မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၁
ဒီနေ့ နိုဝင်ဘာ ၅ ရက်နေ့ သတင်းတွေမှာတော့ မြောက်ဥက္ကလာမှာ ကျောင်းဆရာမတဦး တက္ကစီပေါ်မှာ ပစ်သတ်ခံရတဲ့သတင်း၊ တရက်ထဲမှာပဲ လှိုင်သာယာမှာ သူနာပြုဆရာမတဦးလည်း ပစ်သတ်ခံရတဲ့သတင်း၊ အမေရိကန် အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချတ်ဆန်စင်တာထူထောင်သူ ဘီလ်ရစ်ချတ်ဆန် ရဲ့ ၃ရက်ကြာခရီးစဥ်ပြီးဆုံးပြီးနောက် စစ်ကောင်စီကို အာဆီယံနဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ သတင်း၊ အမှုရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကြုံနေရတဲ့ စီးပွားရေး ကျန်းမာရေး တိုင်းပြည်အခြေအနေကို စိတ်ပူတဲ့အကြောင်း၊ စိတ်တူကိုယ်တူ ကူညီစေချင်ကြောင်း တရားရုံးချိန်းနေ့မှာ ပြောဆိုတယ်ဆိုတဲ့သတင်း၊ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ တားဆီးပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုတယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။
သတင်းမီဒီယာ အများစုမှာတော့ ထိပ်ဆုံးက သတင်းအနေနဲ့ ဖေါ်ပြကြတဲ့သတင်းတပုဒ်က ရန်ကုန်မြို့က လုပ်ကြံသတ်ဖြတ်မှု သတင်းဖြစ်ပါတယ်။ မြောက်ဥက္ကလာ တက္ကစီနဲ့လာတဲ့ ကျောင်းဆရာမ မီးပွိုင့်စောင့်နေစဥ် အနီးကပ် သေနတ်နဲ့ လုပ်ကြံပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ကျောင်းဆရာမကို ရပ်ကွက်ထဲသတင်းပေးသူအဖြစ် သတင်းမီဒီယာတွေက ဆိုရှယ်မီဒီယာမှာ ပြောဆိုမှုတွေကို ကိုးကားပြီး ဖေါ်ပြကြပါတယ်။
မတိုင်မီတရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် လူကုံထံတွေနေထိုင်ကြတဲ့ ရပ်ကွက်က လမ်းသွယ်အတွင်းမှာ မိုင်တဲလ်ရဲ့ ဘဏ္ဍာရေးမှူးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်လုပ်ကြံခဲ့တဲ့အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့ပြီး အခုလို နောက်တရက်မှာ ကျောင်းဆရာမတဦးလုပ်ကြံ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ လှိုင်သာယာမှာလည်း ဆေးခန်းတခုမှာ သူနာပြုအမျိုးသမီးတဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းလည်း သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
ရန်ကုန်မြို့ဟာ နေ့စဥ်လိုလို ဗုံးကွဲမှု၊ လုပ်ကြံသတ်ဖြတ်မှု အဖြစ်အပျက်တွေနဲ့ ယဥ်ပါးလာနေကြသလို ဆိုရမလို ဖြစ်လာပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ဗုံးခွဲမှုတွေလို လူစည်ကားရာမှာ အသေခံဗုံးခွဲတာမျိုးမဟုတ် ပေါက်ကွဲမှု အားပြင်းတဲ့ မိုင်းတွေ ဗုံးတွေအများအပြားနဲ့ ခွဲတာမျိုးမဟုတ်လို့ အသေအပျောက်မရှိတဲ့ ပေါက်ကွဲမှုတွေလည်း အများအပြားဖြစ်ပါတယ်။ ဒီလို ပစ်မှတ်က လူထုကို မလာစေချင် မလုပ်စေချင်တဲ့ နေရာတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးရုံး၊ အစိုးရရုံး၊ ကျောက်ဝိုင်း၊ စစ်ဆေးရေးဂိတ်၊ ကျောင်းတို့လို နေရာမျိုးကို ပစ်မှတ်ထားပြီး ထပ်ဆင့်ပေါက်ကွဲအောင်လည်း လုပ်ဆောင်လေ့ရှိကြတာ ဖြစ်ပါတယ်။
လုပ်ကြံသတ်ဖြတ်မှုတွေကလည်း နေ့စဥ်လိုလို ဖြစ်ပျက်နေတာ ဖြစ်လာတော့ မြို့နေလူထုအဖို့လည်း ကိုယ့်အနားမှာ ကိုယ်သွားတဲ့နေရာမှာ ပေါက်ကွဲမှုသို့မဟုတ် ပစ်ခတ်မှု ဖြစ်မယ် မဖြစ်ဘူးဆိုတာ မသိနိုင်တော သလို ဝမ်းရေးအရ သွားလာတာတွေကို ပုံမှန်လုပ်ကိုင်ကြရသလို ဖြစ်လာပါတယ်။
ရန်ကုန်မြို့လမ်းမတွေပေါ် မနက်ခင်း ယာဥ်ကြောအနည်းငယ် ပြန်ကြပ်လာနေတာ တနှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကြုံတွေ့လာရပါတယ်။ ရန်ကုန်မြို့ဟာ ကျေးရွာတွေလိုမဟုတ်တော့ သန်းနဲ့ချီတဲ့ မြို့လူထုဟာ စစ်ကိုင်းတိုင်း ချင်းပြည်နယ်က လက်နက်ကိုင် ခုခံကြတဲ့ ကျေးရွာတွေလို တိမ်းရှောင်ကြရတာမျိုး ကြမ္မာမကြုံကြရပါဘူး။ ဒါပေမယ့် မြို့ပေါ်က ပေါက်ကွဲမှုတွေ နေ့စဥ်လိုလို ဖြစ်ပျက်နေတာမို့ အနည်းနဲ့အများတော့ အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဘီလ်ရစ်ချတ်ဆန်ရဲ့ ခရီးစဥ်ပြီးဆုံးသွားပြီးနောက် ထုတ်ပြန်တဲ့ကြေညာချက်အရတော့ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့ပြီး စစ်ကောင်စီကိုတော့ အာဆီယံလို အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသား သတင်းအယ်ဒီတာ ဒန်နီဖန်းစတားလွတ်မြောက်ဖို့ကိစ္စကို ဆွေးနွေးခဲ့ခြင်းရှိမရှိတော့ မဖေါ်ပြထားပါဘူး။ ဒီခရီးစဥ်ဟာ အမေရိကန် အစိုးရနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း အစိုးရရဲ့သဘောထားကိုတော့ တစိတ်တပိုင်းထင်ဟပ်ပြီး စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာရဲ့အခြေအနေ အသိပေးချက်တွေ သတင်းစကားတွေပေးခဲ့မယ်လို့ ခန့်မှန်းကြည့်မိပါတယ်။
နောက်သတင်းတပုဒ်ကတော့ အမှုရုံးချိန်းနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး ကျန်းမာရေးနဲ့ တိုင်းပြည်အခြေအနေကို စိတ်ပူတယ်ဆိုတဲ့ သတင်းစကားပါ။ တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင်ခုခံမှုတွေ သတ်ဖြတ်မှုတွေ၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေက ပိုင်ဆိုင်မှုတွေ ယူဆောင်သွားတာတွေ၊ ပေါက်ကွဲမှုတွေ တဖက်နဲ့တဖက် လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လောက်ထိ အသေးစိတ်သိရှိသလဲဆိုတာတော့ သေချာမသိရပေမယ့် အနိမ့်ဆုံးတော့ အခြေအနေတွေ ဆိုးရွားလာနေတာ သိရှိပုံရတယ်လို့ ကောက်ချက်ချရမယ် ထင်ပါတယ်။ တကယ်အပြင်မှာ ဖြစ်ပျက်နေတာတွေက သိရှိနိုင်တာတွေထက် အများကြီး အဆိုးဖက်ကိုဦးတည်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ဆိုတာ ဖြစ်ပျက်သလောက်ဖြစ်ပျက်နေပြီးဖြစ်လို့ ပြည်တွင်းစစ် ဖြစ်လိမ့်မယ်လို့မဆိုချင်ပါ။ ပြည်တွင်းစစ်က အရှိန်ညီးညီး တောက်လောင်လာမယ် အငတ်ဘေးတွေ ကြုံတွေ့နိုင်ခြေ၊ အာဃာတတရား အမုန်းတရားတွေနဲ့ လက်စားချေ လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်နိုင်ခြေတွေလည်း လက်တကမ်းမှာ ရှိနေတယ်ဆိုတာကိုသိရှိခဲ့ရင် ဘယ်လိုမှတ်ချက်ပေးမလဲလို့ သိချင်မိပါတယ်။
နောက်ဆုံးသတင်းတပုဒ်ကတော့ ချင်းပြည်နယ်ကို ထိုးစစ်ဆင်ဖို့လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်မဆင်နိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လုပ်ပိုင်ခွင့်အာဏာသုံးပြီး တားဆီးပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၅၀၀ ကျော်က တောင်းဆိုတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။
ချင်းပြည်နယ်ကို စစ်ကောင်စီတပ်တွေ ကားအစီးရာနဲ့ချီတက်သွားတာ လှုပ်ရှားနေတာ တလဝန်းကျင်ရှိနေပါပြီ။ စစ်ဆင်ရေးလုပ်ဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့လို့ ယူဆသူတွေ နိုင်ငံခြား စစ်ရေးအကဲခတ်တွေက ပြောဆိုမှုတွေ ရှိပေမယ့်လည်း လက်တွေ့မှာတော့ ချေမှုန်းနိုင်တဲ့အင်အား စစ်ဆင်ရေးကြီးအဖြစ် လုပ်နိုင်တဲ့အင်အား စစ်ကောင်စီမှာ ရှိပုံမရတာ တလဝန်းကျင်အကြာမှာ သတိပြုမိပါတယ်။ နယ်မြေအရ ကျယ်ပြန့်လှတဲ့ ချင်းပြည်နယ်လို စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ပုလဲ၊ ကနီ စတဲ့ ဒေသတွေလိုမျိုးကို ဝိုင်းပတ်ချေမှုန်းတာမျိုး လုပ်နိုင်တဲ့အင်အား စစ်ကောင်စီမှာ မရှိတာ သေချာပါတယ်။ ကားအစီးရေများများနဲ့ အင်အားပြပြီး မြို့တွေမကျအောင် ဆက်သွယ်တဲ့လမ်းမကြီးတွေမကျအောင် ရည်ရွယ်လုပ်တယ်လို့သာ ယူဆစရာ ရှိပါတယ်။
တနေ့တာသတင်းတွေကို ကြည့်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မဝေးသောအနာဂတ်၊ ရှေ့လာမယ့် ၆ လ တနှစ် နှစ်နှစ်ကာလတွေအတွက် မျှော်လင့်ချက်ရောင်ခြည်က မှုန်ဝါးနေဆဲလို့ပဲ ဆိုရမယ်ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar