မြင့်ကျော် - ဆရာမုံရွာအောင်ရှင်
(မိုးမခ) နို၀င်ဘာ ၂၈၊ ၂၀၂၁
ပြီးခဲ့တဲ့လက အထိန်းသိမ်းခံ ၈ လကျော်ကြာပြီး လွတ်လာတဲ့သတင်းကြားတော့ ဆရာ့အတွက်ဝမ်းသာမိတယ်။ ကျန်းမာရေးကောင်းရဲ့လား ဘယ်လို နေလဲဆိုတာ သတင်းတွေထဲနားထောင်ကြည့်ပြီး ကျန်းမာရေးကောင်းတယ်ဆိုတော့ စိတ်သက်သာရာရပြီး အဲဒီလွတ်လာတဲ့အချိန် သားဖြစ်သူလည်း ဆိုင်ကယ်မတော်တဆနဲ့ ကွယ်လွန်ထားတာနဲ့ စိတ်အနားယူပါစေဆိုပြီး ကိုယ့်ဘက်က မဆက်သွယ်ဖြစ်ဘူး။ ဒါပေမယ့် တပတ်ကျော်အကြာမှာ မနက်ပိုင်း မက်ဆင်ဂျာကနေ ဆရာ့ဇနီးအကောင့်နဲ့ လှမ်းခေါ်လာတယ်။ ကင်မရာထဲကနေ ဝမ်းသာကြောင်း ကျန်းမာရေးအကြောင်း အထဲမှာ နေထိုင်ခဲ့ရတဲ့အကြောင်း မေးမြန်းပြောဆိုဖြစ်ခဲ့တယ်။
အခုတလလောက်တောင် မကြာခင် ပြီးခဲ့တဲ့ရက်ပိုင်း ဆရာ့ဇနီးအကောင့်မှာ နေမကောင်းဖြစ်ကြောင်း မှတ်ချက်တွေတွေ့လို့ အမြန်ကျန်းမာပါစေဆရာလို့ ဆုတောင်း ကွန်းမင့်ပေးပြီး သာမန်မကျန်းမာတာလောက်လို့ ယူဆပြီးနေနေတုန်း ခုမနက် မိုးလင်းတာနဲ့ သိလိုက်ရတဲ့ ပထမဆုံးသတင်းက ဆရာကွယ်လွန်ပြီဆိုတဲ့သတင်း တွေ့လိုက်ရတော့ ရုတ်တရက်မှင်တက်မိသွားတယ်။
ဆရာနဲ့ လူချင်းသိတာ ရင်းနှီးတာ ဆယ်စုနှစ် တခုစာလောက်ပဲရှိဦးမှာ ဖြစ်ပါတယ်။ ဆရာ့ကို ပထမဆုံးလူချင်းမြင်ဖူးတာ ၂၀၀၉ ခုနှစ် စက်တင်ဘာ လွတ်ငြိမ်းခွင့်နဲ့ အင်းစိန်ထောင်က လွတ်တဲ့နေ့ကပါ။ ကျနော်က သတင်းသွားယူတော့ အင်းစိန်အကျဥ်းထောင် ပရဝုဏ်ထဲက ခန်းမမှာ လွှတ်ပေးမယ့်သူတွေကို အကျဥ်းဦးစီးညွှန်ချုပ်က သြဝါဒချွေတာအပြီး သတင်းသမားတွေ မေးမြန်းကြတဲ့တုန်းက ဖြစ်ပါတယ်။ ဆရာ့နဘေးမှာ ကျနော်လည်း ရောက်နေပြီး ကျနော်တော့ မမေးဖြစ်ပဲ ဦးမြတ်ခိုင်က ဆရာ့ကို အမှတ်တရ ကဗျာတပုဒ်ရေးခိုင်းနေတာ တွေ့ရပါတယ်။ ဆရာက သတင်းထောက်တွေ လာကြိုသူတွေ လွတ်မြောက်သူတွေ စုဝေးနေတဲ့အကြားထဲမှာ စာရွက်တရွက်နဲ့ ကဗျာရေးနေတာကို ခုထက်ထိ မျက်စေ့ထဲ မြင်နေပါသေးတယ်။ အင်္ကျီအဖြူနဲ့ ဆရာ့ပုံကို အဲဒီနေ့က အပြင်မှာ စတွေ့ခဲ့ဖူးတာပါ။
နောက်ပိုင်း ကျောက်မြောင်းစျေးမီးပွိုင့်ထောင့်က အန်အယ်လ်ဒီရုံးမှာ ဆရာဦးဝင်းတင်ဦးစီးတဲ့ သတင်းစာသင်တန်းတွေမှာ သွားကူညီပေးတော့လည်း ဆရာက ဒီလှိုင်းကိုလုပ်နေစဥ် အဲဒီရုံးမှာတွေ့ဆုံခဲ့ရပါတယ်။
အဲဒီနောက်တော့ ၂၀၁၅၊ အဲနောက်ပိုင်းမီဒီယာ ဆွေးနွေးပွဲ၊ စကားဝိုင်း၊ စတာတွေမှာ မကြာခဏဆုံဖြစ်သလို ဆရာက MJN ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်လိုတဲ့ မုံရွာ နယ်ဘက်က အဆက်အစပ် သူ့မိတ်ဆွေတွေကိစ္စဆို မကြာခဏ ဖုန်းဆက်လေ့ရှိပါတယ်။
၂၀၁၆-၂၀၂၀ အတွင်းမှာတော့ NLD ပါတီရဲ့ မီဒီယာနဲ့ပတ်သက်တဲ့ မူဝါဒဆိုင်ရာဆွေးနွေးပွဲတွေ မှတ်ချက်တွေအတွက် ဆက်သွယ်မေးမြန်းဖြစ်သလို တခါတခါလည်း သူ့ကို အားနာမိတယ်။ သူက မီဒီယာနဲ့ပတ်သက်တဲ့ မူဝါဒဆိုင်ရာမှာ သြဇာရှိသူမဟုတ်ပေမယ့်လည်း ပါတီဗဟိုပြန်ကြားရေးရဲ့ အတွင်းရေးမှူးလည်းဖြစ်တော့ မီဒီယာကို ဖြေကြားမယ့်သူ၊ ဆွေးနွေးပွဲတွေဖိတ်လည်း မငြင်းပဲ တက်ရောက်ဆွေးနွေးသူဆိုတော့ သူ့ကိုခေါ်ပြီး ကြားညှပ်အောင်လုပ်ရာကျမလားဆိုတဲ့အတွေးနဲ့ အားနာတဲ့ခံစားချက် ဖြစ်မိတာပါ။
သူက စကားကို အေးအေးငြင်ငြင်သာသာပြောတတ်သူ မီဒီယာတွေနဲ့ အခြေအတင် ကတောက်တဆ တခါမျှဖြစ်တယ်လို့ မကြားမိဘူး။ ရာထူးတွေ နေရာတွေလည်း လိုလားမက်မောသူမဟုတ်တာကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သတိပြုမိပါတယ်။
မကြာခဏ ဆရာ့ဆီက ဖုန်းဝင်လာတယ်ဆို သတင်းစာရှင်းလင်းပွဲကိစ္စလို့ နားလည်မိပြီး ဆရာက ပါတီရဲ့ ဗဟိုပြန်ကြားရေး အတွင်းရေးမှူးဆိုတဲ့ ရာထူးတာဝန်သာယူထားသော်လည်း သူ့အသိုင်းအဝိုင်း မိတ်ဆွေတွေရဲ့ ကိစ္စတွေဆို ကြီးကြီးသေးသေး လိုက်လံဆက်သွယ်ကူညီပေးတတ်တဲ့ စိတ်နေသဘောထားကို အဲဒီကာလတွေမှာ အကဲခတ်မိခဲ့ပါတယ်။
အခုတော့ တိုက်ပွဲတွေ၊ ကြံ့ကြံ့ခံမှုတွေ၊ မယိုင်မလဲတဲ့ ရပ်တည်မှုတွေ စာပေ ကဗျာ အနုပညာအပေါ် အကျိုးပြုခဲ့တာတွေကို လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုကြမှာ မလွဲပါဘူး။ ဆရာ ကောင်းရာဘုံဘဝကိုရောက်ရှိပါစေလို့ ...။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar