မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၁၈၊ ၂၀၂၁
ဒီနေ့ သတင်းတွေထဲမှာတော့ ကိုင်တွယ်လို့ရတဲ့ တကယ့်ရွှေကို အရောင်းအဝယ်လုပ်ကြရာကနေ စက္ကူပေါ်မှာ ရွှေအရောင်းအဝယ် နည်းလမ်းတခုကို ပြည်တွင်းဘဏ်တွေနဲ့ ရွှေလုပ်ငန်းရှင်အသင်းတို့ ဆွေးနွေးပြီး မိတ်ဆက်ကြတဲ့သတင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဝေဖန်ပြောဆိုနေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေကို သတင်းမီဒီယာတွေနဲ့ အမှုအကြောင်း ဖြေကြားပြောဆိုခွင့် ကန့်သတ်လိုက်တဲ့ သတင်း၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ သတင်းပေး၊ ပျူစောထီးဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာ၊ စစ်ကောင်စီက ကျေးရွာသားတွေကို ပီဒီအက်ဖ်လို့စွပ်စွဲ သတ်ဖြတ်တဲ့ သတင်းတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တလကျော်ကာလအတွင်း မြန်မာငွေ တန်ဖိုးစံချိန်တင်ကျပြီး ဒေါ်လာစျေးနဲ့ အခြားနိုင်ငံခြားငွေလဲနှုန်းတွေ မကြုံဖူးအောင် မြင့်တက်ခဲ့တဲ့အကျိုးဆက်က ရွှေစျေးကိုလည်း မကြုံဖူးလောက်တဲ့ စျေးအထိ ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ ငွေကို လက်ဝယ်ကိုင်မထားချင်သူတွေအဖို့ ရွှေနဲ့ ဒေါ်လာက တန်ဖိုးဆုံးရှုံးမှုအနည်းဆုံး ပြန်ပြီးရောင်းချရအလွယ်ဆုံး ပစ္စည်းဖြစ်လို့နေပါတယ်။ ဒီအချက်တွေကြောင့် ငွေတန်ဖိုးကျတာရဲ့ ဂယက်အနေနဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးလျော့မသွားအောင် ကာကွယ်လုပ်ဆောင်မှုအနေနဲ့ ရွှေကို အလုအယက်ဝယ်ယူခဲ့ကြရာက တကျပ်သား ကျပ်သိန်း ၂၀ ကျော်ထိရောက်ရှိခဲ့ပြီး နောက် ခုလတ်တလောမှာ သိန်း ၂၀ အောက်ကို ပြန်ရောက်ခဲ့တာပါ။
ဒီအခြေအနေတွေက ရွှေနဲ့ ဒေါ်လာဝယ်ယူချင်သူတွေကိုသာ သက်ဆိုင်တာမဟုတ်ပဲ ငွေတန်ဖိုးကျတဲ့ဂယက် တနည်းအားဖြင့်ပြောရင် ဒေါ်လာစျေးတက်တဲ့ဂယက်က အခြားသွင်းကုန်ပစ္စည်းတွေအားလုံးကို စျေးမြင့်တက်စေပြီး အခြေခံအကျဆုံး လောင်စာဆီလိုမျိုးကို နေ့ချင်း ညချင်း စျေးမြင့်တက်စေကာ ကုန်သယ်ယူမှု၊ ခရီးသွားလာမှု၊ လျှပ်စစ်မီတာခနဲ့ ဝန်ဆောင်မှုတွေကိုပါ စျေးမြင့်စေခဲ့တာပါ။
တဖက်မှာလည်း ရွှေဝယ်လိုအားများလာတာကို အကြောင်းပြုပြီး ရွှေလုပ်ငန်းရှင်အသင်းနဲ့ ပုဂ္ဂလိကဘဏ်တို့ ဆွေးနွေးတိုင်ပင်မှုလုပ်ပြီး စာရွက်ပေါ်ကရွှေ အတိုကောက်အားဖြင့် စက္ကူရွှေဆိုတာကို စီစဥ်မိတ်ဆက်ကြတာပါ။ စျေးကွက်မှာ အလုအယက်ဝယ်ယူလိုကြတဲ့ ရွှေဝယ်ယူမှုကို ဘဏ်မှာ အပ်ထားတဲ့ (နကို ဘဏ်ထဲချုပ်မိနေတဲ့ စာရင်းထဲကမဟုတ်ပဲ အသစ်ဖွင့်တဲ့ ငွေစာရင်းနဲ့) ငွေနဲ့ချိတ်ဆက်ပြီး အာမခံရောင်းထားတဲ့ သဘောဖြစ်ပါတယ်။
ခုလို စနစ်မျိုးပေါ်ထွက်လာတာဟာ အရင်းရှင်စီးပွားရေး ဖွံ့ဖြိုးတဲ့နိုင်ငံတွေက စတော့ရှယ်ယာစာချုပ်တွေကို ဝယ်ယူသလိုမျိုးနဲ့ နှိုင်းယှဥ်မိသလို တချိန်က အက်ဖ်အီးစီလို့ခေါ်တဲ့ ပြည်တွင်းမှာသာ အသိအမှတ်ပြုတဲ့ နိုင်ငံခြားငွေစက္ကူလိုမျိုးကို ပြန်အမှတ်ရမိ စေပါတယ်။ မိမိဘာသာ အကန့်ကန့်ပြီး အရောင်းအဝယ်တခု တန်ဖိုးတခုကို အာမခံကာ ရောင်းဝယ်ကြတဲ့သဘောဖြစ်ပါတယ်။ ပြင်ပစီးပွားရေး နိုင်ငံတကာ စီးပွားရေးလိုမျိုးနဲ့ တိုက်ရိုက် မဆက်စပ်တော့ပဲ မိမိတို့ကမ္ဘာထဲမှာ မိမိတို့ဘာသာ သတ်မှတ်ရောင်းဝယ်ကြတာမျိုးဖြစ်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NCA လက်မှတ်ထိုးတဲ့ ၆ နှစ်ပြည့်အခမ်းအနားကို PPST အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တက်ရောက်ခဲ့ကြတဲ့ အပေါ် နိုင်ငံရေးအဖွဲ့အစည်းတချို့က ပြင်းထန်စွာဝေဖန်တာ စာထုတ်ပြန်တာတွေ လုပ်ခဲ့ကြပါတယ်။
NCA ရှိသေးသလား၊ ၂၀၀၈ ရှိသေးသလားဆိုတာတွေက စစ်အာဏာသိမ်းပြီးနောက် ဆွေးနွေးစရာ ငြင်းခုံစရာ ခေါင်းစဥ်တွေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့နောက်၂၀၀၈ ပျက်ပြီးဆိုရင် NCA က ရှိပါ့တော့မလားဆိုတဲ့ ရှုထောင့် အငြင်းလည်း ရှိသလို ဒီလိုဆွေးနွေးသဘောတူညီမှုဟာ ဆယ်စုနှစ် ၇ခုလောက်အတွင်း ပထမဆုံးသော နိုင်ငံရေးရှုထောင့်က ချဥ်းကပ်ဆွေးနွေး သဘောတူကြတဲ့ သဘောတူညီချက်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်နဲ့ လွှတ်မချရက်ပဲ ဆုပ်ကိုင်ထားပြီး တဖက်မှာလည်း စစ်ရေးအရနည်းလမ်းကို ဒုတိယရွေးချယ်မှု အနေနဲ့ သဘောထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေရှိကြပါတယ်။
ဝေဖန်ကြသူတွေဘက်ကတော့ စစ်အာဏာသိမ်းအစိုးရက ကမကထလုပ်တဲ့ အထိမ်းအမှတ်အခမ်းအနားကို သွားတက်တာဟာ စစ်အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုရာကျတယ်ဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်နေကြတာဖြစ်ပါတယ်။ တက်ရောက်တဲ့အဖွဲ့တွေအားလုံးကို စစ်ကောင်စီကို ထောက်ခံတယ်လို့ မဆိုနိုင်သလို စစ်ကောင်စီအစိုးရကို အသိအမှတ်ပြုတယ်ဆိုတဲ့အချက်အပေါ် ချဥ်းကပ်ပုံမတူကြတဲ့အပေါ် အမြင်ချင်းကွဲလွဲကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတိုင်းနီးပါးမှာ ဗမာလူမျိုးတွေမြင်တဲ့ အမြင်၊ ဗမာလူမျိုးတွေကို ဗဟိုပြုမြင်တဲ့အမြင်နဲ့ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အရေးကိစ္စကို အရေးကြီးတဲ့အကြောင်းအရာအဖြစ် ထည့်သွင်းထားပြီးရှုမြင်တဲ့ တိုင်းရင်းသားနိုင်ငံရေး အဖွဲ့အစည်းတွေ လက်နက်ကိုင်တွေ မြင်တဲ့အမြင် ထပ်တူမကျနေတာကို သတိပြုမိဖို့ လိုမယ်လို့ထင်ပါတယ်။ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဖက်ဒရယ်အရေးဟာ ဒီမိုကရေစီအရေးလိုပဲ အသက်တမျှအရေးကြီးပြီး ခေတ်တိုင်းအစိုးရပြောင်းလဲတိုင်းမှာလည်း ဖက်ဒရယ်အတွက် တောင်းဆိုတိုက်ပွဲဝင်နေကြရတာက သူတို့ရဲ့ လက်တွေ့ဘဝ အတွေ့အကြုံဖြစ်တာကြောင့် ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်ဖြုတ်ချရေးလို့ဆိုရုံမျှနဲ့ ဖက်ဒရယ်ကို အာမခံပြီးသားဖြစ်တယ်လို့ ဘဝပေးအသိအရ မယုံကြည်ကြဘူးဆိုတာကို ပြည်မက နိုင်ငံရေးအဖွဲ့အစည်းတွေ နားလည်သဘောပေါက်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
လက်ရှိ အခြေအနေမှာ စစ်ကောင်စီတပ်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကုန်လုံး ဘာလို့ တပြိုင်ထည်းမတိုက်ကြလဲလို့ မေးခွန်းထုတ်ခဲ့ရင် မေးခွန်းကလွယ်ပေမယ့် အဖြေက အရှည်ကြီးဖြေရမယ့်သဘောလည်းဖြစ်ပြီး အထက်က ရှုမြင်မှု အတိတ်က သမိုင်းအတွေ့အကြုံတွေကို ပြန်ကောက်ရမယ့်သဘောမျိုး ဖြစ်ပါလိမ့်မယ်။ အတိတ်က ဖြစ်ရပ်တွေအတွက် လုံလောက်တဲ့ ဖြေရှင်းတာဝန်ခံမှု၊ အနာဂတ်အတွက် အာမခံချက်၊ လက်ရှိပစ္စုပ္ပန်မှာလည်း အာမခံချက်ရှိမှသာ အထက်ကမေးခွန်းကို လွယ်လွယ်ကူကူ ဖြေနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
NCA အကြောင်းအပြင် ဒီနေ့အတွက် အခြားသော သတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ ရှေ့နေတွေ ဖြစ်တဲ့ ဦးခင်မောင်ဇော် အပါအဝင် အခြားသောရှေ့နေ ၂ ဦးကိုပါ အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေနဲပတ်သက်လို့ သတင်းမီဒီယာကို ဖြေကြားတာ ပိတ်ပင်လိုက်တဲ့ အမိန့်ကို မြို့နယ်ထွေအုပ်က ထုတ်ပြန်လိုက်ပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့ တရားခွင်မှာ ထွက်ဆိုချက်တွေ အဆိုပါထွက်ဆိုချက်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် ဝေဖန်ချက်တွေ၊ သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ရှေ့နေတွေကတဆင့် သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ကြတဲ့နောက် အခုလို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
အထက်ကသတင်းတွေ အပြင် ဒီနေ့သတင်းတွေထဲက သတိပြုမိတဲ့ အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တပ်တွေ စစ်ဆေးရိုက်နှက်ပြီး ဖမ်းခံရပြီး နေ့မကူးခင်မှာပဲ ရွာသားတဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ခင်ဦးမြို့နယ်ထဲက ပျဥ်ထောင်ရွာမှာ ဖြစ်ပွားခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အလားတူဖြစ်ရပ်မျိုးတွေ စစ်ကိုင်းတိုင်းထဲမှာ ရန်ကုန်တိုင်းမှာ ပဲခူးတိုင်းမှာ ကယားပြည်နယ်မှာ တနင်္သာရီတိုင်းတွေမှာ မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ဥပဒေမဲ့ သတ်ဖြတ်မှုတွေက မှတ်တမ်းတင်လို့ မနိုင်လောက်တဲ့ ကိန်းဂဏန်းတွေ အရေအတွက်တွေ ဖြစ်လာနေသလို အခုလိုသတင်းမျိုးကလည်း ထူးဆန်းတဲ့ သတင်းတပုဒ်မဟုတ်တော့သလို ဖြစ်နေပြီး နေ့စဥ်ဖတ်ရှု ကြားသိနေရတဲ့ အခြေအနေဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ မြန်မာနိုင်ငံဟာ လက်စားချေမှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ လုပ်ကြံမှု၊ အနိုင်ကျင့် သတ်ဖြတ်မှု၊ နေအိမ်တွေ၊ ကျေးရွာတွေ မြို့တွေကို မီးရှို့ဖျက်ဆီးမှု အစရှိတဲ့ ဆိုးရွားတဲ့ နိုင်ငံရေးဖြစ်စဥ်တခုထဲ တတိတတိနဲ့ ကျဆင်းနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar