Breaking News

အန်နိုလာ - အဆန်ရထား

အန်နိုလာ - အဆန်ရထား 
(မိုးမခ) နို၀င်ဘာ ၂၀၊ ၂၀၂၁

အရွက်တွေ ကြွေတယ်
ကျီးပြိုတယ်
မြို့ပြဟာ 
ဆန္ဒမဲ့ လိင်ဆက်ဆံခံရသူ
မိန်းမပျက်ကလေးလို
ဖြစ်ပျက်နေကြလိုလို
အလုပ်သဘောတစ်ခုလိုလို
လမ်းတွေဟာ ဒီမိုကရေစီကို
ကိုယ်ဝန်ဆောင်လိုက် ပျက်ကျလိုက်နဲ့
ဘယ်ဘုရားမှ မကယ်နိုင်တဲ့
သောကတွေဟာ နိုင်ငံတော်ထဲမှာ
အရူးတစ်ယောက်လို လျှောက်ပြေးနေတယ်
​ဖိဖိစီးစီး ဒုက္ခမီးတွေဟာ
အိမ်ရှေ့စပယ်ရုံလေးတွေကို ကူးစက်လို့
အဖြူနဲ့အစိမ်း ယှဉ်တွဲဝေဆာနေတဲ့
စပယ်ပင်လေးတွေလဲ 
ကျုံ လှီ နွမ်း ခြောက် ရပြီ
အဟောင်းက အသစ်ပြန်မဖြစ်
အသစ်တွေသာ ဟောင်းဟောင်းသွား
နွေကန္တာလည်း ပြီးဆုံးပြီ
မိုးတစ္ဆေလည်း မြူးတူးပြီးပြီ
ဆောင်းလေရူးဟာ သစ်ရွက်တွေကို
တစ်ရွက်ပြီးတစ်ရွက် ခြွေချနေပုံပန်းချီကား
လက်ဝင်အောင်လည်း ဆွဲခဲ့တယ်
အသက်ဝင်အောင်လည်း လှခဲ့တယ်
ကျနော်တို့သာ မကြည့်ရက်ခဲ့
ရင်တွေထဲမှာ 
မ ချိ တင် ကဲ
ရာသီဥတုက အဲဒီလိုရူးနေတယ် မေမေ
ဒါကြောင့် ...
ရထားတစ်စီးလို ကျနော်တို့ဘဝတွေကို 
ခုတ်မောင်း
သေမှာလား နေမှာလားဆိုတဲ့
မျဥ်းပြိုင်နှစ်ကြောင်းပေါ်မှာ 
ဟန်ချက်ညီညီ ဖြတ်သန်း
ကမ္ဘာကြီးလို ကိုယ့်လမ်းကြောင်းပေါ် ကိုယ်လည်
အတားအဆီး သေးသေးမွှားမွှားကိုမမှု
အတားအဆီး ကြီးကြီးမားမားကိုလည်း
ခေါင်းခြင်းဆိုင်ပစ်ဖို့ ဝန်မလေး
စက်ခေါင်းသွားရာနောက် တွဲတိုင်းလိုက်နေပုံဟာ
ချစ်ဖို့ကောင်းတဲ့ မိသားစုကြီးလို
တွဲလက်တွေ မြဲခဲ့ကြ
လက်တွဲတွေ ညီခဲ့ကြ
အများညီရင် ကျွဲကို ဤပြောင်းလို့ရစမြဲမို့
ဤခရီး နီးပါပြီ
ဤခရီး နီးပါပြီပေါ့။

အန်နိုလာ
နို၀င်ဘာ ၁၈၊ ၂၀၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar