Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၇)

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၇)
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၁

အမေရိကန်နှင့် တရုတ် 
ကွန်မြူနစ်ဆန့်ကျင်ရေးအမြင်ကို ကိုင်စွဲထားသည့် အမေရိကန်အဖို့ တရုတ်ကွန်မြူနစ်ပါတီသည်၎င်း၊ တရုတ်ပြည်တွင် ကွန်မြူနစ်တို့အာဏာရလာခြင်းသည်၎င်း နှစ်မြို့စရာကိစ္စမဟုတ်ခဲ့ပေ။ သူတို့ကျားကန်ပေးထားသည် တရုတ်ဖြူဟုခေါ်ကြသည့် ကူမင်တန်တို့ တိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာသည်ကို တောက်လျောက် အကာအကွယ်ပေးခဲ့သည်။ တိုင်ဝမ်ကျွန်းငယ်လေးပေါ်မှ ကူမင်တန်အစိုးရကို တရုတ်အစိုးရအဖြစ် အနှစ် ၂၀ ကျော် ကုလ သမဂ္ဂတွင်နေရာပေးထားခဲ့သည်။ တိုင်ဝမ်ကျွန်းအား တရုတ်ပြည်မကြီး၏အစိတ်အပိုင်းသည်ဟူသည့်မူဝါဒအား စွဲကိုင်ထားသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးမပြေခဲ့ပေ။ ထို့ပြင် စစ်ရှုံး၍ဆုတ်ခွါလာသော ကူမင်တန်တရုတ်ဖြူတို့ ရှမ်းပြည်နယ်တွင်းအခြေပြုပြီး တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖေါက်နှောက်ယှက်ရန်ကြိုးစားနေမှုများအား အမေရိကန် CIA က ထိုင်းမြန်မာနယ်စပ်တလျောက်အခြေပြုပြီး အားပေးကူညီနေခဲ့ရာ တရုတ်ပြည်မကြီးနှင့် အဆင်မပြေခဲ့။ 

ထို့ပြင် ဒုတိယကမ္ဘာစစ်အပြီးမကြာခင် အမေရိကန်နှင့်တရုတ်တို့ကြား ကြီးမားသောစစ်ပွဲများရင်ဆိုင်ခဲ့ကြသည်။ ပထမစစ်ပွဲမှာ ၁၉၅၀ မှ ၁၉၅၃ ထိ ၃ နှစ်ကျော် ဖြစ်ပွါးခဲ့သည့် ကိုရီးယားစစ်ပွဲဖြစ်သည်။ မြောက်ကိုရီးယားဖက်မှ တရုတ်အပျော်တမ်းတပ်ဖွဲ့များ အလုံးအရင်းနှင့်ဝင်ရောက်တိုက်ခိုက်ခဲ့သကဲ့သို့ တောင်ကိုရီယားဖက်မှ အမေရိကန်ဦးဆောင်သည့် ကုလသမဂ္ဂတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၃ နှစ်တာတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးသူ၊ ဖမ်းဆီးခံရသူ ၂၃ သိန်းထိရှိခဲ့သည်အထိ ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ ကိုရီးယားစစ်ပွဲ အပစ်ရပ်ပြီးနောက် ၁၉၅၅ ခုနှစ်မှ ၁၉၇၅ ထိဖြစ်ပွါးသော ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်နှင့်တရုတ်တို့ ဒုတိယအကြိမ်ထပ်မံဆုံကြပြန်သည်။ တောင်ဗီယက်နမ်ဖက်က အမေရိကန်တို့က ဗြောင်အတိအလင်း ဝင်ရောက်တိုက်ခိုက်သည်။ တရုတ်တို့ကတော့ တောင်ကိုရီယားစစ်ပွဲကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုတော့။ စစ်လက်နက်အကူအညီပေးခြင်း၊ စစ်အကြံပေးအချို့နှင့် အပျော်တမ်းတပ်ဖွဲ့အချို့စေလွှတ်၍သာ ကူညီခဲ့သည်။ ဗီယက်နမ်စစ်ပွဲသည် ၁၉၇၅ ခုနှစ် အမေရိကန်တို့ အရှုံးနှင့်ဆုတ်ခွါချိန်မှ အဆုံးသတ်ခဲ့သည်။ ရှည်လျားပြင်းထန်သော ဗီယက်နမ်စစ်ပွဲအ တွင်း ဗီယက်နမ်စစ်သားနှင့်ပြည်သူ တသန်းမှ သုံးသန်းကြား၊ ကမ်ပူကျဲ လူမျိုး ၂ သိန်းမှ ၃ သိန်းနှင့် လာအိုလူမျိုး ၂ သောင်းနှင့်အထက်သေဆုံးခဲ့ပြီး အမေရိကန်စစ်သား ၅၈၀၀၀ ကျော်သေဆုံးခဲ့သည်။ 

သို့သော် ဗီယက်နမ်စစ်ပွဲအပြီး အမေရိကန်တရုတ်ကြား ဆက်ဆံရေးသည် သိသိသာသာပြောင်းလဲစပြုသည်။ ၁၉၇၀ ခုနှစ်များမှ အစပြုသည့် တရုတ်-အမေရိကန်ဆက်ဆံရေးသည် ဗီယက်နမ်စစ်ပွဲအပြီး ပို၍တိုးတက်လာသည်။ ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင် အာဏာပြန်ရလာပြီး တရုတ်ပြည်အပြောင်းအလဲများပြုလုပ်ပြီးနောက် တရုတ်-အမေရိကန်ဆက်ဆံရေး ပို၍တိုးတက်လာခဲ့သည်။ ပထမအချက်မှာ တရုတ်တို့အမျိုးသားအကျိုးစီးပွါးကိုရှေ့ရှုပြီး လက်ဝဲအယူဝါဒများဖြန့်ဖြူခြင်း၊ လက်ဝဲပါတီများကို ကူညီထောက်ပံ့ခြင်းများကို ရပ်တန့်လိုက်ခြင်းသည် အမေရိကန်တို့အတွက် စိတ်သက်သာရစေခဲ့သည်။ ဒိုမီနိုသီအိုရီအရ အရှေ့တောင်အာရှနိုင်ငံများ တနိုင်ငံပြီးတနိုင်ငံ ကွန်မြူနစ်နိုင်ငံများဖြစ်သွားမည်ဆိုသည်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုလျှော့ကျသွားသည်။ 

ဒုတိယအချက်မှာ တရုတ်ပြည်တံခါးဖွင့်ပြီး ဈေးကွက်စီးပွါးရေးပုံစံပြောင်းလဲခြင်းသည် အမေရိကန်နှင့် သူ၏မဟာမိတ်များအတွက် လူဦးရေ သန်းထောင်ချီရှိသည့်ကျယ် ပြန့်ကြီးမားသည့် ဈေးကွက်တခုရလိုက်ခြင်းဖြစ်သည်။ ထိုဈေးကွက်သည် မဖွံ့ဖြိုးသေးသည်နိုင်ငံကြီးတခု၏ဈေးကွက်တခုဖြစ်ပေရာ စက်မှု၊ နည်းပညာဖွံ့ဖြိုးသည့် အမေရိကန်တို့အတွက် စိတ်ကြိုက်ဈေးကွက်တခုဖြစ်သည်။ သူတို့၏ထုတ်ကုန်များ ဖြန့်ဖြူးရန်နှင့် ‌သူတို့၏ရင်းနှီးမြှုပ်နှံမှုအတွက် ဈေးသက်သာသောလုပ်သားဈေးကွက်ရလိုက်သည်။ ထို့ပြင် တရုတ်သည် စီးပွါးရေးအရဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးသည့်အတွက် နိုင်ငံတကာရှိ အမေရိကန်နှင့်သူ၏မဟာမိတ်နိုင်ငံများ၏ ဈေးကွက်ကို လုယူနိုင်ခြင်းမရှိသေးပေ။ စစ်ရေးအင်အားအရလည်း အမေရိကန်အား ယှဥ်နိုင်သည့်အခြေအနေမရှိသေးပေရာ စိတ်ချလက်ချစီးပွါးကုန်သွယ်မှုလုပ်၍သည့်အခြေအနေတွင်ရှိနေသည်။ သို့ဖြစ်ရာ အမေရ်ိကန်နှင့် တရုတ်အကြားစီးပွါးရေးဆက်ဆံရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားခဲ့သည်။ အမေရိကန်၊ ဥရောပနှင့်ဂျပန်တို့မှ နာမည်ကြီးကုမ္ပဏီများ၊ နံမည်ကြီးအမှတ်တံဆိပ်များ တရုတ်တွင် ထုတ်လုပ်လာသည်ကို တွေ့ရသည်။ ထို့ပြင် တဖြေးဖြေးဖွံ့ဖြိုးတိုးတက်လာသော တရုတ်တို့၏ သုံးစွဲနိုင်မှုမြင့်လာပေရာ တရုတ်ဈေးကွက်သည် အမေရိကန်နှင့်သူ၏မိတ်ဆွေနိုင်ငံများအတွက် စိတ်ကြေနပ်စရာဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၈၀ မှ ၂၀၁၀ ထိ အနှစ် ၃၀ ကာလသည် တရုတ်နှင့် အ‌မေရိကန်ကြား စီးပွားရေးဆက်ဆံမှု အရှိန်အဟုန်ကောင်းခဲ့သည့်ကာလဖြစ်ခဲ့သည်။ win-win သီအိုရီအသံများ ကျယ် လောင်လာခဲ့သည့်ကာလဖြစ်သည်။ 

တရုတ်-အမေရိကန်ဆက်ဆံရေး ခေတ်ပြောင်းချိန် 
သို့သော် တရုတ်တို့၏တိုးတက်မှုသည် နောက်ပိုင်းတွင်မြန်ဆန်လာသည်။ ပြည်တွင်းထုတ်လုပ်မှု ပမာဏမြင့်တက်လာသည်။ နည်းပညာလည်းမြင့်တက်လာသည်။ ဘဏ္ဏာအရင်းအမြစ်လည်း မြင့်တက်လာသည်။ တရုတ်တို့တွင် နာမည်ရကုန်ပစ္စည်းအမှတ်တံဆိပ်များ ပိုင်ဆိုင်လာသည်။ သို့နှင့် တရုတ်တို့သည် ကမ္ဘာဈေးကွက်အားလှမ်းမျှော်ကြည့်ရာမှ ကမ္ဘာ့ဈေးကွက်တွင်းသို့ ဝင်ရောက်ရန် အခိုင်အမာများ ခြေလှမ်းများစလာခဲ့သည်။ တရုတ်တို့၏ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအတွက် ရည်ရွယ်သည့် ပိုးလမ်းမစီမံကိန်းသည် နိုင်ငံတကာက မျက်စပင့်ကြည့်ရသည့် စီမံကိန်းတခုဖြစ်သည်။ ကမ္ဘာစီးပွါးရေးတွင်ဘဏ္ဏာရေးအရင်းအမြစ်နှင့်ပတ်သက်ပြီး အမေရိကန်၊ ဥရောပနှင့်ဂျပန်တို့ အုပ်စီးထားသည့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့အား ယှဉ်ပြိုင်ရန် တရုတ်တို့ ၂၀၁၃ ခုနှစ်တွင် အဆိုပြုသည့် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (Asiia Ifrastruture Investment Bank- AIIB) သည် ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာသည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ စုဖွဲ့သည့် BRICS ၏ New Development Bank- NDB အား တရုတ်ပြည် ရှန်ဟိုင်း၌ ဖွင့်လှစ်ခဲ့သည်။ အခြားစိတ်ပါဝင်စားသောနိုင်ငံများလည်း အဖွဲ့ဝင်ဖြစ်လာသည်။ တရုတ်တို့၏ ကမကထပြုမှုနှင့် အမေရိကန်ဒေါ်လာဘီလျံ ရာနှင့်ချီရင်းနှီးမြှုပ်နှံသည့် ဘဏ်များထွက်ပေါ်လာသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ တရုတ်အကျိုးစီးပွါးကိုကာကွယ်ရန် တရုတ်တို့သည်စစ်ရေးအင်အားကို တည်ဆောက်လာသည်။ ကမ္ဘာသမုဒ္ဒရာများကို စိုးမိုးထားသည့် အမေရိကန်ရေတပ်ဖွဲ့များအား ယှဉ်ပြိုင်ရန် ရေတပ်အင်အားကိုတိုးချဲ့တည်ဆောက် ပြင်ဆင်လာသည်။ 

သို့နှင့် တရုတ်တို့နှင့် အ‌မေရိကန်တို့ကြားစီးပွါးရေးအရ ပြိုင်ဆိုင်မှု၊ စစ်ရေးအရ ပြိုင်ဆိုင်မှုကြီးမားလာသည်။ စီးပွါးရေးဆိုင်ရာ အငြင်းပွါးမှုများများပြားလာသည်။ အကျိုးအမြတ်ဆိုင်ရာ ၊ဈေးကွက်ခွဲဝေမှုဆိုင်ရာ အငြင်းပွါးမှုမြင့်တက်လာသည်။ တရုတ်တို့၏ ကုန်ထုတ်လုပ်မှုသည် ကမ္ဘာ့ ဒုတိယနေရာသို့ရောက်လာသည်နှင့်အားလျော်စွာ ဈေးကွက်သစ်များရှာလာသည်။ သူ့အရင် ဈေးကွက်ကိုအုပ်စီးထားသည့် အမေရိကန်တို့နှင့်
ပဋိပက္ခများ တိုးပွါးလာသည်။ သို့ဖြစ်ရာ စီပွါးရေးအရ ပြိုင်ဆိုင်မှုများအငြင်းပွါးမှုများမှသည်အပြန်အလှန် လူဖမ်းမှုများဖြစ်လာသည်။ ၂ နှစ်ကျော်ခန့် အပြန်အလှန်ဖမ်းဆီးထားပြီးမှ လူချင်းလဲနိုင်ခဲ့သည်။ ဒါးစားခံလဲလှယ်သည့်ပုံစံနှင့်တူခဲ့သည်။ တရုတ်နှင့်အမေရိကန်ကြား စစ်အေးတိုက်ပွဲမရှိပါဟု ငြင်းချက်ထုတ်နေသော်လည်း စစ်အေးတိုက်ပွဲ အစ‌ပြု‌ နေပြီဟု အများက မှတ်ချက်ပြုသည်။ စစ်ရေးအရပြိုင်ဆိုင်မှုများမှာလည်းလည်း တောင်တရုတ်ပင်လယ်နှင့် တိုင်ဝမ်ကျွန်းပြသနာဖြစ်ပွါးနေသည့် ပစီးဖိတ်ဒေသမှသည် အိန္ဒိယသမုဒ္ဒရာဆီသို့ဦးတည်လာသည်။ တရုတ်တို့က အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အား စဉ်းစားပြင်ဆင်ချိန်တွင် အ‌မေရိကန်တို့က အိန္ဒိယသမုဒ္ဒရာတွင်က်ြိုတင်၍အင်အားစုဖွဲ့များရှိလာသည်။ တရုတ်နှင့် အမေရိကန်ကြား စစ်အေးတိုက်ပွဲဟုပင်ခေါ်ဆိုသည့် ပြိုင်ဆိုင်မှုများသည် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာကြားရှိ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပေါ်သို့ ပြင်းပြင်းထန်ထန်သက်ရောက်သည်။ တရုတ်တို့က အိန္ဒိယသမုဒ္ဒရာထွက် ပေါက်အဖြစ် ရွေးချယ်ခြင်းခံထားရသည့် မြန်မာပြည်ပေါ်အတွင်လည်း အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံ၏ အားပြိုင်မှုသက်ရောက်လာသည်။ ထိုအားပြိုင်မှုကြားက မြန်မာပြည်နှင့်ရှောင်ထွက်၍မရသည်က‌တော့ ပကတိအခြေအနေဖြစ်နေပေတော့သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar