လွင် (ဘော်တွင်း) - ချိုသလားကွဲ့ သည်ပျားရည်
(မိုးမခ) နို၀င်ဘာ ၂၀၊ ၂၀၂၁
တွေ့စတုန်းက သူမ အိမ်ထောင်မကျသေး။ ကလေးနှစ်ယောက်အမေဖြစ်သော ကျမနှင့် ရွယ်တူခန့်ဆိုတော့ အပျိုကြီးဟု ပြောရမည်။ အသက် ၃၅ နှစ်ဝန်းကျင်ဖြစ်လိမ့်မည်။ သူမက ဈေးထဲမှာ ကုန်စိမ်းရောင်းသည်။ ကျမက နေ့စဉ်ဈေးဝယ်ရင်း အပြောကောင်းသော၊ မျက်နှာချိုသော၊ လက်သာသော သူမထံမှ မကြာခဏဝယ်ရင်း မျက်မှန်းတမ်းမိလာခြင်းဖြစ်သည်။
ကုန်စိမ်းသည်ပေမဲ့ သူမ၀တ်စားပုံက သပ်သပ်ရပ်ရပ်။ လှလှပပ ပြောင်ပြောင်ရောင်ရောင်။ ဆွဲကြိုးနှင့်၊ လက်ကောက်နှင့်။ သူမဆိုင်က ကုန်လည်းစုံသည်။ လှလည်းလှသည်။ ဈေးမှန် အလေးမှန်ဆိုတော့ ခရမ်းချဉ်သီးမှအစ၊ ငရုတ်သီးစိမ်း၊ နံနံပင်အဆုံး သူမဆိုင်မှာပဲ ဝယ်ဖြစ်သည်။ လိုအပ်သည်တို့ကိုလည်း သူမကိုသာ မှာဖြစ်သည်။ သူမက ကျမကို သူငယ်ချင်းဟုခေါ်သည်။ ကျမကတော့ သူ့ကို အစ်မခေါ်လိုက်၊ ညီမခေါ်လိုက်၊ ကြုံသလို။ တကယ်တော့ တယောက်နှင့်တယောက် နာမည်မသိကြ။
သိပ်မကြာခင်မှာ သူမအိမ်ထောင်ကျသွားသည်။ သူမ၏ကုန်များကို သယ်ယူပို့ဆောင်ပေးသော၊ ဈေးခင်း၊ ဈေးသိမ်း ကူညီပေးနေသော ဆိုက်ကားဆရာကလေးနှင့်ဖြစ်သည်။ ကောင်လေးက သူမထက် ငယ်ပုံပေါ်သည်။
အိမ်ထောင်ကျပြီးနောက် ဆိုက်ကားဆရာလေးသည် သီးခြားဆိုက်ကားမထွက်တော့။ သူ့ဆိုက်ကားကို ဆိုင်အတွက်သာသုံးတော့သည်။ ကျမဈေးသွားတိုင်း ကောင်လေးက သူမဘေးတွင် ထိုင်နေသည်ကို တွေ့ရသည်။
နောက်တော့ သူမဆိုင်မထွက်တော့။ ဈေးထဲတွင်၊ ရပ်ကွက်ထဲတွင် မတွေ့ရတော့။ ကျမကတော့ တခြားကိုပြောင်းသွားပြီဟုထင်မိသည်။ နှစ်လကျော်ခန့်ကြာပြီးမှ သူမဈေးပြန်ထွက်သည်။ အရင်ကလောက် သပ်သပ်ရပ်ရပ် မရှိ။ အနည်းငယ် ပြည့်ဖြိုးလာပြီး ထော့ကျိုးထော့ကျိုးဖြစ်နေသည်။ ယောက်ျားအမျိုးတွေရွာကို ဆွေပြမျိုးပြသွားကြရင်း ဆိုင်ကယ်မှောက်ကာ ပေါင်ကျိုးသွားသည်တဲ့။ ပြီးတော့ ကိုယ်ဝန်ရှိနေပြီ။ ပြီးတော့ သူမဆိုင်က ကုန်တွေ သိပ်မလှတော့ဘဲ အပိန်အလှီ အညှိုးအနွမ်းတွေ များလာသည်။
ကုန်စိမ်းလက္ကားဈေးကြီးကို သူမကိုယ်တိုင်မသွားနိုင်တော့ ယောက်ျားကိုသာ လွှတ်ရသည်တဲ့။ ယောက်ျားက ကုန်ပစ္စည်း ကောင်း မကောင်း၊ လတ်မလတ် မကြည့်တတ်။ ဈေးချောင်ရင်ပြီးရော တင်လာတတ်တော့ လက်လီပြန်ရောင်းသည့်အခါ အဆင်မပြေ။ ကုန်စိမ်းဆိုတာက မရောင်းရလျှင် ပျက်စီးသေးသည်။ သူမနေမကောင်း၍ ဈေးမရောင်းနိုင်လျှင် ယောက်ျားဖြစ်သူက ရောင်းပါသည်။ သို့သော် မျက်နှာမချို၊ အပြောတို၊ လက်တိုသောကြောင့် ဝယ်ရတာအဆင်မပြေ။ ဖောက်သည်တို့ တဖြည်းဖြည်းဖယ်ခွာလေသည်။ ကျမပင်လျှင် ဆိုင်မှာ သူမကို မတွေ့လျှင် မဝယ်ဖြစ်တော့။ ကုန်စိမ်းဆိုင်ကလေးသည် တစတစ ခြောက်ခမ်းလာသလို သူမ၏ အသားအရေ၊ အဝတ်အစားတို့ တစတစ ခြောက်ခမ်းလာသည်ကို မြင်နေရသည်မှာ ကျမပင်စိတ်မချမ်းသာလှပေ။
သည်လိုနှင့်သူမ မီးဖွားချိန်နီးလာသည်။ ပညာပေးဝန်ထမ်းညာဉ်မကုန်သောကျမက မွေးဖွားဖို့ ဘယ်လိုပြင်ဆင်ထားသလဲ မေးမိသည်။ လက်သည်နှင့်မွေးမည်တဲ့။ လက်သည်အဒေါ်ကြီးသားအမိက မွေးဖွားသည်မှစ မီးထွက်သည့်နေ့အထိ အိမ်မှာလာနေကာ လျော်ရေး ဖွပ်ရေးပါမကျန် အားလုံး လုပ်ပေးမည်ဖြစ်သည်တဲ့။ မျိုးဆက်ပွားကျန်းမာရေးအတွက် အလုပ်လုပ်ခဲ့သောကျမမှာ ဒီလိုဝန်ဆောင်မှုမျိုးရှိသည်ကို မသိ။ သက်ကြီးကိုယ်ဝန်ဖြစ်၍ စိတ်ပူမိသောကြောင့် ဆေးရုံမသွားဘူးလားမေးတော့ မသွားနိုင်ပါ၊ ဆေးရုံမှာမွေးဖို့ဖွားဖို့လဲ ကိုယ်ခွဲမရှိသောကြောင့် အဆင်မပြေပါတဲ့။
ကိုယ်ဝန်ကြီးနှင့် ထော့ကျိုးထော့ကျိုးလျောက်ကာ လုပ်ကိုင်နေသောသူမကိုကြည့်ရတာ ရင်မောစရာ။ ဒီလိုနှင့်သူမ မီးဖွားသည်။ မီးထွက်ပြီးတော့ ကလေးပေါက်စကလေးတဖက်နှင့် ဈေးရောင်းသည်။ သူမအဖို့ အပင်ပန်းဆုံးကာလများ ဖြစ်ပေလိမ့်မည်။ ကျမသည်လည်း သူမမျက်နှာကြောင့်ပင် ကုန်သိပ်မလှ သိပ်မကောင်းလည်း ပုံမှန်ကလေးဝယ်ဖြစ်သည်။ နောက်တော့ ကျမတို့ အိမ်ပြောင်းခဲ့ကြ၍ ထိုရပ်ကွက်ဈေးနှင့် ဝေးကွာခဲ့ပါသည်။
တနေ့က ထိုရပ်ကွက်သို့ အလည်တခေါက်ရောက်ဖြစ်သည်။ ဈေးတန်းကို လျောက်ဖြစ်တော့ သူမက သူငယ်ချင်းဟု လှမ်းအော်နှုတ်ဆက်လေသည်။ သူမ၏ ကုန်စိမ်းဆိုင်ကလေးသည် မဆိုးလှသော်လည်း သူမအိမ်ထောင်မကျမီကလို စည်စည်ပင်ပင် စုံစုံလင်လင်တော့ မရှိ။ ဝယ်နေကျအတိုင်း ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ် စသဖြင့် ဝယ်မိတော့ သူမက ပိုပိုသာသာထည့်ပေးရင်း ဟိုးတုန်းက ခရမ်းချဉ်သီးတွေမလှလဲ ဒို့ဆိုင်ကပဲ ဝယ်တာဟု မှတ်မှတ်ရရပြောလေသည်။ အော်၊ သိတယ်လားဟု ပြန်မေးတော့ သိတာပေါ့သူငယ်ချင်းရယ်၊ ဈေးသည်ပဲဟာဟု လှိုက်လှိုက်လဲလဲ ပြန်ဖြေသည်။ ကလေးတွေရောဟုမေးတော့ သူသားအကြီးကောင်က ဆယ့်သုံးနှစ်ရှိနေပြီ။ သမီးကလေးက ငါးနှစ်ဟု ဖြေသည်။
စကားပြောနေစဉ်မှာပင် သူမယောက်ျားရောက်လာသည်။ နင့်သမီးက ပူဆာနေတယ်ဟုဆိုကာ ခြင်းတောင်းထဲမှ ငွေအချို့ နှိုက်ယူလိုက်သည်။ သူမသည် အေးပါ၊ ကလေးကို သိပ်အလိုမလိုက်နဲ့ဟု ပြန်ပြောကာ ယောက်ျားလက်ထဲပါသွားသော ထောင်တန်အချို့ကို လိုက်ကြည့်နေလေသည်။
လွင် (ဘော်တွင်း)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar