မြင့်အေး - '' သစ္စာဖောက်နှင့် စစ်ရာဇဝတ်ကောင်များအရေးယူခြင်း ( နော်ဝေ) ''
သစ္စာဖောက် ဂျာမန်ရုပ်သေးနော်ဝေ ဝန်ကြီးချုပ် Quisling
'' သစ္စာဖောက်နှင့် စစ်ရာဇဝတ်ကောင်များအရေးယူခြင်း ( နော်ဝေ) ''
မြင့်အေး
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၁
နောက်ကြောင်းကို အတန်ငယ်မိတ်ဆက်ပါ့မယ်။ ၁၉၄၀ ဧပရယ် (၉) မှာ နာဇီဂျာမန်က ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ ရုတ်တရက်ဝင်တိုက်ပြီး နော်ဝေကို ကျူးကျော်သိမ်းပိုက်ပါတယ်။ နော်ဝေအစိုးရတပ်က တလလောက်ပဲ ခံတိုက်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိ ( မေ- ၈ ၁၉၄၅ ထိ) ဂျာမန်တွေက သိမ်းပိုက်ထားခဲ့ပါတယ်။
ဘုရင်နဲ့တကွ အစိုးရတဖွဲ့လုံး အင်္ဂလန်ကိုထွက်ပြေးခဲ့ရပြီး အဝေးရောက်အစိုးရဖွဲ့လို့ ဂျာမန်ကျူးကျော်မှုကို နည်းပေါင်းစုံနဲ့ နှောက်ယှက်ခဲ့ကြတယ်။ သင်္ဘောဆိပ်တွေတိုက်ခိုက်တာ၊ မြို့တွင်းဗုံးခွဲတာ စတာတွေအမြောက် အမြား လုပ်ခဲ့ကြပါတယ်။ တချို့ကို ဖော်ပြပြီးမို့ ဒီစာမှာမပြောတော့ပါ။
နော်ဝေအစိုးရ အင်္ဂလန်ပြေးတော့ Quisling ခေါင်းဆောင်တဲ့ နော်ဝေဖက်နာဇီပါတီဖြစ်တဲ့ Nationsjonal Samling က ခပ်တည်တည်ပဲ အစိုးရဖွဲ့ခဲ့တယ်။ သူ့ပါတီမှတပါး အခြားမရှိလုပ်ခဲ့တယ်။ ဂျာမန်ရုပ်သေး အစိုးရပေါ့။ ဂျာမန် ကော်မရှင်နာမင်းကြီးက Josef Terboven ။
နာဇီအုပ်ချုပ်မှုဆိုတော့ သိတဲ့အတိုင်း ပေါ်တာဆွဲတာ၊ ဖမ်းတာ၊ မထင်သလိုသတ်တာ၊ နှိပ်စက်တာ.. စတဲ့ရာဇဝတ်မှုတွေနေ့တိုင်း ကျူးလွန်ခဲ့ကြတာပေါ့။
ဒါတွေကြောင့် အဝေးရောက်အစိုးရက ၁၉၄၁-၄၂ မှာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေ၊ ဂျာမန်အုပ်ချုပ်မှုကို ပူးပေါင်းခဲ့သူတွေကို စစ်ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်အရေးယူဘို့ ဥပဒေတချို့ကို ပြင်ဆင်ခဲ့ကြတယ်။
နော်ဝေအဝေးရောက်အစိုးရရဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ချက်မှာ ဂျာမန်တွေနဲ့ ပူးပေါင်းခဲ့သူမှန်သမျှ ( Nationsjonal Samling ပါတီဝင်အားလုံးကို သတ်မှတ်ပါတယ်။ နောက် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးတွေမှာ ပူးပေါင်းခဲ့သူတွေကိုလည်း တိုင်းပြည်သစ္စာဖောက်တွေအဖြစ် သတ်မှတ်ပါတယ်။ ဂက်စတာဘိုမှာလုပ်ခဲ့သူမျိုးတွေကျတော့ စစ်ရာဝတ်ကောင်တွေအဖြစ်သတ်မှတ်တယ်။ တခြားအမျိုးအစားများစွာ ရှိပါသေးတယ်။ အသေးမစိပ်တော့ပါ။
နော်ဝေပြောက်ကျားအဖွဲ့ကအများကြီးပါ။ ဒါတွေကို နော်ဝေအဝေးရောက်အစိုးရက စီမံတယ်။ ဗြိတိသျှက အဓိကကူတယ်။
ပြောက်ကျားတွေက ခါတလေ ပေါင်းချတယ်။ သူတို့လှုပ်ရှားမှုတွေကအများကြီး ဖောက်ခွဲရေး၊ ဆက်သွယ်ရေး ၊ ထောက်လှမ်းရေး၊ ပစ္စည်းမျိုးစုံထောက်ပို့ရေး၊ စစ်ကြောင့်ထွက်ပြေးရတဲ့ ပြည်သူတွေကိုကူညီရေး စတဲ့ အလုပ်တွေ လုပ်ကြရတယ်။ တချို့ကို စစ်အတွင်းမှာကတဲက ဆွီဒင်မှာ ရဲသင်တန်းတက်ထားစေတယ်။
၁၉၄၅ မေလ -၈ ရက်ဂျာမန်အောက်ကလွတ်တာနဲ့ နော်ဝေစစ်ရဲတွေက လူပေါင်း သုံးသောင်းလောက်ဖမ်းလိုက်တယ်။ ဒါပေမဲ့ အများစုကို စစ်မေးပြီး ပြန်လွှတ်ပေးလိုက်တယ်။
၅၀၀၀-၆၀၀၀ လောက်ပဲ စွဲချက်တင်ဖို့ ဆက်ဖမ်းထားတယ်။ ဒီအထဲက Quisling အပါအဝင် (၄၅) ဦးကို သေဒဏ်ပေးခဲ့တယ်။
၁၉၂၀ စာပေနိုဘယ်ဆုရှင် ကနုဟန်ဆင်
တရားစွဲခံရတဲ့အထဲမှာ ၁၉၂၀ စာပေနိုဘယ်ဆုရှင်ကြီး ကနုဟန်ဆင် Knut Hamsun လည်းပါတယ်။ သူက ဟစ်တလာနဲ့ နာဇီပါတီကို အစောကြီးကတဲက ထောက်ခံရေးသားတာတွေ တလျောက်လုံး လုပ်ခဲ့တယ်။ ဂျာမန်တွေကျူးကျော်တော့ နော်ဝေလူငယ်တွေ ပုန်မကန်ကြဖို့ ပြောခဲ့ ရေးခဲ့တယ်။ ဟစ်တလာကို သူ့ရဲ့နိုဘယ်ဆုကြီးကို သွားပေးတဲ့အထိထောက်ခံခဲ့တယ်။ အဲအချိန်မှာ Knut Hamsun က (၈၀) ကျော်နေပြီ။ အသက်ကြီးတာနဲ့ ကျန်းမာရေး အကြောင်းပြပြီး တရားရုံးရင်မဆိုင်ခဲ့ဘူး။ ဒါပေမဲ့ လျော်ကြေးများစွာ (ကရိုနာ သုံးသိန်း) ပေးဖို့ ချမှတ်ခံရတယ်။
လွယ်လွယ်နဲ့ အရေးယူနိုင်ခဲ့တာတော့မဟုတ်။
အဓိက အရေးကြီးဆုံးက သေဒဏ်ကိုပြန်အသက်သွင်းတာပါပဲ။ နော်ဝေမှာ ဂျာမန်မကျူးကျော်ခင်အထိ သေဒဏ်ကို ပယ်ဖျက်ပြီးသားပါ။ (ယခုလည်း သေဒဏ်ကို ပြန်ပယ်ဖျက်ထားပါပြီ)
နော်ဝေအဝေးရောက်အစိုးရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၊ငွေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းတာ.. စတာတွေအပြင် သေဒဏ်ကိုပါ ရာဇဝတ်ကောင်တွေကို ပြစ်ဒဏ်ပေးဖို့ ပြန်အသက်သွင်းခဲ့တာပါ။
ကနုဟန်ဆင် ဟစ်တလာကိုသွားတွေ့ခဲ့စဉ်က
သူတို့က အခြေခံဥပဒေလည်း ကျကျနနရှိပြီး လူ့အခွင့်အရေးလည်း လေးစားလေတော့ ဥပဒေအမြင်၊ လူ့အခွင့်ရေးအမြင်တွေ အကြီးအကျယ်ငြင်းခုံခဲ့ကြတယ်။
လူသားဝါဒသမားတွေက သေဒဏ်ကိုပြန်အသက်သွင်းတာဟာ ယဉ်ကျေးမှုကိုနောက်ပြန်ဆုတ်တာလို့ ကန့် ကွက်ကြပါတယ်။ နောက်ဆုံး ဒီဘိတ်တွေ အကြိတ်အနယ်ဖြစ်ပြီး သေဒဏ်ကို ပြန်အသက်သွင်းဖို့က အနိုင်ရခဲ့တာပါ။
အခြေခံကတော့ ရာဇဝတ်သားကို အပြစ်ပေးခြင်းကသာလျှင် လုံခြုံတဲ့လူ့ဘောင်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ခဲ့မှုက အနိုင်ရခဲ့တယ်ဆိုရမှာ ဖြစ်ပါတယ်။
မြင့်အေး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar