Breaking News

ကိုအောင်မှိုင်း - ရဲဘော်မနွယ် (သို့မဟုတ်) ဆရာမ ဒေါ်မိမိပို

ကိုအောင်မှိုင်း - ရဲဘော်မနွယ် (သို့မဟုတ်) ဆရာမ ဒေါ်မိမိပို
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၁

ကျနော်သိပ်ချစ်တဲ့ ကျနော့်ကိုလဲသိပ်ချစ်တဲ့ မနွယ်တယောက် အောက်တိုဘာလ ၁၄ ရက် နေ့လည် ၁၀ နာရီ ၄၀ မိနစ်မှာ ကင်ဆာရောဂါနဲ့ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီးမြို့က ဆေးရုံတရုံမှာ ကွယ်လွန်သွားခဲ့ပါပြီ။

တော်လှန်ရေးထဲရောက် နာမည်တွေပြောင်းတော့ မောင်စိန်၀င်း (ပုတီးကုန်းကဗျာကို သိပ်ကြိုက်လို့ တပင်ထဲရင်ထဲကနွယ်လို့ခေါ်တာကို သူကလဲကြိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ ရဲဘော်မနွယ်ဖြစ်ခဲ့တော့တာပေါ့။

ခုတော့ သံယောဇဥ်နွယ်ပင်လေး ပြတ်သွားခဲ့ပါပြီ။ သံယောဇဥ်ဆိုတာ နွယ်လေးတပင်ပေါ့တဲ့။ ပြောရက်လိုက်တာ ကဗျာဆရာရယ်။ တကယ်တော့ သံယောဇဥ်ဆိုတာ နွယ်ပင်အကြီးကြီးပါဗျာ။

တော်လှန်ရေးထဲ သားကြီးဖိုးဒေါင်းနဲ့အတူ လိုက်လာလာခြင်း လွိုင်လမ်းဖမှာ ရိုက်ခဲ့တဲ့ဓာတ်ပုံလေးကို တင်ပေး လိုက်ပါတယ်။ ကျနော် ၃ လသား ဖိုးဒေါင်းနဲ့ သူ့အမေကို ထားခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးထဲထွက်ခဲ့တာ ၆ နှစ်ကြာတဲ့အချိန် ကျနော်တို့ပြန်တွေ့ကြပါတယ်။

အဲဒီအချိန် ကျနော်သူ့ကို ပေးခဲ့တဲ့လက်ဆောင်ကတော့ ယူနီဖောင်းအဟောင်းလေးတစုံပါပဲ။ အလယ်တန်းဆရာမ လုပ်သက် ၁၃ နှစ်ကိုစွန့်ပြီး ကျနော်ကိုချစ်တဲ့စိတ်နဲ့တောထဲလိုက်ခဲ့ပေမဲ့ ရောက်ကထဲက အဖွဲ့အစည်း ရောင်နီဦးကျောင်းမှာ ဆရာမလုပ်ရတော့တာပါပဲ။ ကိုညိုမင်းတို့နဲ့ အဖွဲ့ပေါ့။ ကိုညိုမင်းဟိုတလောကဆုံးတော့ သူက ကီမိုသွင်းနေရချိန်ပေါ့။ သူ့ကိုယ်သူလဲ နီးပြီလို့ မကြာခဏပြောတော့တာပါပဲ။ သူတို့က မန္တလေးအမှတ် ၉ ထွက်တွေဆိုတော့ ချစ်ကြတယ်။ မကြာခဏလဲ ရန်ဖြစ်ကြတယ်။

တသက်လုံးမှာ တပုဒ်ထဲရေးခဲ့တဲ့ကဗျာဆရာမကို ပြပါဆိုရင် ရဲဘော်မနွယ်ကို ပြရမယ်ထင်တယ်။ ကလလတဥက္ကဋ္ဌ ရဲဘော်စန္ဒာဆုံးတော့ သူအ တော်၀မ်းနည်းပုံရတယ်။ သူက ရဲဘော်စန္ဒာကို အတော်လေးစားတယ်။ အဲဒီအချိန်မှာ သူက ကင်ဆာစဖြစ်နေပြီ။ သူကဗျာလေးတစောင် ဥက္ကဋ္ဌအတွက်ရေးခဲ့တယ်။ ဥက္ကဋ္ဌသား ပန်ဖကို လှမ်းပို့ပေးလို့ ပန်ဖက ဥက္ကဋ္ဌအသုဘမှာ ဖြန့်ခဲ့ပါတယ်။ ကျနော် သူ့ကိုချစ်တဲ့စိတ် ရဲဘော်စန္ဒာကို လေးစားတဲ့စိတ်နဲ့ ရဲဘော်မနွယ်ကဗျာလေးကို ပြန်တင်ပေးလိုက်ပါတယ်။

ကင်ဆာကျဆုံးပါစေ .... မအလကျဆုံးပါစေ။
ကိုအောင်မှိုင်း
= = = = 

ဥက္ကဋ္ဌ (သို့မဟုတ်) ရဲဘော်လမင်း

ပထမဦးစွာ
တွေ့ကြရာဝယ်
ရင်မှာတွေးထား
ရုပ်ရှင်ကားမှာ
ကြည့်ခဲ့ရသလို
ခါးမှာဗျောက်ထိုး
မုတ်ဆိတ်ဗလပြစ်
ခေါက်ချိုးမျက်နှာ
ကြောက်စရာမျိူးလား
ထင်မှတ်မှားမိ
တွေ့သိလိုက်တော့
သြော် အမှောင်ထဲက
လမင်းပါလား ဥက္ကဋ္ဌ။

သူ့မှာရှိတာ
မျှဝေပေးစား
အောက်ငယ်သားဟု
မမောက်မမာ
မိသားစုပမာ
မေတ္တာမျှဝေ
ပေးစေခဲ့သူ ဥက္ကဋ္ဌ။

အတူနေစဉ်
ပဲပြုတ်ဆီဆမ်း အတူစားခဲ့ကြ
ငါးခြောက်ဆီဆမ်း အတူစားခဲ့ကြ
ငါ့အတွက်အပို ဘာလုပ်ပါဟု
တခွန်းတပါဒမဖွင့်ဟခဲ့သူ ဥက္ကဋ္ဌ။

ဒုက္ခရောက်စဉ်
အကြီးအကဲပီပြင်စွာ
စောင့်ရှောက်ကူညီ
စေတနာရည်၍
ကြည့်ရှုကူညီခဲ့သူ ဥက္ကဋ္ဌ။

အဝေးရောက်စဉ်
အမြဲလိုပင် ပူပင်သောက
စိတ်မချစွာဖြင့် မေးရှာခဲ့တယ်
နေကောင်းရဲ့လား
ဘယ်လိုနေလဲ
အဆင်ပြေလား
လားများစွာနဲ့
ပူပင်ခဲ့သူ ဥက္ကဋ္ဌ။

ကျွန်မရင်ထဲ
ဥက္ကဋ္ဌဂုဏ်ရောင်
ထွန်းပြောင်လျက်ပါ။
ဥက္ကဋ္ဌဂုဏ်ရှိန်
မညှိုးမှိန်ပါ။
အမြဲရှင်သန်
အေးမြလျက်ပါ ဥက္ကဋ္ဌ။

သင်္ခါရသဘော
မလွန်ဆန်နိုင်သော
လူ့လောကမှာ
ဥက္ကဋ္ဌကအရင်
သွားနှင့်ရင်လဲ
ကျွန်မလဲဘဲ
တန်းစီလျက်ပါဥက္ကဋ္ဌ။

ထာဝရ ဂါရဝဖြင့်
မနွယ် (ဆရာမ)
၂၃ရက် ဂျူလိုင်လ ၂၀၁၈ ခုနှစ်
(ရဲဘော်ခိုင်ဇနီး)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar