Breaking News

တိုးနှောင်မိုး - နေမြင့်လေ အရူးရင့်လေ

တိုးနှောင်မိုး - နေမြင့်လေ အရူးရင့်လေ
(မိုးမခ) နို၀င်ဘာ ၆၊ ၂၀၂၁

ဘဝက ထန်းတစ်ဖျားမှာ
ပလပ်ပေါက်ကောက်တပ်ရုံနဲ့ မီးမလင်းတဲ့ခေတ်ကြီး
စီးထားတဲ့ဖိနပ်နဲ့
ချွတ်ရိုက်ချင်လောက်အောင် မုန်းဖို့ကောင်းတယ်။

ဆန်အတု
ကြက်ဥအတု
ငါးအတုနဲ့ ဘဝအတု။

သူအစားကြောက်မိတဲ့ဝေဒနာ
ဘုရင်မက ဘုရင်ကို
ပြန်ချက်
ဘုရင်ခြေလှမ်းကို ပွန်းကွက်နဲ့ထောက်
ပိတောက်တွေပွင့်ရင်သေချာပြီ။

ဇာတ်ပွဲထဲကစကားလို
မြန်မြန်သေရင် စောစောအိပ်ရတယ်ဆိုတဲ့နောက်လိုက်များ
ဘဝကပြာဖြစ်မှန်းမသိဖြစ်နေ။

သံသရာက ထင်တာထက်ပိုရှည်နေမလား
မြန်မာရုပ်ရှင်ကားထဲက လွမ်းခန်းနဲ့မဆိုင်ဘူး
ဖြစ်ပျက်က
ကံကံ၏အကျိုး
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်
တူသောအကျိုးများ။

ဆော့ကရေးတီးအဆိပ်ခွက်ထဲမှာ အမှန်တရားရှိတယ်
အရူးဟာသရဖူဆောင်းပြီးတဲ့နောက်။

ရေများမီးနိုင်
ခရုက ဆုဘယ်လောက်တောင်းတောင်း မမြန်ပါဘူး
တခါထဲမှားခဲ့တယ် ခိုးသား ၅၀၀ နဲ့ဆိုသလို။

၁ နိုဝင်ဘာ ၂၀၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar