Breaking News

ရသစာပေခံစားမှု - ညိုထက်ညို " တနင်္ဂနွေနေ့ လေးထဲက ဝတ္ထုတိုတွေ "


တနင်္ဂနွေနေ့ လေးထဲက ဝတ္ထုတိုတွေ
ညိုထက်ညို
နိုဝင်ဘာ ၄၊ ၂၀၂၁

တိုက်ဆိုင်သည်ဟု ဆိုရမည် ထင်သည်။ မနေ့ညက ကျွန်တော်က Netflix မှာ တင်ထားသော အစ္စရေး က ကမ္ဘာကျော် သူလျှို အလီကိုဟင် ၏ အကြောင်းကို ရိုက်ကူးထားသည့် ‘The Spy’ အခန်းဆက် ဇာတ်လမ်းတွဲ ကို ကြည့်နေသည်။ ကိုဟင် နှင့်အတူ ဆီးရီးယား က ဂိုလန်ကုန်းမြင့် ပေါ်သို့ ရောက်နေသည်။ အဲဒီမှာပဲ ကျွန်တော့်ထံသို့ message တစ်စောင် ဝင်လာသည်။
ဝင်လာသည့် message က ကြံကြံဖန်ဖန် အစ္စရေး က ဖြစ်သည်။
ယခု ‘တနင်္ဂနွေနေ့ လေးထဲက ဝတ္ထုတိုတွေ’ ဟူသောအမည်ဖြင့် ဝတ္ထုတိုစုကလေးကို ရေးသည့် ‘ဝေမြင့်မောင်’ ကို ကျွန်တော်က ကဗျာဆရာ ဆလိုင်းမြတ်နိုးသူ အနေဖြင့်သာ Facebook ပေါ်မှာ သိပါသည်။ ဆလိုင်း ဟူသော အမည်အရသူက ချင်းလူမျိုးတစ်ယောက်ဖြစ်ဖို့ ရှိပြီး ကျွန်တော်စသိတုန်းက ပျဉ်းမနားက ရေဆင်း စိုက်ပျိုး ရေးတက္ကသိုလ်မှာ ကျောင်းတက်နေတုန်း ထင်ပါသည်။ အဲဒီတုန်းက ပျဉ်းမနားအစိမ်းမှာလုပ်သည့် ကဗျာဝိုင်းစာဝိုင်းတွေနှင့်တကွ ဟိုဟိုဒီဒီ ကဗျာနှင့် နှီးနွယ်သည့်ကိစ္စတွေမှာ သူ့ကိုတွေ့ရလေ့ တွေ့ရထရှိပါသည်။
အဲဒီတုန်းက ကျွန်တော်က ပြည်ပမှာပဲလား ရှိသေးသည်ထင်သည်။ သေချာတာတော့ ကျွန်တော် သူ့ကိုဆလိုင်း အနေဖြင့်သာ သိသည်။ ဝေမြင့်မောင်ကို ကျွန်တော်မသိ။ သူ့ စကားပြေ ကို ကျွန်တော်မသိ။
တကယ်က ကဗျာချည်းသီးသန့်မရေးနိုင်၍သာ စကားပြေကို တွဲဖက်ရေးနေရပါသည်။ ကျွန်တော်တကယ်ဖြစ်ချင်ခဲ့တာ ကဗျာဆရာသာ ဖြစ်ပါသည်။
အခုတော့လည်း ကျွန်တော်သိသောဆလိုင်းမြတ်နိုးသူက ကျွန်တော်မသိသော ဝေမြင့်မောင်အမည်ဖြင့် ရေး ထားသော သူ့ ဝတ္ထုတိုစု စာအုပ် E book ကလေး ကို လက်ဆောင်အဖြစ်ဖြင့် ပေးပို့လာပါသည်။
သူရေးသော စကားပြေကိုပင် ကျွန်တော် သေချာမဖတ်ဖူးလေရာ သူရေးသောဝတ္ထုတိုတွေကိုတော့ ဖတ်ဖူးဖို့ ပိုပြီး ဝေးခဲ့ပြီ ဖြစ်ပါသည်။ အခုမှသာ ဖတ်ခွင့် ကြုံရတော့တာ ဖြစ်ပါသည်။
ဝတ္ထုတိုတွေကိုမဖတ်ခင် ဝတ္ထုစာအုပ်ကို အမှာစာရေးပေးထားသည့် ဆရာလွန်းဆက်နိုးမြတ်၏အမှာကိုဖတ်ကြည့်တော့မှ ကျွန်တော်တို့ မြန်မာစာပေ နယ်ပယ်တွင် ရှားပါးသည်ဟုဆိုနိုင်သည့် တိုင်းရင်းသားတစ်ဦးအနေ ဖြင့်သာမက ခရစ်ယာန်တစ်ဦးအနေဖြင့်ပါ စာရေးသည့် စာရေးသူတစ်ယောက်အဖြစ် သူ့အဖြစ်ကို ကျွန်တော်မြင်မိပါသည်။
တစ်သက်လုံးဖတ်ခဲ့ရသည့် မြန်မာစာအားလုံးလိုလိုမှာ မြန်မာမျက်စိ မြန်မာအမြင် ဖြင့် မြန်မာလောကနှင့်တကွ တိုင်းရင်းသား တို့၏ လောက ကိုပါ လှမ်းကြည့်ထားသည့် စာများချည်း ဖြစ်လေရာ အခုလိုမျိုး တိုရေရှားရေ တခါတခါတွင် ကျွန်တော်တို့ ကိုကော သူများတွေက ဘယ်လိုမြင်ပါလိမ့်ဟု သိချင်စိတ် ဖြစ်ပေါ်မိပါသည်။
အဲဒါကပဲ ‘ဝေမြင့်မောင်’ ကို ကျွန်တော် စတွေ့ရခြင်း ဖြစ်မည် ထင်ပါသည်။
စုပေါင်းအခြေချ လယ်ယာကလေး တခုကို တည်ထောင်မည်။ ခရမ်းချဉ် တွေစိုက်မည်။ အာလူးတွေ ချမည်။ ဟိုးခပ်လှမ်းလှမ်း မှာ ရေသွယ်မြောင်းကလေး တစ်ခု ရှိနေမည်။ ဟိုးအဝေး ကို ကြည့်လိုက်လျှင် ဂိုလန်ကုန်းမြင့် ကို လှမ်းတွေ့နေရမည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်သိသော အခု အစ္စရေးမှာ အဆင့်မြင့် စိုက်ပျိုးရေးပညာတွေ ဆက်သင်နေသည့် ဝေမြင့်မောင်တဖြစ်လဲ ဆလိုင်းမြတ်နိုးသူတစ်ယောက် စိတ်ကူးယဉ်လို့ကောင်းတုန်းအရွယ်ကို ကောင်းကောင်းကြီး ကျော်ဖြတ်ပြီးခဲ့ပြီဟု ထင်ပါသည်။
ညိုထက်ညို

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar