ကိုကျော် (မြစ်ကြီးနား) - ဘော်စတွန်မြို့ရဲ့ ပထမဆုံးအမျိုးသမီး အာရှအမေရိကန်မြို့တော်ဝန်
ကိုကျော် (မြစ်ကြီးနား) - ဘော်စတွန်မြို့ရဲ့ ပထမဆုံးအမျိုးသမီး အာရှအမေရိကန်မြို့တော်ဝန်
(မိုးမခ) နို၀◌င်ဘာ ၄၊ ၂၀၂၁
အမေရိကန် မက်ဆာချူးဆက်ပြည်နယ် ဘော်စတန်မြို့ (Boston) ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ မီရှဲလ်ဝူ (Michelle Wu) - ၃၆ နှစ်က ပြိုင်ဖက် Annissa Essaibi George ကိုအနိုင်ရခဲ့ပြီး ဘော်စတွန်မြို့ရဲ့ ပထမဦးဆုံး အမျိုးသမီး၊ ပြီးတော့ ပထမဦးဆုံး လူဖြူမဟုတ်တဲ့ မြို့တော်ဝန် ဖြစ်သွားပါတယ်။
ပုံမှန်ဆိုရင် ဘောစတွန်မြို့တော်ဝန်တွေက ၁၉၃၀ နှစ်များကတည်းကစပြီး ဆက်တိုက်ပဲ အိုင်းရစ်-အမေရိကန် (သို့မဟုတ်) အီတလီ-အမေရိကန် လူဖြူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် မီရှဲလ်ဝူဟာ ၁၉၂၅ ခုနှစ်ကတည်းက ဘော်စတွန်မှာမွေးဖွားခဲ့သူမဟုတ်တဲ့ ပထမဆုံးသောမြို့တော်ဝန်လည်း ဖြစ်သွားပါတယ်။ နောက်ပြီးတော့ မီရှဲလ်ဝူက ချီကာဂိုမြို့ပြင်မှာ ကြီးပြင်းခဲ့ပြီး ဟားဗတ်တက္ကသိုလ်တက်ဖို့ ဘော်စတွန်ကို ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။
သူမရဲ့မိဘနှစ်ပါးက ထိုင်ဝမ်မှ အမေရိကန်သို့ပြောင်းရွေ့ခဲ့ပြီး မကြာခင်မှာပဲ မီရှဲလ်ဝူကို မွေးဖွားခဲ့ပါတယ်။ အသက် ၂၀ ကျော်ဝန်းကျင်အရွယ်မှာ မိခင်ဖြစ်သူက စိတ်ပိုင်းဆိုင်ရာရောဂါခံစားခဲ့ရတာကြောင့် သူမရဲ့အလုပ်ကိုစွန့်လွတ်ခဲ့ရပြီး မိခင်အား ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။
၂၀၀၇ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရခဲ့ပြီး၊ ၂၀၁၂ ခုနှစ်မှာ ဟားဗတ်ဥပဒေကျောင်း (Harvard Law School) မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါတယ်။ ဟားဗတ်ဥပဒေကျောင်းမှာ ပညာသင်ကြားစဥ်ကာလအတွင်း ပါမောက္ခဆရာမ Elizabeth Warren (ယခု မက်ဆာချူးဆက်ပြည်နယ် ဆီးနတ်အမတ်) နဲ့ ရင်းနှီးသိကျွမ်းခဲ့ပြီး Elizabeth Warren ရဲ့ ကူညီအားပေးမှုနဲ့ မီရှဲလ်ဝူဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။
ကိုးကား။ ။ နယူးယောက်တိုင်းမ် - Nov 2, 2021 - Michelle Wu is elected mayor of Boston.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar