Breaking News

ကိုကျော် (မြစ်ကြီးနား) - အမြဲနေထိုင်ခွင့်ကဒ် (Green Cards) ၈၀၀၀၀ အလဟဿ ပျောက်ဆုံးသွားတော့မည်

ကိုကျော် (မြစ်ကြီးနား) - အမြဲနေထိုင်ခွင့်ကဒ် (Green Cards) ၈၀၀၀၀ အလဟဿ ပျောက်ဆုံးသွားတော့မည်
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၁

ဂျိုးဘိုင်ဒင်အစိုးရက ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ တရားဝင်ရွေ့ပြောင်းအလုပ်သမားများအတွက် ထုတ်ပေးရမဲ့ အမြဲနေထိုင်ခွင့်ကဒ် (Green Cards) ၈၀၀၀၀ ခန့်ကို မပေးနိုင်ခဲ့ဘူးလို့ ဝန်ခံထားပါတယ်။ ကြန့်ကြာမှုကြောင့် အမေရိကန်မှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရဖို့ စောင့်ဆိုင်းနေရတဲ့ လူဦးရေ ၁ သန်းကျော်တို့အတွက်လည်း နှောင့်နှေးစေရပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ရွေ့ပြောင်းနေထိုင်သူများနဲ့ သူတို့ကိုအလုပ်ခန့်ထားတဲ့ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လျော့နည်းသွားအောင် အစိုးရလွှတ်တော်မှ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်နေပါတယ်။

နှစ်စဥ်နှစ်တိုင်း အမေရိကန်မှ ကုမ္ပဏီများမှ စပွန်ဆာပေးတဲ့ ရွေ့ပြောင်းအလုပ်သမားများအတွက် အမြဲနေထိုင်ခွင့်ကဒ် ၁၄၀,၀၀၀ ကို ထုတ်ပေးလေ့ရှိပါတယ်။ ထို့အပြင် အမေရိကန်နိုင်ငံသားများရဲ့ မိသားစုဝင်များ အမြဲနေထိုင်ခွင့် လျှောက်လွှာများအတွက် ၂၂၆,၀၀၀ ကိုလည်း လျာထားချက်ပေးထားပါတယ်။ အကယ်၍ မိသားစုနဲ့ဆက်စပ်ပြီး ထုတ်ပေးရမဲ့ဗီစာများ လျှောက်တဲ့အရေအတွက် လျော့နည်းလို့ ဒါမှမဟုတ် အမျိုးမျိုးကြောင့် ကြန့်ကြာနေလို့ ဖြစ်ခဲ့ရင် အဆိုပါ အသုံးမပြုရသေးတဲ့ ဗီဇာကို (သတ်မှတ်တဲ့ အရေအတွက်မပြည့်လို့ ပိုနေတဲ့ဗီဇာများ) ကုမ္ပဏီစပွန်ဆာဖြစ်တဲ့ ရွေ့ပြောင်းအလုပ်သမားများ အတွက် ရွေ့ပြောင်းပေးရမှာဖြစ်ပြီး နောက်တစ်နစ် ဘဏ္ဍာရေးနှစ်ကုန်းဆုံးချိန်မှာ ထုတ်သုံးရမှာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် အစိုးရရုံးများပိတ်ထားရပြီး နောက်တစ်ခုက ထရမ့်အစိုးရလက်ထက် တင်းကြပ်ကန့်သတ်မှုတို့ကြောင့် ၂၀၂၀ ခုနှစ်မှာ မိသားစုနဲ့ဆက်စပ်ပြီး ထုတ်ပေးတဲ့ အမြဲနေထိုင်ခွင့်ကဒ် အရေအတွက် များစွာကျဆင်းခဲ့ပါတယ်။ အဲဒီလိုကြောင့် ရွေ့ပြောင်းအလုပ်သမားများအတွက် အမြဲနေထိုင်ခွင့်ကဒ် ၁၂၂,၀၀၀ နေရာ လွတ်လာပြီး တချို့သောရွေ့ပြောင်းအလုပ်သမားများက အမေရိကန်မှာ တရားဝင်နေထိုင်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ USCIS (U.S. Citizenship and Immigration Services) က ရုတ်တရက်ပုံလာတဲ့ အလုပ်တွေကို ကိုင် တွယ်နိုင်ဖို့ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဂျိုးဘိုင်ဒင်အစိုးရက နောက်ပိုင်းကျမှ တွန်းအားပေးခဲ့ပေမဲ့လည်း ဒီနှစ်ရဲ့ ဘဏ္ဍာရေးနှစ်ကုန်ဆုံးရက် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လိုအပ်နေတဲ့ဗီဇာတွေကို မထုတ်ပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် လွှတ်တော်မှ တစ်ခုခုမလုပ်နိုင်ခဲ့ရင် အဆိုပါ အသုံးမပြုရသေးတဲ့ အမြဲနေထိုင်ခွင့်ကဒ်တွေက အလဟဿဖြစ်ပြီး ဒီအတိုင်းပျောက်ဆုံးကုန်မှာ ဖြစ်ပါတယ်။

ရီပတ်ပလီကင် လွှတ်တော်အမတ် Thom Tillis နဲ့ Mariannette Miller-Meeks တို့နှစ်ဦးမှ ဥပဒေအဆိုပြုချက်တစ်ခုကို တင်ပြထားပြီး သက်တမ်းကုန်သွားမဲ့ အမြဲနေထိုင်ခွင့်ဗီဇာတွေကို နောက်နှစ်ထဲမှာ ပေါင်းထည့်ပြီး ပြန်ပြီးအသုံးပြုနိုင်အောင် ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဒီမိုကရက်တစ် လွှတ်တော်အုပ်စုရဲ့ လုံလောက်တဲ့ထောက်ခံမှုကို မရရှိသေးပါဘူး။ ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်တဲ့ Robert Menendez က တော့ အကယ်၍ အမေရိကန်မှာရှိနေတဲ့ တရားမဝင် နေထိုင်နေတဲ့လူ ၁၁ သန်းတို့ကိုပါ ကာကွယ်မှုပေးမယ်ဆိုရင် အမြဲနေထိုင်ခွင့်ကဒ် ပိုထုတ်ပေးဖို့ကို ထောက်ခံမယ်လို့ ပြောပါတယ်။

ဒီဟာကမှားပါတယ်။ ဒီမိုကရက်တစ်တွေက လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တွန်းအားပေးနေတာမှန်ပေမဲ့ လက်ရှိဖြစ်နေတဲ့ အရေးပေါ်ပြဿနာကို မဖြေရှင်းဘဲပစ်ထားတာ အဓိပ္ပါယ်မရှိပါဘူး။ ဒီမိုကရက်တစ်ခေါင်းဆောင်တွေက Thom Tillis အဆိုပြုထားတဲ့ဥပဒေကို ထောက်ခံသင့်ပြီး USCIS မှ အသုံးမပြုရသေးတဲ့ အမြဲနေထိုင်ခွင့်ကဒ်တွေကို နောက်နှစ်ထဲမှာ ပေါင်းထည့်လိုက်လို့ရပါတယ်။ လွှတ်တော်မှလည်း တိုင်းပြည်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဝန်ထမ်းများမလုံလောက်မှု ပြဿနာအတွက် အခြားသော လိုအပ်တဲ့ရင်းမြစ်တွေကို ပံ့ပိုးပေးသင့်ပါတယ်။

နောက်ကျကြန့်ကြာနေတဲ့ အမြဲနေထိုင်ခွင့်ဗီဇာတွေကို ဖယ်ရှားပစ်လိုက်ခြင်းအားဖြင့် နောက်နှစ်များမှာ နှစ်စဥ်ထုတ်ပေးဖို့ သတ်မှတ်ထားတဲ့ ဗီဇာအရေအတွက် တဖြည်းဖြည်းနဲ့ ပိုပြီးလျော့နည်းသွားစေနိုင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပိုပြီးကျယ်ပြန့်တဲ့ပြုပြင်ပြောင်းမှုတွေလည်း လိုအပ်ပါတယ်၊ ဒါတွေက ပိုပြီးကြီး မားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း အလွယ်ကူဆုံး ပထမဆုံး လုပ်သင့်တာကတော့ အစိုးရမှ ထောက်ခံခွင့်ပြုချက်ပေးပြီးသားလူတွေကို အမြဲတမ်းနေထိုင်ခွင့်ကဒ် ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဟာလေးကိုတောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ဘယ်လိုဆင်ခြေပေး အကြောင်းပြချက်ကိုမှ လက်မခံနိုင်ကြောင်း။ ။

(Bloomberg Opion - Oct 14, 2021 - 80,000 Green Cards Are About to Disappear From the U.S.)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar