Breaking News

မောင်လွမ်းဏီ - နွေဦးတော်လှန်လက်ဆောင်

Crd- KTMG photography 

နွေဦးတော်လှန်လက်ဆောင်
မောင်လွမ်းဏီ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၁

အိမ်ရှေ့က 
မြို့ပြလယ်ကွင်းရိုးပြတ်ထက်ကနေ
ဗျိုင်းဖြူလေးတွေ၊  ငှက်ကျေးတွေ 
ပျံတက်သွားတိုင်း၊ ကျနော့် အိပ်မက်ကောင်းကင်က
ယိုစိမ့်ကျလာတဲ့ မိုးစက်ကိုင်းဖျားမှာ
ကဗျာဖူးတွေ သက်ဆင်း
အောက်ချင်းတွေ အစာခွံ့သလို
အနမ်းနုနုလည်း မွေးပျံ့တယ်
အလွမ်းပိုးဥ ဆိုလည်း ရတယ် 
ရင်ခုန်လို့ရတဲ့ တယုတယ ရနံ့။
မိုးကျန်လေး တဖွဲ့တစက်
ဒေါနတောင်ခင်တန်းကို ပက်တော့
ငှက်ပျောဖက်လေးတွေ 
ဝါးရွက်စိမ်းရင့်ထက်ရှမှုတွေ
လေးမြားတွေချွန်ရင်း အလွမ်းရင့်တာ
နိုင်ငံတကာ ကဗျာသက်တမ်းဆို။
တိမ်ဖြူလွှာ အထပ်ထပ်ထဲမှာ
ကြိုးကြာတွေ တောင်ပံခတ်
ရင်ဘတ် နှစ်ခြမ်းကွဲမှာ မကြောင့်ကြတော့။
အိမ်ထောင့်မှာရှိလေတဲ့
သပြေကိုင်းထက်မှာ ၊ အတက် အညွန့်ဝေ
ဟေ့ ဒါ …. အောင်လံတွေ။     ။ 

၂၉ အောက်တိုဘာ ၂၀၂၁
(တိုက်ပွဲဝင် တူသားများသို့၊ နိုဝင်ဘာ ၁ ၊ ABSDF မွေးနေ့အကြို)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar