Breaking News

ရဲသျှမ်း- ရေဇလာ သင်ဖျာခင်းရင်းပေါ့


ရေဇလာ သင်ဖျာခင်းရင်ပေါ့.....
ရဲသျှမ်း
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၁


ကျွန်တော် ​​ ကေဇော်မိုးကို မဂ္ဂဇင်းစာမျက်နှာများကတစ်ဆင့် ရင်းနှီး တာပါ။ ကဗျာရေးကောင်းတဲ့ ကဗျာဆရာအဖြစ်ပေါ့။
၂၀၁၈ လောက်ကဖြစ်မယ်။ သူနဲ့ အဖော်တစ်ယောက်လမ်းဆုံဘူတာ မြို့ကလေးကို ကဗျာစကားဝိုင်းတစ်ခုအတွက် ရောက်လာကြပြီး ညနေဖက် ရထားနဲ့ မန္တလေးခရီးဆက်ဖို့ ဘူတာဆင်းလာတော့ လူချင်းဆုံဖြစ်တယ်။
သူ့ကျန်းမာရေးကိုလဲ သိသွားတာပေါ့။ ။
ကဗျာဆရာတွေ စကားပြေရေးလာတဲ့အခါ စကားလုံးတွေ အလွန်ပဲ အထာကျတယ်။ စာဖတ်သူကို ဆွဲဆောင်နိုင်တယ်လို့ ပြောရမယ်ထင်တယ်။ အခုလည်းပဲ ကေဇော်မိုးက စကားပြေတွေရေးလာပါတယ်။ ကျွန်တော်တို့ ကြိုဆိုတာပေါ့။ ဝမ်းမြောက်တာပေါ့။ စာကောင်းတွေ၊ ရသတွေ ဖတ်ရမှာကိုး။
စကားပြေရေးပြီဆိုတော့လည်း ကေဇော်မိုးက အားစိုက်မှုကောင်းတော့ လုံးချင်းတစ်အုပ်ကို ရသယဉ်စွန်းတန်းစာပေကနေ ထွက်သွားခဲ့ပြီ။ အခုလည်း ရေလုပ်သား(တံငါ) နောက်ခံ စကားပြေတွေ ပုဒ်ရေ(၂၀)တောင် အားပါးတရ ။ ၁၉၈၅ ခုနှစ်ကာလဝန်းကျင်မှာ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေ၊ သိမှတ်တာတွေ၊ ခံစားရတာတွေကို စုစည်းနိုင်ခဲ့ပါပြီ။
ကေဇော်မိုးကတံငါရွာကလေးကိုဖွဲ့တာ အလွန်ပဲလှပါတယ်။ ဘဝ ကိုနှလုံးသားနဲ့ စူးစူးနစ်နစ်ခံစားထားတာမို့သူ့ဇာတ်ကောင်ကိုသာအေး၊ ဇနီးသည် မခင်ဝင်း၊ သားလေးမောင်ကျော်မိုးတို့ကလည်းအင်မတန်ချစ်စရာကောင်းပြီး​ အေးအတူ ပူအမျှ မိသားစုလေးအဖြစ် မြင်လိုက်ရတယ်။ အဲ့ဒါ ကေဇော်မိုးရဲ့ လှပတဲ့ အနုပညာ၊ ပြီးတော့ စာနာစိတ်ပဲဖြစ်ပါတယ်။
အပုဒ်တိုင်းမှာတံငါလုပ်ငန်းနဲ့ဆိုင်တဲ့ သုတတွေကိုထည့်ပေးနိုင်တာလည်း စေ့စပ်သေချာမှုနဲ့လက်တွေ့ကျတဲ့ အသိတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ရိုးချယင်း မှာ ယင်းဖော်တဲ့အကြောင်း၊ ဂဏန်းပလိုင်းမှာလယ်ထဲဆင်းရင်းဂဏန်းတွေကို မြုံးထောင်တာပဲဖြစ်ပါတယ်။ မြံုးထောင်တဲ့အစာက ရေမြွေလို့ခေါ်တဲ့ ကနကုတ် တဲ့။ တစ်ချို့ကမြွေပတူတဲ့။ ကေဇော်မိုးရဲလေ့လာမှု၊ စေ့စပ်မှုကတကယ့်ကိုထဲထဲ ဝင်ဝင်ပါလား။
တော်သလင်းလရွာတဲ့မိုးက ငါးဆင်းမိုးတဲ့လေ။ မြစ်ဝကျွန်းပေါ်က ရွာကလေးအတွက်တော့ ငါးတွေလှိုင်လှိုင်ရတဲ့ရာသီပါပဲ။ လယ်ကန်သင်းတွေ ရေဖောက်ချရာကနေ ငါးတွေရတော့တာပဲ။ အချိန်(၃၀)တဲ့ ၊ မနည်းပါလား။ ကိုသာအေးတို့ကပ်ပါးရေလုပ်သားတွေအူစိုတဲ့ရာသီဖြစ်တယ်ထင်ပါရဲ့။
ကိုသာအေးက ငါးကိုရာသီအလိုက်မျိုးစုံရှာတတ်တာ သတိထားမိ ပါတယ်။ မြံုးထောင်တယ်၊ ငါးပက်တယ်၊ မျှင်ကိုဖွဲနုပက်ပြီးဖမ်းတယ်၊ ကွန်ပစ် ယ်၊ လေလံအောင်တဲ့ ပိုက်ရှင်ဆီမှာ အချိန်ပိုင်းဝင်လုပ်တယ်။ ကျားတဲ (ရေတစ်ဝက်၊ ကုန်းတစ်ဝက်ဆောက်ထားတဲ့ တဲကြီး) မှာလဲ ဝင်လုပ်တယ်။ မိုးနှောင်း ငါးရှားပြီဆို လက်ထွန်ပစ်တယ်၊ ဒီတောမှာတန်းခတ်တယ်၊ ပြာသို လဆန်း (၁၂)ရက်ကျော်တော့ ရေဖွေးဖွေးကရိုးပြတ်လယ်ကွင်းတွေဖြစ်ပြီး ငါးရှားလာပြီ။ သည်တော့ကျပန်းအလုပ်ဘဲကန်ဖော်တာလဲလုပ်ပြန်တာပါပဲ။

ကျွန်တော်ကေဇော် မိုးရဲ့ “ဓရဇလာသင်ဖျာခင်းရင်ပေါ့” အပုဒ်(၂၀)လုံး ကိုဖတ်ပြီးချိန်မှာ စာရေးသူတစ်ယောက်ရဲ့နှလုံးသားအကြည်ဓာတ်ကိုမြင်လိုက် ရတော့တာပဲ။ ပင်လယ်နဲ့နီးတဲ့ရွာကလေးတွေကိုလဲမြင်ယောင်မိပါတယ်။ကပ်ပါး တံငါရယ်လို့ အမည်ပေးခံထားရတဲ့ကိုသာအေးတို့ အင်းသူကြီးအိပ်မက်တွေ မက်နေမှာပါပဲ။
ဆရာကြယ်နီ၊ ဆရာမောင်သိက္ခာတို့ရဲ့ တံငါဝတ္ထုတွနှစ်သက်ခဲ့တဲ့ ကျွန်တော် ကေဇော်မိုးရဲ့ တံငါစကားပြေတွေဖတ်ပြီး ရသခံစားမှုနဲ့ သုတပါရတာမို့ဖတ်ပြီးတဲ့အခါ အာသာပြေကျေနပ်ရပါတယ်။ ရသကိုလုံးဝလျော့ကျမသွားအောင်ရေးတတ်တာကိုလဲ သဘောကျတယ်။ တစ်ခုပဲပြောစရာရှိတယ်။ စကားပြေကို စာ၊ စကား၊စကား ပြေရောထွေး ရေးတာကတော့ ဖတ်ရတာစနိုးစနောင့်ဖြစ်ရပါ တယ်။ စာ၊ စကားပြော၊ စကားကို ဆရာမင်းသစ်၊ ဆရာသော်တာဆွေတို့လဲ ရေးတတ်ပါတယ်။ ရေးတတ်တော့ စာဖတ်သူ သတိမထားမိလိုက်ဘူးလေ။
 ကေဇော်မိုးရဲ့ နောက်ထပ် စကား​ ပြေစာအုပ်သစ်များကို မျှော်နေပါတယ်။

  ရေဇလာ...စာအုပ်လေးကို အိပ်မက်သစ် စာပေ (09798173477) ကနေ ဖြန့်ချိပါတယ်။ တန်ဖိုး၂၅၀၀ ကျပ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar