Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၁

◾️ အဆုံးအရှုံးတွေနဲ့ ရေရှည် မဟာဗျူဟာ နည်းဗျူဟာ 
ဒီနေ့ သတင်းတွေမှာ ဒီပဲယင်း ဒေသက ကျေးရွာတချို့မှာ စစ်ရဟတ်ယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦးသေဆုံးတဲ့သတင်း၊ မန္တလေးမြို့မှာ ဆက်သွယ်ရေးရုံးမှာ စခန်းချထားတဲ့ စစ်တပ်ကို PDF တွေက ဗုံးခွဲတာတွေ ချောင်းမြောင်းပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဒဏ်ရာရတာတွေ ရှိခဲ့တယ်ဆိုတဲ့သတင်း၊ ရန်ကုန်မြို့မှာ မြန်မာပလာဇာအဖြစ်အပျက်ပြီးနောက် အခြားသောစျေးဝယ်စင်တာတခုဖြစ်တဲ့ လှည်းတန်း ဂမုန်းပွင့်မှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့သတင်း၊ ပွင့်လင်းရာသီရဲ့အစ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းလိုမျိုးမှာနေထိုင်ကြရတဲ့ ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံတွေဘက် စွန့်စားထွက်ပြေးကြတဲ့ရာသီ စတင်တဲ့အချိန်မှာ စွန့်ခွာထွက်ပြေးသူ ၂၀၀ ကျော်ကို ရေတပ်က စစ်တွေမြို့အနီးမှာပဲ ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေနဲ့အတူ ရန်ကုန်မြို့ကို စစ်မြေပြင်သဖွယ်ဖြစ်လာနေတယ်လို့ သတင်းမီဒီယာတချို့က ဆောင်းပါးရေး ပုံဖေါ်ကြတဲ့သတင်းတွေ၊ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း မြောက်ပိုင်းကဒေသတွေမှာတော့ ပီဒီအက်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တာတွေ၊ ကြားဖြတ် အလစ်အငိုက်တိုက်ခိုက်တာတွေ ရွာတွေဝင်မွှေပြီး နေအိမ်တွေ မီးရှို့တဲ့သတင်းတွေက ယခင်ဖြစ်ပျက်ခဲ့သလို ဆက်လက်လည်းဖြစ်နေဆဲအဖြစ်နဲ့ သတင်းတွေထဲဖေါ်ပြနေကြတာဖြစ်ပါတယ်။ 

ရန်ကုန်မြို့ မှာ လမ်းဆုံလမ်းခွတွေက ယာဥ်ထိန်းရဲကင်းတွေမှာ စခန်းချစောင့်နေကြတဲ့ စစ်သားနဲ့ရဲတပ်ရင်းက ရဲတွေကို ကားပေါ်ကနေ မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့လတွေကတည်းကစလို့ ဆက်တိုက်ဆိုသလို ဖြစ်ပျက်ခဲ့ပြီးနောက်မှာ ယာဥ်ထိန်းရဲရဲ့ ထိုင်တဲ့ လမ်းဆုံကင်းစခန်းတွေကို စစ်တပ်နဲ့ ရဲတွေက သဲအိတ်၊ ကွန်ကရစ်တုံးတွေ၊ ဆူးကြိုးကာ သံတန်းအတားအဆီးတွေ ပတ်ပတ်လည်ချထားပြီး အချို့နေရာမှာ ယာဥ်သွားရာလမ်းကို တစီးချင်း ကွေ့ကောက်မောင်းနှင်ရအောင် လုပ်ထားလေ့ရှိပါတယ်။ ရန်ကုန်မြို့ဟာ အုပ်ချုပ်ရေး၊ စီးပွားရေးအရေးပါမှုအရအပြင် ဂုဏ်သိက္ခာအရပါ အရေးကြီးတဲ့မြို့ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ နေပြည်တော်ပြီးရင် ကောင်းကောင်းထိန်းချုပ်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ 

အခုနေအခါမှာ ပြည်နယ်တွေ တိုင်းဒေသတွေမှာ ရင်ဆိုင်နေရတဲ့ တိုက်ခိုက်မှုတွေကြောင့် ဆန္ဒပြမှု အစောပိုင်းကာလတွေလို ရဲတပ်ရင်းနဲ့ စစ်တပ်အင်အားတွေ အများအပြား ဖြန့်ချထားဖို့ မနိုင်သည့်တိုင် ရတဲ့အင်အားနဲ့ နည်းနည်းကျဲကျဲဝိုင်းတဲ့ ဗျူဟာမျိုးနဲ့ စစ်အင်အားသုံး ဖြန့်ကျက်ချထားတဲ့သဘော တွေ့ရပါတယ်။ 

တစုံတရာ ဖြစ်ပွားတဲ့နေရာတွေကို အင်အားပိုချလေ့ရှိပြီး ရက်အနည်းငယ်ကြာသွားရင်တော့ ပုံမှန်အတိုင်း ပြန်ချထားလေ့ရှိတာလည်း တွေ့ရမှာပါ။ ရန်ကုန်မြို့မှာ စစ်ကောင်စီကိုဆန့်ကျင်မှုရှိနေကြောင်းပြသဖို့ မိနစ်ပိုင်းအကြာ ဆန္ဒပြမှုတွေလည်း ကြိုကြားရှိနေသေးပြီး လူအလာများတဲ့ စျေးဝယ်စင်တာလိုမျိုးမှာ ဆန္ဒပြမှု ယခင်သီတင်းပတ်အတွင်း မြန်မာပလာဇာမှာ ဖြစ်ပွားပြီးနောက် ခုတဖန် ဂမုန်းပွင့် စျေးဝယ်စင်တာမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၀၃ ခုနှစ် အန်အယ်လ်ဒီယာဥ်တန်းကို တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ လူသိများတဲ့ ဒီပဲယင်းဒေသမှာတော့ ကျေးရွာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ရှောင်တိမ်းနေတဲ့လူထုကို ပီဒီအက်ဖ်လို့ယူဆကာ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တာတွေရှိတယ်လို့လည်း သတင်းတွေထဲ ဖတ်ရှုရပါတယ်။ သေဆုံးသူ ၃ ဦးရှိပြီး ၂ ဦးက အရပ်သားတွေသာဖြစ်ပြီး တဦးက ပီဒီအက်ဖ်လို့ ပီဒီအက်ဖ်အဖွဲ့ဝင်တဦးက RFA ကို ဖြေကြားထားတာ သတင်းမှာ တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့တောင်ဘက် ဒေသတွေဖြစ်တဲ့ ချင်းတွင်းမြစ်ဝှမ်းက ယင်းမာပင်၊ ကနီ၊ အဲဒီနောက် မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှတို့မှာ ပြီးခဲ့တဲ့ ၆ လ ၇ လ အတွင်း ပီဒီအက်ဖ်အဖွဲ့အများအပြား ပေါ်ထွက်လာပြီး စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်တာ မိုင်းခွဲတာ ဒလန်လို့သံသယရှိသူတွေကို ရှင်းလင်းတယ်ဆိုတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 

စစ်ပွဲအသွင်မဟုတ်ပဲ ချောင်းမြောင်းတိုက်ခိုက်မှု အလစ်အငိုက် တိုက်ခိုက်မှု အဲဒီလိုတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက ကျေးရွာတွေကို ဝင်စီးတာ ဖျက်ဆီးတာ မီးရှို့တာ ပီဒီအက်ဖ်လို့ သံသယရှိသူတွေကို သတ်ဖြတ်တာတွေကြောင့် စစ်ကိုင်းတိုင်းဒေသက  သေဆုံးမှုကိန်းဂဏန်းတွေ အများဆုံးဖြစ်နေလိမ့်မယ်လို့ ထင်မြင်ပါတယ်။ 

ဒီတိုက်ပွဲတွေရဲ့ ထိရောက်မှု သက်ရောက်မှုအဆုံးအရှုံးတွေကို NUG အနေနဲ့ ပြန်လည်သုံးသပ်ပြီး ပိုမိုစုစည်းမှုရှိတဲ့ အချိန်အားဖြင့် တပြိုင်နက်ထဲလို တုံ့ပြန်မှုမျိုး ထိရောက်တဲ့ တုံ့ပြန်မှုမျိုး ဖြစ်အောင် စီမံကွပ်ကဲနိုင်ဖို့ လိုအပ်ပြီလို့လည်း ထင်မြင်မိပါတယ်။ 

မြန်မာနိုင်ငံတွင်းမှာ နေ့စဥ်ပစ်ခတ်သတ်ဖြတ် တိုက်ခိုက်တဲ့သတင်းတွေ ပြည့်နှက်နေချိန်မှာပဲ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဆယ်စုနှစ် တစုနီးပါး အဝင်အထွက် အသွားအလာ ကန့်သတ်ခံထားရတဲ့ စခန်းတွေကနေ လူမှောင်ခို ပွဲစားလုပ်သူတွေအကူအညီနဲ့ ဦးတည်ချက်ပန်းတိုင် မလေးရှား အင်ဒိုနီးရှားတို့ဆီ လှေနဲ့ စွန့်စားပြီး ထွက်ခွာနေကြတဲ့ ရာသီရောက်လာပြန်တာ ဖြစ်ပါတယ်။ နှစ်တနှစ်ရဲ့ မိုးရာသီအကုန် ဆောင်းရာသီကာလမှာ ပင်လယ်ပြင် အနေအထားအရ စွန့်စားထွက်ပြေးဖို့ အကောင်းဆုံး ကာလဖြစ်လို့ ဒီအချိန်ကာလမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ပင်လယ်ပြင်မှာ လှေစက်ပျက်တာ လမ်းကြောင်းလွဲမှားလို့ အသက်ဘေးအန္တရာယ်ကျရောက်နိုင်ခြေ၊ တဖန် မြန်မာရေတပ်ရဲ့ ဖမ်းဆီးခံရနိုင်ခြေတွေရှိလျက်နဲ့ စွန့်စွားသွားရောက်ကြရာမှာ အသက်ဆုံးရှုံးကြရသူလည်း အများအပြားရှိပါတယ်။ 

ဒီအဖြစ်အပျက်ကလည်း ကမ္ဘာ့အလယ်မှာ စစ်အာဏာမသိမ်းမီကတည်းက မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပျက်ယွင်းစေခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ ပြဿနာတရပ်ဖြစ်နေခဲ့တာပါ။ 

၂၀၁၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းတွေ ပဋိပက္ခတွေအပြီး လူနေရပ်ကွက်တွေ ဖျက်ဆီးခံရတာ အကြမ်းဖက်မှုတွေ ဖြစ်ပွားရာက သီးခြားစီနေထိုင်ကြဖို့ ခွဲထုတ်လိုက်ရာက ဆယ်စုနှစ်တခုခန့်ကြာသည့်တိုင် ဒီပဋိပက္ခကို မရှင်းလင်းနိုင်ခဲ့ကြရာက ၂၀၁၇ မှာ ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သတ်ဖြတ်မှုတွေ ဖြစ်ပွားရာက နိုင်ငံတကာ တရားရုံးအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီထက်ကျယ်ပြန့်တဲ့ ပြဿနာတွေ ထပ်မံဖြစ်ပွားလာတာကြောင့် ရိုဟင်ဂျာအရေးက နောက်ရောက်သွားခဲ့ပြီလို့ ဆိုကောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar