Breaking News

မောင်မောင်စိုး - PLA မှတ်စု

မောင်မောင်စိုး - PLA မှတ်စု 
(မိုးမခ) နို၀◌င်ဘာ ၁၉၊ ၂၀၂၁

၂၀၂၁ ခုနှစ် လူထုလှုပ်ရှားမှုမှသည် လက်နက်ကိုင်တိုက်ခိုက်သည့် စစ်ပွဲပုံသဏ္ဍာန်သို့ပြောင်းသွားသည်။ မြို့ပြပြောက်ကျားပုံစံရော ကျေးလက်အခြေပြုသည့် ပြောက်ကျားပုံစံရော နှစ်မျိုးလုံးတွေ့ရသည်။ တပြည်လုံးတွင် ဒေသအလိုက် လက်နက်ကိုင်အဖွဲ့ပုံစံမျိုးစုံတွေ့ရသည်။ တပြည်လုံးတွင် ဒေသအလိုက်အဖွဲ့ပေါင်း ၃၀၀ ကျော်ဟု၎င်း၊ ၄၀၀ ကျော်ဟု၎င်း၊ တည်ရှိနေသည်ဟု သုတေသနပြုနေသော အဖွဲ့များကဆိုပါသည်။ အဖွဲ့အများစုမှာ PDF များဖြစ်ပြီး NUG နှင့်ပတ်သက်မှုရှိသည်။ အချို့လည်း အမည်အမျိုးမျိုးမှည့်ခေါ်ထားသော်လည်း နိုင်ငံရေးအရ NUG/NLD/PDF နှင့် ပတ်သက်သည်ဟုဆိုနိုင်သည်။ အချို့ပြည်နယ်များတွင်တော့ တိုင်းရင်းသားလူမျိုးအမှတ်လက္ခဏာနှင့် PDF များကို တွေ့ရသည်။ 

ထိုအဖွဲ့များထဲမှ ထူးခြားသည့် အဖွဲ့အချို့မှာမှ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ဖြစ်သည်။ PLA သည် ဗမာပြည်ကွန်မြူနစ်ပါတီ အဆက်အနွယ်ဖြစ်ပုံရသည်။ သို့သော် အသက်ကြီးရင့်ကြပြီဖြစ်သော လူဟောင်းများတော့ပါပုံမရ။ ၎င်းတို့အားဆက်ခံသော မျိုးဆက်သစ်များက ဆက်ခံပြီးလက်တွေ့လုပ်နေပုံရသည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၅ရက်တွင် ဖွဲ့စည်းကြောင်းကြေညာသည်ကို တွေ့ရသည်။ PLA ၏ မူဝါဒထုတ်ပြန်ချက်အရ မတ်ဝါဒလီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ကို အလုပ်လမ်းညွှန်မှုအဖြစ်ခံယူသည်ဟုဆိုသည်။ ၎င်းတို့၏ထုတ်ပြန်ချက်အရ အဖိနှိပ်ခံပြည်သူများဖက်မှရပ်တည်မည်ဟုဆိုပြီး ပြည်သူဒီမိုကရေစီသမတနိုင်ငံထူ ထောင်မည်ဟုဆိုပါသည်။ ၎င်းတို့ချမှတ်ထားသည့်လမ်းစဉ်အများစုမှာ ယခင် CPB နှင့် သိပ်ကွာခြားမှုမရှိပါ။ 

တိုင်းရင်းသားများနှင့်ပတ်သက်၍ "လူမျိုးစုတိုင်းရင်းသားအမျိုးသားတော်လှန်ရေးအင်အားစုများ" အား မဟာမိတ်ဖွဲ့မည်ဟုဆိုသည်။ ထို့ပြင် လူမျိုးကြီးဝါဒရော အစွန်းရောက်အမျိုးသားရေးဝါဒရော ဆန့်ကျင်မည်ဟုဆိုသည်။ သို့သော် တိုင်းရင်းသားလူမျိုးများတောင်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ တစွန်းတစမှ ဖေါ်ပြခြင်းမရှိသကဲ့သို့ တိုင်းရင်းသားအရေးအား မည်သို့ဖြေရှင်းမည်ကို ဖေါ်ပြခြင်းမရှိပါ။ ယခင် CPB ၏ မူဝါဒအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို မူဝါဒအဖြစ်ဆက်၍ထားသည်လော မသ်ိရပါ။ 

၎င်းတို့လူမှုကွန်ယက်ပေါ်တင်သောပုံများ၊ ဗီဒီယိုဖိုင်များအရ လူသူလက်နက်တပ်ဆင်လေ့ကျင့်ထားနိုင်ပြီကိုဖေါ်ပြနေသည်။ သို့သော် ၎င်းတို့၏အင်အားနှင့် လှုပ်ရှားမှုတို့အား တတ်နိုင်သမျှလျှို့ဝှက်ထားသည်ကိုတွေ့ရသည်။ နာဂ PLA ၏ အင်တာဗျူးတခုအရ  စစ်ကိုင်းတိုင်း နာဂ၊ ရွှေဘို၊ ချင်းတွင်းအနောက်ခြမ်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီတိုင်းတို့တွင် ထိုးဖေါက်လှုပ်ရှားနေသည်ဟု ကြားသိရသည်။ ‌တနေရာ အင်အား ရာဂဏန်းမျှနှင့် စုစုပေါင်းအင်အား ၁၀၀၀ ကျော် ခန့်ရှိနိုင်သည်ဟုဆိုကြသည်။ ဒေသအလိုက်ရှိသော PDF များ/ PRA များနှင့် ပူးတွဲတိုက်ခိုက်သည်ဟုဆိုသော်လည်း တရားဝင်ထုတ်ပြန်ချက်များမတွေ့ရသကဲ့သို့ NUG နှင့်ဆက်စပ်ပတ်သက်မှုကို မတွေ့ရပါ။ PLA ၏ ကြေညာချက်များကို နိုင်ငံရေးဌာနကထုတ်ပြန်လျက်ရှိရာ အခြားအဖွဲ့များနှင့် မတူသည့်ထူးခြားချက်ဖြစ်သည်။ အခြားအဖွဲ့များတွင် နိုင်ငံရေးဌာနထည့်သွင်း ဖွဲ့စည်းထားသည်ကို မတွေ့ရပေ။ သို့သော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီအမည်ကို ဖေါ်ပြထားသည်ကိုတော့ မတွေ့ရပါ။ 

၁၉၄၈ ခုနှစ်ကထဲက လက်နက်ကိုင်တော်လှန်ရေးပြုလုပ်ခဲ့‌သော ဗမာပြည်ကွန်မြူနစ်ပါတီ CPB သည် ၁၉၈၉/၉၀ နှစ်ကာလများ၌ အရှေ့မြောက်ပြိုကွဲပြိးနောက် ၎င်း၏လက်နက်ကိုင်လှုပ်ရှားမှုများ တဖြေးဖြေးအားနည်းပျောက်ကွယ်သွားခဲ့သည်။ အချို့ နိုင်ငံရပ်ခြားတွင် ခိုလှုံခဲ့ကြပြီး အချို့မှာ မြေလျှိုးသွားကြသည်။ အနှစ် ၃၀ ခန့် ပျောက်ကွယ်နေပြီးမှ ယခု ၂၀၂၁ မှာမှ PLA အမည်နှင့် တကျော့ပြန်ပေါ်လာသည်ကို တွေ့ရသည်။ 

PLA ပေါ်ပေါက်လာခြင်းသည် လက်ရှိကာလတွင် လစ်ဘရယ်ဒီမိုကရေစီအားကောင်းနေသည်ဖြစ်ရာ လူထုကြားတွင် လက်ဝဲကွန်မြူနစ်အယူအဆ တိုးပေါက်မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ပြည်မတွင် NLD အားကောင်းပြီး ပြည်နယ်များတွင် တိုင်းရင်းသားအဖွဲ့များ အားကောင်းနေရာ မည့်သည့်ဒေသ မည်သည့်နေရာတွင် PLA ထိုးဖေါက်နိုင်မည်ဆိုသည်မှာ  စိတ်ဝင်စားဖွယ်ဖြစ်သည်။ မြန်မာစစ်ဖက်သာမက လစ်ဘရယ်သမားများတွင်လည်း ကွန်မြူနစ်ဆန့်ကျင်ရေးအမြင်ရှိကြပေရာ လက်ရှိ NUG/ NUCC နှင့် PDF တို့မှ မည်သို့သဘောထားမည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ထို့ပြင် ဖက်ဒရယ်နှင့်ပတ်သက်၍ တခွန်းတပါဒမှမဟသည့် PLA အား ဖက်ဒရယ်သာမက၊ ကွန်ဖက်ဒရိတ်ပါတောင်းဆိုနေသည့် တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်အဖွဲ့များက မည်သို့သဘောထားမည်ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ နိုင်ငံရေးသံသရာ အပတ်ပတ်လည်နေသော မြန်မာပြည်နိုင်ငံရေး၊ လေဟာနယ်များရှိသောမြန်မာ့နိုင်ငံရေးတွင် ဇွဲခတ်သော ကွန်မြူနစ်များ တကျော့ပြန်ထိုးဖေါက်နိုင်မည်လော၊ တနေရာရမည်လောဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်တော့သည်။ ၂၀၁၁ ကစသည့် ပါတီစုံဒီမိုကရေစီတွင်တော့ ကွန်မြူနစ်များအတွက် နေရာမပေးခဲ့ပေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar