မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၁
ခုရက်ပိုင်းသတင်းတွေမှာတော့ ရန်ကုန်မြို့က PDF အဖွဲ့ဝင်တွေ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးနောက်မှာ ဒီအစုအဖွဲ့တွေကို ဦးဆောင်သူလို့ စစ်ကောင်စီဘက်ကဆိုတဲ့ ကိုဇေယျာသော် အဖမ်းခံရတဲ့ သတင်းပဲ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး ၁၆ ရက်နေ့အကြား ရန်ကုန် PDF အဖွဲ့ဝင် နဲ့ ဆက်စပ်သူ ၄၇ ဦးဖမ်းဆီးထားကြောင်း စစ်ကောင်စီဘက်က ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ၁/၂ ရက်အတွင်းမှာပဲ ကိုဇေယျာသော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဓါတ်ပုံနဲ့တကွ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
ဒီဖမ်းဆီးခံရတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် ပြီးခဲ့တဲသီတင်းပတ်တွေက ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ ကင်းစခန်းတွေ မြို့အဝင် လုံခြုံရေးဂိတ်တွေကို ကားနဲ့ ပစ်ခတ်ခဲ့တဲ့ PDF အဖွဲ့တွေဟာ အခုဖမ်းဆီးခံရတဲ့ PDF လူငယ်တွေ ဖြစ်တာတွေ့ရပါတယ်။ ၈၈ မျိုးဆက်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီပြီးခဲ့တဲ့လက မြောက်ဒဂုံမြို့နယ်က နေအိမ်တအိမ်မှာအဖမ်းခံရတဲ့နောက် အခုတကြိမ် ဖမ်းဆီးခံရတာဟာ လက်နက်ကိုင်မြေအောက်လှုပ်ရှားမှုရဲ့ ကွန်ရက်ဝင်အချို့ အုပ်စုလိုက် ဖမ်းဆီးခံရခြင်းပဲ ဖြစ်ပါတယ်။
အခုလို လူအင်အား ၅၀ နီးပါး ရက်ပိုင်းအတွင်း အဖမ်းခံလိုက်ရတာဟာ အရေအတွက်အားဖြင့် မနည်းတဲ့အရေအတွက်လို့ ထင်ပါတယ်။ အခုလို အရေအတွက် အတွေ့အကြုံ လက်နက် စတာတွေကို မြန်မြန်ဆန်ဆန် ပြန်လည်မွေးမြူဖို့ ခက်ခဲပါလိမ့်မယ်။ နောက်တကြိမ်အခုလို အနေအထားမကြုံကြရအောင် မြို့ပြပျောက်ကျားလှုပ်ရှားမှုရဲ့ နည်းဗျူဟာတွေ ဆက်သွယ်ရေးစနစ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။
ပစ်ခတ်မှုတွေအပြီးမှာ ပစ်ခတ်တဲ့ဗီဒီယိုမှတ်တမ်းတွေကို လိုင်းပေါ်တင်ပြီး မြို့ပြပျောက်ကျားအဖွဲ့ လှုပ်ရှားမှုထောက်ခံသူတွေကို စိတ်အားတက်ကြွအောင်လုပ်ဆောင်တာဟာ တနည်းအားဖြင့် ဆိုရှယ်မီဒီယာကတဆင့်သဲလွန်စရစေနိုင်တယ်လို့ ယူဆမှုတချို့ရှိနေပြီး ဒီလိုမလုပ်ဖို့ တိုက်တွန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဗီဒီယိုမှတ်တမ်းပါ ကားအမျိုးအစား စသဖြင့် သဲလွန်စလိုက်ဖို့အတွက်ဖြစ်စေတယ်လို့ ယူဆမှုတွေလည်း ရှိကြတာ ဖြစ်ပါတယ်။
မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ အခုလို လက်နက်နဲ့ပစ်ခတ်မှုတွေ ဖြစ်ပွားတာများပြီး မန္တလေးမြို့မှာတော့ ဇွန်လ ၂၂ ရက်နေ့ PDF နဲ့ လက်နက်တွေ ဖမ်းဆီးခံလိုက်ရတဲ့နောက်ပိုင်း အရှိန်လျော့သွားတာ တွေ့ရပါတယ်။ ရန်ကုန်မြို့မှာတော့ ကျောက်မြောင်း သီတာမှတ်တိုင်နားက အဖြစ်အပျက်၊ စမ်းချောင်း ဗားကရာအနီးက ကင်းလှည့်ကားကိုပစ်ခတ်တဲ့အဖြစ်အပျက်တွေ နောက်ပိုင်း အခုလပိုင်းမှာဖြစ်တဲ့ ဗားကရာချောက် ရဲကင်း၊ သန်လျင်တံတားနဲ့ ထန်းတပင်စစ်ဆေးရေးဂိတ် အဖြစ်အပျက်တွေ မကြာမကြာ ဖြစ်ပွားခဲ့တာပါ။
ဒီလို မြို့ပြပျောက်ကျား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးက မြို့ကြီးတွေကိုလည်း ကောင်းကောင်းမအုပ်ချုပ်နိုင်သေးဘူးဆိုတာမျိုး သက်သေပြသလိုဖြစ်စေတာ အမှန်ဖြစ်ပါတယ်။ သို့သော် စစ်ဆင်ရေးတခုအပြီး PDF အဖွဲ့ဝင်တွေ ဆက်လက်ခိုအောင်းနေပြီး နောက်စစ်ဆင်ရေးကိုလုပ်ဆောင်ဖို့ စုဖွဲ့နေတာ ရန်သူရဲ့ ခြေရာခံမိသွားစေနိုင်တဲ့ ဆက်သွယ်ရေး (သို့မဟုတ်) အဖွဲ့ဝင်တဦးဦးက လုံခြုံရေးကျိုးပေါက်ပြီး ကျန်သူတွေကိုဖမ်းဆီးဖို့ သဲလွန်စရသွားစေတာတွေလည်း ဖြစ်နိုင်တာကြောင့် အင်အားပြုန်းတီးစေနိုင်တယ်လို့ မြင်ပါတယ်။ မြို့ပြပျောက်ကျား တပ်ဖွဲ့တွေအဖြစ်နဲ့ အခုလိုလှုပ်ရှားမှုဟာ စိတ်ဓါတ်ရေးအရ အရေးပါတာ အမှန်ဖြစ်ပေမယ့် စစ်ရေးအရ ဘယ်လောက်အရေးပါသလဲ စတဲ့မေးခွန်းတွေလည်း ပြန်သုံးသပ်ပြီး စဥ်းစားဆုံးဖြတ်ဖို့ လိုအပ်မယ်ထင်ပါတယ်။
အခုလို ရန်ကုန်မြို့မှာ မြို့ပြပျောက်ကျားအဖွဲ့ဝင်တွေ ဖမ်းဆီးခံရ တိမ်းရှောင်ကြရတဲ့အချိန်မှာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ် ကလေးမြို့၊ မကွေးတိုင်းအစပ် ဆောနယ်၊ ရေစကြို၊ ကယားပြည်နယ် ရှမ်းအစပ် ဖယ်ခုံ စတဲ့ဒေသတွေမှာတော့ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးမြို့အနောက်တောင်ဘက်က တောတွေထဲက PDF စခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးပြီး PDF မိန်းကလေး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကိုကို သတ်ဖြတ်ခဲ့ပြီး မိန်းကလေး ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေနဲ့ PDF တွေဆက်လက် တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
အလားတူ ကယားပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအထက်ပိုင်းမှာလည်း ပီဒီအက်ဖ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြို့ပြနဲ့ ကျေးလက်က PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ရှေ့လာမယ့်လတွေမှာ စစ်ရေးထိတွေ့မှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ ခန့်မှန်းရပါတယ်။ တဖက်မှာလည်း လက်နက်ကိုင်တိုက်ပွဲတွေအတွက် အသက်တမျှ အရေးကြီးတဲ့ မှန်ကန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ၊ ထောက်ပံ့ရေး ရိက္ခာ၊ လက်နက်၊ လုံခြုံမှု အင်အားပြန်လည်ဖြည့်တင်းမှုတွေက တိုက်ပွဲတွေအောင်မြင်ဖို့အတွက် ရေ သောက်မြစ်သဖွယ် အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar