Breaking News

မစ္စတာဟွန်ဒါ - ညနေခင်းများ

မစ္စတာဟွန်ဒါ - ညနေခင်းများ
(မိုးမခ) နို၀င်ဘာ ၁၈၊ ၂၀၂၁

သိုင်းလေ့ကျင့်နေရင်း
အိပ်ပျော်သွားသူလို
အမြင့်ခုန်နည်း
ရေးဖြေအောင်တယ်
သူဖာသာနေတဲ့ညနေခင်းကို
တွန်းကြည့်မိတယ်
ကျလာနေတဲ့အမှောင်ကို
ခဲတံနဲ့ထောက်ထားကြည့်တယ်
မရပါဘူး
ခဲတံက အမှောင်ကိုစဆွဲနေပြီ
နေ့တနေ့ဟာ
ကိုယ်လုံးကိုယ်ပေါက်တစ်ခုဆို
အမှောင်က
အလှဆုံးအပိုင်းပဲ
ဘာမဆိုင် ညာမဆိုင်
အိတ်ဆိုင်မှာချိတ်ထားတဲ့
အိတ်တလုံးထဲမှာ
ဖေါင်းကားနေတဲ့ 
အဆာပလာတွေအကြောင်း 
တွေးနေမိတယ်
ဟိုးမှာပြန်ကွေ့လာနေတာ ကိုယ်လား
ပျော်ရွှင်ခြင်းကို ၂ နဲ့မြှောက်ကြည့်တော့
မျက်လှည့်ဆရာရဲ့ဦးထုတ်ထဲမှာ
ငှက်ဖြစ်လိုက်
နှင်းဆီပန်းဖြစ်လိုက်။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar