း အသက်သေဆုံးတဲ့ အထိနှိပ်စက်တာတွေ ဆယ်စုနှစ်နဲ့ချီ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ 

ဒီအကြောင်းတွေက ဗမာလူမျိုးတွေကြားထဲ ပြည်မနေသူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် မသိရှိခဲ့ကြသလို စစ်တပ်၊ အစိုးရဝါဒဖြန့်ချိမှုအောက်မှာ တကယ်မလုပ်ခဲ့တဲ့သဘောမျိုး ယုံကြည်နေခဲ့ကြတာ ဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောမယ်ဆိုရင် ၉၀ ခုနှစ်ကျော်ကာလတွေမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်မှ ကျေးရွာပေါင်းများစွာ မီးရှို့ခံခဲ့ကြရပြီး ဒေသခံ ကရင်လူမျိုး သိန်းဂဏန်းအထိ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာ ဆယ်စုနှစ်နဲ့ ရှိခဲ့ပါပြီ။ ခုထက်တိုင် အဆိုပါဒုက္ခသည်စခန်းတွေ ရှိနေဆဲဖြစ်ပါတယ်။ နေထိုင်သူအချို့ကတော့ တတိယနိုင်ငံရွှေ့ပြောင်းသွားတာတွေရှိပေမယ့် သောင်းဂဏန်းနဲ့ချီတဲ့သူတွေ ဒုက္ခသည်စခန်းမှာ ရှိနေဆဲပါ။ 

ဒီအဖြစ်အပျက်တွေကို ပြန်ရေးပြခြင်းဟာ သမိုင်းရဲ့ဒဏ်ရာတွေကိုဖေါ်ပြီး နာကျည်းအောင် ဒေါသထွက်အောင် ရည်ရွယ်တာမဟုတ်ပဲ သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုသိရှိမှသာ အနာဂတ်မှာ နိုင်ငံရေးပြဿနာ လူမျိုးစုပြဿနာ၊ အစဥ်အလာအားဖြင့် မြေလှန်စနစ်ကိုသုံးခဲ့တဲ့ စစ်တပ်ဆိုတာရဲ့ သရုပ်ကို နားလည်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ခုခံမှု ပီဒီအက်အမည်နဲ့ ဒေသအလိုက် လက်နက်ကိုင်တွေ လှုပ်ရှားလာတဲ့အခါ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဆက်စပ်နေတဲ့ ဒေသတွေ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ တန့်ဆည် ၊ ပုလဲ စတဲ့ဒေသတွေမှာလည်း စစ်တပ်ဟာ မြေလှန်စနစ်နဲ့ ရွာတွေမီးရှို့ အိမ်တွေမီးရှို့နေတာ ခုထိတိုင် ဖြစ်ပါတယ်။ ခုခံတဲ့ရွာတွေ ခုခံသူရှိတဲ့ရွာတွေကို တရွာလုံးရှို့တာ ခုခံသူ အိမ်တွေရွေးပြီးရှို့တာတွေ အမျိုးမျိုး ကျင့်သုံးနေတာဖြစ်ပါတယ်။ ကင်းမရွာဆို တရွာလုံးနီးပါးမီးလောင်ခဲ့ပြီး ကာပေါင်းကျရွာဆို တကြိမ်ပြီးတကြိမ် မီးရှို့နေတာ ဖြစ်ပါတယ်။ 

ဒီလုပ်နည်းလုပ်ဟန်တွေက စစ်တပ်က အခုမှ စကျင့်သုံးတဲ့လုပ်နည်းလုပ်ဟန်တော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်များစွာ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်တို့မှာ သုံးခဲ့ပြီးသားဖြစ်ပါတယ်။ မကြာသေးမီ စစ်အာဏာမသိမ်းမီနှစ်တွေက ရခိုင်ပြည်နယ် မြောက်ဦးမှာ ကျောက်တော်မှာ ရွာလုံးကျွတ်မီးရှို့ခဲ့ပြီးဖြစ်ပါတယ်။  ခုတကြိမ်ပဋိပက္ခမှာတော့ ဗမာတွေနေတဲ့ဒေသ ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခမဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်တို့မှာဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

ဒီလိုစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ခိုက်တဲ့အခါမှာရော ပြည်မမှာဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ မြေလှန်စနစ်ကျင့်သုံးနေတာဟာ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာဖို့ မျှော်လင့်ချက်တွေကိုပျက်စီးစေမှာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ် စစ်တပ်က ဖက်ဆစ်စနစ်နဲ့အုပ်ချုပ်ခဲ့စဥ် ဂျပန်နိုင်ငံမှာစစ်ပညာသင်ယူခဲ့ပြီး ဖက်ဆစ်စနစ် ဂျပန်နယ်ချဲ့တဲ့တပ်နဲ့ယှဥ်တွဲပြီး အင်္ဂလိပ်ကိုလိုနီကို တိုက်ထုတ်ရာမှာပါဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဖြစ်ခြင်းက မြေလှန်စနစ်လိုမျိုးကျင့်သုံးဖို့ ဝန်မလေးတာ၊ ဖြတ်လေးဖြတ်လို စနစ်တွေသုံးပြီး အရပ်သားတွေကိုပါ ရိက္ခာဖြတ်တောက်တာတွေ လုပ်နေကျစစ်တပ်ဖြစ်နေတာလားလို့ တွေးစရာရှိပါတယ်။ 

ဒီလိုစစ်တပ်မျိုးကို ဘယ်လိုအမြစ်ကစလှန်ပစ်မလဲ ဘယ်လိုပြောင်းလဲမလဲဆိုတာတော့ လတ်တလောမှာ အရေးကြီးဆုံးမေးခွန်းတခု ဖြစ်လိမ့်မယ်ထင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar