Breaking News

မိုးမခကဗျာ - ညိုထက်ညို '' အသက်ရှူကြပ်တဲ့ လေ ''

Image - Crd

မိုးမခကဗျာ 
အောက်တိုဘာ ၉၊ ၂၀၂၁

'' အသက်ရှူကြပ်တဲ့ လေ ''
ညိုထက်ညို

မီးငယ်
အောက်ကိုဆင်းလိုက်တာနဲ့
ငါပြောမယ် နင်တော့ ပါးစပ်ကို ဟထားပေတော့ပဲ
လမ်းထိပ်ကို ထွက်တာနဲ့
ဖြစ်သမျှအကြောင်း အကောင်းတဲ့
အနံ့တထောင်းထောင်းထရာ
နင် ညှော်နံ့များရမယ်ဆို အဲဒါ ငါ့အသားတွေကင်ထားတဲ့ အနော်ရထာလမ်းပေါ်ကပဲ ဖြစ်မယ်
အဆင်မပြေပေမယ့် ပြေနေသလိုလို
မလုံခြုံပေမယ့်လည်း လုံခြုံသလိုလို
နင်သိလား နင်နဲ့ငါနဲ့ ဆော့ခဲ့တဲ့ ပန်းဆိုးတန်းမှာ
နင်လည်း အသက်ကြီးပြီ ပေါ်တင်ပဲပြောမယ် ဖာတွေချည်းပဲ
ဆိုးတာက ဆံပင်တွေကို ဆေးဆိုးဖို့လိုလာတာ
ပိုပြီးဆိုးတာက အဲဒီအကြောင်းတွေကို ပြောပြဖို့ နင်မရှိတာ
အဲဒါတွေထက် ပိုပြီးဆိုးတာက ငါ အောက်ဆီဂျင် အကြီးအကျယ်လိုနေတာ
နင်သိမလား နင်သိထားခဲ့တဲ့ ငါဈေးတွေကကျနေလည်း
ငါသွေးကြွနေဆဲ
ဒါ ငါ့ကိုယ်ငါ တီးခေါက်ကြည့်တာပါ
လက်သုံးချောင်း ခိုးထောင်မိတာပါ
မတရားအသင်း ကြေညာကြည့်တာပါ
ပါးစပ်အဟောင်းသား နဲ့ ရှင်ချင်ယောင် ဆောင်ကြည့်မိတာပါ
လက်တွေ တုန်နေပါလျက် နဲ့ ငါ့ကိုယ်ငါ vpn ထဲ ထည့်ကြည့်မိတာပါ
နင့်နှယ် ရုပ်ရှင်ရုံတွေပျောက်သွားကတည်းက မအေးအေးဝင်းတစ်ယောက်ပျောက်သွားလိုက်တာ စုပ်စမြုပ်စပဲ
မီးငယ်
ဒီစာကို မီးရှို့ဖျက်ဆီးပစ်ပါ
အဲဒီလောက်အထိလိုအပ်လာလို့ ငါပြောတာ သေသေချာချာ မီးရှို့ပါ
ငါ့ကိုမေ့ပါ ကျောက်တံတားကို မေ့ပါ
ဖြစ်နိုင်သမျှ နည်းအားလုံး နဲ့ နင် မသေရုံတမယ်တော့ ပျော်ရွှင်ပါ
ဘာပဲဖြစ်ဖြစ် နောင်လည်း နင် ငါ့ကို ဟေ့ကောင် အလှပြင်နေတာလားကြာလိုက်တာ လို့ Tomboy အထာနဲ့ ပြောဦးမှာပဲမဟုတ်လား
နင်ပြန်လာရင် ၃၈ လမ်းထိပ်မှာ နင့်ကို မျှော်နေမှာ ။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar