ကိုကျော် (မြစ်ကြီးနား) - အဲလစ်ဇဘက်ဘုရင်မအား ဘာဘေးဒိုးစ်နိုင်ငံရဲ့ ဘုရင်အဖြစ်မှ ဖယ်ရှား
(မိုးမခ) နို၀င်ဘာ ၃၀၊ ၂၀၂၁
နောက်တစ်ပတ်ထဲမှာ ဗြိတိန်ဘုရင်မရဲ့ အင်ပါယာတစ်ခု လျော့သွားတော့မှာဖြစ်ပါတယ်။ ကာရီဘီယံကျွန်းစု အရှေ့ဖက်စွန်းမှာတည်ရှိတဲ့ ဘာဘေးဒိုးစ်ကျွန်းနိုင်ငံ (Barbados) က အဲလစ်ဇဘက်ဘုရင်မကို တိုင်းပြည်ရဲ့ခေါင်းဆောင် ဘုရင်မအဖြစ်ခံယူထားခဲ့တာကို ဖယ်ရှားလိုက်မှာဖြစ်ပြီး သမ္မတနိုင်ငံအဖြစ် ကျေညာလိုက်ပါတယ်။
၁၉၆၆ ခုနှစ်မှာ ဗြိတိသျှကိုလိုနီမှ လွတ်လပ်ရေးရခဲ့ပြီး ဗြိတိန်ဘုရင်မကို နိုင်ငံခေါင်းဆောင်အဖြစ် လက်ခံထားမှုကို ပြန်လည်ပြင်ဆင်ကာ သမ္မတနိုင်ငံအဖြစ် စက်တင်ဘာလထဲမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် ဘာဘေးဒိုးစ်နိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရတဲ့ ၇၃ နှစ်အရွယ် Sandra Mason က "ကျမတို့ရဲ့ ကိုလိုနီအတိတ်ကာလကို အပြည့်အဝချန်ရစ်ခဲ့ဖို့ အချိန်တန်ပါပြီ" လို့ ပြောခဲ့ပါတယ်။
ဘာဘေးဒိုးစ်ပါလီမန်မှ စက်တင်ဘာလမှာ Sandra Mason အား သမ္မတအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး လူဦးရေ ၃ သိန်းနီးပါးသာရှိတဲ့ကျွန်းနိုင်ငံရဲ့ သမ္မတအဖြစ် တနင်္လာနေ့မှာ ကျမ်းကျိန်သစ္စာပြု အခန်းအနားကျင်းပမှာ ဖြစ်ပါတယ်။
ကျမ်းကျိန်သစ္စာပြုပွဲကို ဘာဘေးဒိုးစ် ဝန်ကြီးချုပ် Mia Amor Mottley ရဲ့ ဖိတ်ကြားခဲ့မှုဖြင့် ဗြိတိန်အိမ်ရှေ့မင်းသား Prince Charles နဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ ၅၄ ခုမှ ခေါင်းဆောင်များ (အများစုဟာ ယခင်ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူး) တက်ရောက်ကြမှာဖြစ်ပါတယ်။
ဘာဘေးဒိုးစ်ရဲ့ဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်ဘုရင်မကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ်မှ မသတ်မှတ်တော့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မတိုင်ခင် အလားတူမျိုးလုပ်ခဲ့တဲ့ နောက်ဆုံးနိုင်ငံတစ်ခုက ၁၉၉၂ ခုနှစ်မှာ မောရစ်ရှကျွန်းနိုင်ငံ (Mauritius) ဖြစ်ပါတယ်။ မောရစ်ရှလိုပဲ ဘာဘေးဒိုးစ်ကလည်း ဓနသဟာယအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိသွားမှာ ဖြစ်ပါတယ်။
အခုလိုပြောင်းလဲမှု ဖြစ်လာဖို့ နှစ်ပေါင်း ၄၀၀ ခန့်ကြာခဲ့ရပြီး ပထမဆုံး အင်္ဂလိပ်သင်္ဘာတစ်စီး ဘာဘေးဒိုးစ်ကျွန်းကိုရောက်ခဲ့ကတည်းက ဖြစ်ပါတယ်။ ဘာဘေးဒိုးစ်ဟာ ဗြိတိန်ရဲ့အစောဆုံး ကိုလိုနီဖြစ်ခဲ့ပြီး ၁၆၂၇ ခုနှစ်မှာစပြီး အခြေချခဲ့တဲ့နောက် ၁၉၆၆ ခုနှစ်အထိ အင်္ဂလန်ကနေ အုပ်ချုပ်ခဲ့ပါတယ်လို့ Kings College London မှ သမိုင်းပရော်ဖက်ဆာ Richard Drayton က ပြောပါတယ်။ "တချိန်ထဲမှာပဲ ဘာဘေးဒိုးစ်ဟာ အင်္ဂလန်ရဲ့ ၁၇-၁၈ ရာစုက ပုဂ္ဂိလိကချမ်းသာကြွယ်ဝမှုတွေအတွက် အရေးကြီးတဲ့ ရင်းမြစ်တစ်ခုဖြစ်ခဲ့ပြီး များသောအားဖြင့် သကြားနဲ့ ကျွန်စနစ်တို့မှ ရခဲ့တာဖြစ်တယ်" လို့ သူကပြောခဲ့ပါတယ်။
Sandra Mason ရဲ့ သမ္မတကျမ်းကျိန်ပွဲအခန်းအနားကို ချားလ်မင်းသား တက်ရောက်လိမ့်မယ်ဆိုတာက ဘာဘေးဒိုးစ်အတွက် အလွန်အရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပြီး အင်္ဂလန်တော်ဝင်မိသားစုမှ ကန့်ကွက်ခြင်းမရှိတာကို သက်သေပြမှုဖြစ်ကြောင်း၊ ဘာဘေးဒိုးစ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲမှုကို ထောက်ခံမှုဖြစ်ကြောင်း ဘာဘေးဒိုးစ်တက္ကသိုလ် University of the West Indies (UWI) ရဲ့ နိုင်ငံရေးပါမောက္ခ Cynthia Barrow-Giles မှ ပြောခဲ့ပါတယ်။
"ဒီကိစ္စကြောင့် ဂျာမေကာနိုင်ငံသာမက တခြား ကာရီဘီယံကျွန်း နိုင်ငံတွေကလည်း ဆွေးနွေးပြောဆိုမှုတွေ ရှိလာမယ်လို့ ကျမထင်ပါတယ်။ ဘာဘေးဒိုးစ်ရဲ့ ဆုံးဖြတ်ချက်ဟာ အင်္ဂလန်တော်ဝင်နန်းတော်ရဲ့ အကဲဖြတ်ဆုံးဖြတ်မှုတွေကြောင့်မဟုတ်ဘဲ ဘာဘေးဒိုးစ်ပြည်သူတွေရဲ့ အသိတရားကို ပိုပြီးထင်ဟပ်စေတယ်လို့ ထင်ပါတယ်။ အခြေအနေအကြောင်းတရားကြောင့် မိသားစုတစ်ခုမှာ မွေးဖွားခဲ့ရပြီး ကိုယ့်ရဲ့နိုင်ငံခေါင်းဆောင်က မိုင် ၄၀၀၀ အဝေးမှာနေနေတယ်ဆိုတာက အဓိပ္ပာယ်တော့ သိပ်မရှိဘူးလို့ ဘာဘေးဒိုးစ်ပြည်သူတွေ တွေးမိကြမှာဖြစ်ပါတယ်" လို့ Barrow-Giles က ပြောပါတယ်။
တခြားနိုင်ငံတွေကလည်း ဗြိတိန်ရဲ့ဘုရင်စနစ်ကနေ ခွဲထွက်ဖို့ စဥ်းစားလာကြမှာဖြစ်ပေမဲ့ အဲလစ်ဇဘက်ရဲ့အုပ်စိုးမှု အဆုံးသတ်တဲ့အချိန်ကျမှ ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ အရိုးရှင်းဆုံးအကြောင်းရင်းတစ်ခုက အဲလစ်ဇဘက်ဘုရင်မရဲ့ အင်မတန်ကြီးမားတဲ့ ရာထူးဂုဏ်သိက္ခာကြောင့် ဖြစ်ကြောင်း ၂၀၁၄-၂၀၁၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံ ဘာဘေးဒိုးစ် မဟာမင်းကြီးဖြစ်ခဲ့သူ Guy Hewitt က ပြောပါတယ်။
"အခုအချိန်မှာ ခွဲထွက်ဖို့လုပ်ခဲ့ရင် ဘုရင်မကို မလေးစားရာရောက်မယ်လို့ လူတွေကထင်ကြလိမ့်မယ်၊ ဒါပေမဲ့ ဘုရင်မရဲ့ရာထူး လွှဲပြောင်းသွားတဲ့အချိန်ကျရင် ဗြိတိန်ကခွဲထွက်ဖို့ အချိန်တန်ပြီလို့ တွေးကြမှာပဲ" လို့ Guy Hewitt က ပြောသွားကြောင်း။ ။
(ကိုးကား။ ။ CNN, Nov 29, 2021 - Barbados is ready to ditch Britain's Queen. For many in the country, the move has been a long time coming)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar