Breaking News

အောင်ဝေး - ရေနည်းသီး

အောင်ဝေး - ရေနည်းသီး
(မိုးမခ) နို၀င်ဘာ ၂၈၊ ၂၀၂၁

လောကဓံစောင်းကြိုး
မနှိုးခတ်ခင်ကပင်
မိုးကခေါင်ခဲ့ပါတယ်။
မိဘမဲ့သမီး
ရေနည်းသီးကလေး
မေတ္တာ​စီးရာ
မေတ္တာပါခဲ့။
တက္ကသီလာ
ဥပဒေရွာမှာ
တရားမျှတမှုကိုချစ်
အမှန်တရားကိုချစ်
လောကကိုချစ်လို့
ကျမမြစ်ကိုစီးခဲ့ပါတယ်။

ခေတ်က
အရည်ကျဲလွန်းတော့
သပွတ်အူတွေမျောလာ။
တရားရုံးဆိုတာလည်း
စကားလုံးဂိုဒေါင်ပဲ။
ကြည်တဲ့ရေရယ်
နုတဲ့မြက်ရယ်
ခေတ်ကြီးအပြင်ကိုထွက်
စလုံးဆိုတဲ့ စလုံးမှာ
ဘွဲ့လက်မှတ်ကို
အရှက်နဲ့ဖုံးလိုက်ရတယ်။
ရေစိမ်းမြေစိမ်းမှာ
လေကလည်းစိမ်းတယ်။
ဝမ်းမီးကငြိမ်းတစ်ဝက်ပေမဲ့
အလွမ်းမီးက
မျက်ရည်ပေါက်ကြီးငယ်။
ငှက်မှန်ရင်
သူများအကိုင်းမှာ
ဘယ်ကြာကြာနားချင်ပါ့မလဲ။
အိမ်လွမ်းစိတ္တဇက
သေရာပါတယ်။
ကိုယ်ပြန်လာပါပြီ
ကိုယ့်သစ်ကိုင်းဆီ။
အလို...ရွာအဝင်မှာ
သာဒင်ကြီး
မူးပြီးရမ်းနေတုန်းပါပဲလား။

ဒုက္ခက
တံဆိပ်အသစ်နဲ့
ခေတ်က
စစ်ဖိနပ်အသစ်နဲ့
ချစ်စိတ်ဟာ
အရိပ်လိုပဲပျောက်ဆုံးသွားပေါ့။
တရားရုံးရောက်တော့လည်း
တရားပျောက်ခဲ့။
စင်ကာပူရဟာလည်း
ရင်မှာဆူတယ်
တရားမရခဲ့။

သြော်... ဒီဘဝ
ကျမမြစ်ကိုခေါက်လိပ်ပြီး
ဘိက္ခုနီသာသနာမှာပဲ
ပုန်းအိပ်ပါတော့မယ်ဆိုကာမှ။
"အာဏာရှင် အလိုမရှိ
အလိုမရှိ"
ဘာရမလဲ သာဝရယ်။
မယ်သီလရင်လည်း
ဖိရင်ကြွ
ထိရင်ချ
ငြိရင်ရှတာပဲ။
ငါ့အသက်ဟာ
ငါ့လက်နက်ပဲ
ငါ အသက်မချ။
ကျမလူဝတ်လဲလိုက်တာ
မဟုတ်ပါဘူး
ကျမ
ဘဝကို သေနတ်နဲ့လဲလိုက်တာပါ။

ဆရာလေးဒေါ်ဝရဥာဏီ
တစ်ဖြစ်လဲ
မနန်းဝင့်ဝါ။
ရင်ညွန့်မှာ
ဒေါ်အောင်ဆန်းစုကြည်ပုံ
တက်တူးထိုးလိုက်တယ်။ ။

အောင်ဝေး
(နိုဝင်ဘာ ၂၈၊ ၂၀၂၁)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar