Breaking News

မာတီနာ - Departure

Departure 
မာတီနာ
(မိုးမခ) မတ် ၁၂၊ ၂၀၂၄

ဆောင်းကျွတ်လုပြီ၊ နွေရာသီလည်းမပီတတ်သေး…။

တပို့တွဲလပြည့်ကျော်ဆိုပေမဲ့ ရန်ကုန်ကတော့ နွေရဲ့သရုပ်ကိုဖော်ကျူးနေပြီ။ သရက်ပင်တွေကအဖူးတွေပြည့်လို့။ တချို့ အဖူးစောတဲ့ အပင်တွေမှာသရက်ကင်းကလေးတွေတွယ်စပြုပြီ။ စိမ်းမှောင်မှောင် မဟော်ဂနီပင်တွေကဝါကျန့်ကျန့် အရောင်ကိုဆောင်နေပြီပေါ့။ ဗာဒံရွက်ပြားကြီးတွေကနီညိုရောင် ချယ်သလို့။ လေရူးမွေ့လိုက်တိုင်းအပင်တွေပေါ်က ခုန်ချ၊ ပြေးကြ လွှားကြနဲ့။ သူတို့တွေပျော်နေကြတာလား။ မိခင်အပင်ကြီးကိုစွန့်ခွာလာပြီးတဲ့နောက်မှာလေနှင်ရာလိုက်ပါရင်းလွင့်ပါးကြတဲ့ ရွက်ကြွေတွေ။ 
သဘာဝကြီးကတော့ သူ့သဘောသူဆောင်ပြီး ကြွေလိုက်၊ ဝေလိုက်၊ ပွင့်လိုက်၊ သီးလိုက်။ သဘာဝထဲကလူတွေလဲအတူတူပါပဲလေ။ စိတ်သဘောကသဘာဝနောက်မလိုက်ချင်ပေမဲ့ ဇီဝသဘောကတော့ ရပ်တန့်မနေလေဘူး။ လူကြီးတွေကအိုမင်းသွားကြ။ ကလေးလေးတွေကလူငယ်လေးတွေဖြစ်လာကြ။ လူငယ်လေးတွေကရော။  လူငယ်လေးတွေဘယ်ကိုရောက်သွားကြပြီလဲ။ ဘာတွေဖြစ်သွားကြပြီလဲ။ 

Departure ဆိုတဲ့ အစိမ်းရောင်စာလုံးကြီးရှိတဲ့ နံရံကိုနောက်ခံထားလို့ ဟိုနားတယောက်၊ ဒီနားတဖွဲ့၊ အမှတ် တရဓာတ်ပုံရိုက်နေကြတယ်။ ဗုဒ္ဓဂါယာဘုရားဖူးခရီးသွားမယ့်သူတွေက ယောဂီရောင် ဆင်တူဝတ်စုံတွေနဲ့။ အေဂျင်စီတခုခုရဲ့အစီအစဉ်နဲ့ တရားဝင် အလုပ်သွားလုပ်ကြမယ့်သူတွေက အနက်ရောင်ကုတ်အင်္ကျီတွေဝတ်လို့။ လေကြောင်းလိုင်းကောင်တာတိုင်းမှာ လူတန်းရှည်ကြီးဟာ ကိုယ်သယ်ယူမဲ့ ခရီးဆောင်အိတ်ကြီးငယ် ကိုယ်စီနဲ့။

မိသားစုတွေကိုနှုတ်ဆက်သူတွေကနှုတ်ဆက်လို့။ စက်လှေကားပေါ်တရွေ့ရွေ့လိုက်ပါသွားသူတွေကလည်းလက်တပြပြ။ တချို့က ထိုင်းတဲ့၊ တချို့က ဒူဘိုင်းတဲ့၊ တချို့က ကာတာ၊ တချို့က အမေရိကား၊ ဂျပန်၊ ကိုးရီးယား။ တချို့က အလည်တဲ့၊ တချို့က အလုပ်တဲ့၊ တချို့က ကျောင်းတက်တဲ့။ လိုက်ပို့သူတွေထဲမှာပါလာတဲ့ ကလေးတချို့ကတော့ ပြုံးပြနေတဲ့ အဘိုးကြီး KFC ကိုပဲကြည့်နေကြတယ်။ ဗိုက်ဆာလှပြီတဲ့လေ။ ကိုကိုတွေ၊ မမတွေ၊ ဦးလေးတွေ၊ ဒေါ်လေးတွေကိုလိုက်ပို့နှုတ်ဆက်ဖို့ မနက်အစောကြီးကတည်းက လူကြီးတွေနဲ့အတူ လိုက်ခဲ့ကြရတာကိုး။ 

“ရေမြေခြားသွားရတော့… မင်းလေးကိုထားခဲ့ရပြီပေါ့…မျက်ကွယ်ရာမှာကိုယ်စိတ်ချပါရစေ…” ။ အာဇာနည်ရဲ့ သီချင်းသံကဘယ်မှာမှ ဖွင့်မထားပေမဲ့လေဆိပ်ထဲမှာပဲ့တင်ထပ်နေတယ်။ နှစ်ကိုယ်ကြားတီးတိုးစကားဆိုနေတဲ့ မိန်းကလေးတွေဟာရေအိုင်မျက်ဝန်းတွေကိုကြိုးစားဖုံးကွယ်လို့ ။သားတွေအနားအားမငယ်ဖို့၊ အရာရာကိုရင်ဆိုင်ဖို့ အားပေးနေသူအမျိုး သမီးကြီးတွေကတော့ ဘာမှမဖြစ်သလိုမျက်နှာပေးနဲ့ ခပ်တည်တည်။ အဖေတွေ၊ သူငယ်ချင်းတွေကတော့ ဆန်းကျော်စွာဝင်းရဲ့ “ပြန်မလာနဲ့ ငါ့ကောင်” ကဗျာကိုအံကြိတ်၊ အသံတိတ်ရွတ်ဆိုနေကြမှာပဲ။ 

ဒါတွေက လေဆိပ်ကနေပေါ်ပေါ်ထင်ထင်သွားနိုင်တဲ့၊ နည်းနည်းပါးပါး ချေးငှားပေါင်နှံနိုင်တဲ့၊ စားရိတ်လောက် တတ်နိုင်တဲ့သူတွေပါ။ တချို့ကအရင်ကတည်းကအစီအစဉ်ရှိသူတွေ။ တချို့ကလတ်တလောပျာယီး ပျာယာ ထွက်ခွာကြသူတွေ။ ဗုဒ္ဓဂါယာဘုရားဖူးပုဂ္ဂိုလ်တွေကလွဲလို့ ကျန်တာလူငယ်တွေ။ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာနေ့တဝက်လောက် အချိန် ကုန်ခဲ့ပေမယ့် နိုင်ငံခြားသားရယ်လို့ တဦးတယောက်မှ မတွေ့မိတာတော့ အဆန်းသား။ အေးလေ။ Departure ကိုး။ Arrival ဘက်မှာတော့ ရှိကောင်းရှိမှာပေါ့။ 

လေဆိပ်အပြင်ဘက် ကားရပ်နားဝန်းထဲကဗာဒံရွက်တွေလည်း အနီရောင်ပြောင်းနေပြီ။ ခပ်လှမ်းလှမ်းကပိတောက်ပင်တွေလဲ အရွက်တွေ တဖွဲဖွဲကြွေလို့ အရိုးပြိုင်းပြိုင်း။ ယာဉ်အသွားအလာနည်းလှတဲ့  ခြောက်လမ်းသွားလမ်းမကြီးပေါ်မှာ တံလျှပ်တွေတရိပ်ရိပ်။ ဆောင်းအကုန်နွေအကူးဆိုပေမဲ့ အပူကပြင်းထန်ခဲ့ပြီ။ နေရောင်ကစူးရှနေပြီ။ သစ်ရွက်တွေကမြေပြင်ပေါ် တဖွဲဖွဲကြွေကျနေပေမယ့် လေယာဉ်တွေကတော့ ကောင်းကင်ပေါ်ကိုဝေါခနဲ၊  ဝေါခနဲ။ 
ဟိုးတုန်းကတော့ ဒီဥပဒေကိုတကယ်ကျင့်သုံးရင် ကောင်းမှာပဲလို့ တွေးခဲ့ဖူးတယ်။ ထိုင်ခုံမှာလျော့ရိလျော့ရဲထိုင်ပြီးဂိမ်းဆော့နေကြတဲ့ ပြောမရဆိုမရလူငယ်လေးတွေကိုတောင့်တောင့်တင်းတင်း၊ တာဝန်သိသိလူကြီးတွေဖြစ်စေချင်ခဲ့တာကိုး။ ဒါပေမဲ့ ဘယ်တော့မှ ကျင့်သုံးမှာမဟုတ်ဘူးလို့ လဲသိခဲ့ဖူးပါရဲ့။ပေါင်းစပ်လို့မှ မရနိုင်ဘဲလေ။

ခုတော့ဖြင့် ဒီဥပဒေအသက်ဝင်ပါပြီလို့ ကြေညာလိုက်ကတည်းက အနာ ဂတ်ပျောက်ပြီးသားလူငယ်လေးတွေမှာ ပစ္စုပ္ပန်ပါ မရှိတော့ဘူး။ ခံစားဖူးမှကိုယ်ချင်းစာမယ်ဆိုတဲ့ စကားလုံးဟာနားထဲတဝဲလည်လည် ရောက်လာပြန်တယ်။ ဒီစကားကဟိုးတုန်းက HIV ပိုးသယ်ဆောင်ထားသူတယောက်ကဝန်ဆောင်မှုပေးသူကိုပြောတဲ့စကား။ ခုတလောမှာအဲဒီစကားလုံးကတဝဲလည်လည် ဖြစ်တာမကြာခဏပဲလေ။ 

စစ်ကြောင်းထိုးလာတဲ့ အခါ ရွာကလူတွေသာမကကြက်တွေဝက်တွေခွေးတွေပါ ပြေးကြတယ်ဆိုတာမျိုးလဲတကယ် ကိုယ်ချင်းစာမိခဲ့ပြီ။ 
ဘယ်လောက်ပဲသစ်ဝါးပေါလည်း အိမ်ကြီးအိမ်ကောင်းမဆောက်နိုင်ဘူး၊ ပစ်ပြေးရတာ၊ မီးရှို့ခံရတာဆိုတာမျိုးလည်းကိုယ်ချင်းစာမိခဲ့ပြီ။ တအာင်း (ပလောင်) ကလေးလေးတွေမြေပြန့်ကိုပို့ပြီး ကိုရင်၊ သီလရှင် ဝတ်ခိုင်းထားတာကိုလည်း ကိုယ်ချင်းစာတတ်ပြီ။ အိမ်ထောင်ကိုစောင့်ရှောက်မယ့်ယောက်ျားတယောက်ရှိရင် ကျန်ယောက်ျားလေးစစ်မှုထမ်းရမှာမို့ သားသမီးအရွယ်ရောက်တာနဲ့ အိမ်ထောင်ချပေးလိုက်တဲ့၊ တအိုးတအိမ်ထူ ထောင်ပေးလိုက်တဲ့ ဓလေ့တွေကိုကိုယ်ချင်းစာတတ်ပြီ။ 

ရပ်ကွက်ထဲမှာတွေ့နေကြအလုပ်သွားအလုပ်ပြန် မိန်းကလေးတွေ မရှိကြတော့ဘူး။ တရုတ်ပြည်ဘက်ကအထည်ချုပ်လုပ်ငန်းတွေဆီ သွားကြသတဲ့။ ကြက်သားသည် အမကြီးဘေးမှာကူညီပေးနေလေ့ရှိတဲ့ လူငယ်လေးကို မတွေ့တော့ဘူး။ အသုပ်စုံရောင်းတဲ့ အန်တီရဲ့သားက မလေးရှားကိုသွားလိုက်ပြီမို့  အိမ်အရောက်ပို့မပေးနိုင်တော့ပါဘူးတဲ့။ မုန့်ဟင်းခါးသည်လေးကတော့ ကျွန်တော် ၃၅ နှစ်ပြည့်ပြီးသွားပြီအမလို့ပြောရင်းသက်ပြင်းချလေရဲ့။ ဆေးဆိုင်ဖွင့်ထားတဲ့ လူငယ်စုံတွဲလေးက အင်ဂျင်နီယာကောင်လေး သင်္ဘောပြန်တက်တော့မှာမို့ ကျန်ရစ်ခဲ့ရမယ့်ချစ်ဇနီးအတွက် အဖော်အလှော်ရှာနေတယ်။ နံနက်တိုင်းစံပယ်ပန်း၊ ရွှေပန်း၊ ငွေ ပန်းလိုက်ပို့နေသူကအသက်ကြီးကြီးအမျိုးသမီးတယောက် ဖြစ်သွားပြီ။တိုက်ခန်းကျဉ်းရဲ့ ဝရံတာမှာထီးတည်းထိုင်နေတဲ့ အဘိုးဟာ လမ်းပေါ်ကိုအဓိပ္ပာယ်မဲ့ ငေးမောလို့။  အဘွားအိုကတော့ ဘုရားမှာသောက်တော်ရေချမ်းကပ်ရင်း ရေခြားမြေခြားကသားသမီးတွေအလုပ်အကိုင်အဆင်ပြေစေကြောင်း ဆုတောင်းမေတ္တာ ပို့တယ်။ သက်လတ်ပိုင်းအမျိုးသမီးတွေရဲ့မျက်ခုံးနှစ်ခုကြားကအရေးအကြောင်းဟာ ပိုလို့ ပိုလို့ နက်ရှိုင်းလာနေတယ်။ ကြုတ်ထားမိတဲ့ မျက်မှောင်ကိုဖြေဖို့ မေ့နေကြပြီ။ 

အသက်ပေးသွားကြတဲ့လူငယ်တွေ။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဝင် ပေါက်တွေမှာတိုးကြိတ်နေတဲ့ လူငယ်တွေ။ တရားမဝင်လမ်းကြောင်းကနေဝင်လို့ အဖမ်းခံရတဲ့ လူငယ်တွေ။ မကြာခဏ ကြားလာရတဲ့ လူပျောက် ကြော်ငြာတွေ။ ရပ်ကွက်ထဲမှာတဖြည်းဖြည်းနည်းလာတဲ့ လူငယ်တွေ။ ငါတို့လူငယ်တွေရဲ့ ပခုံးပေါ် ဘာတွေတင်ပေးမိနေတာလဲဆိုတဲ့ အတွေးက အမြဲနှိပ်စက်လေတော့ ညတာတွေဟာ ရှည်လျားလွန်းလှတယ်။ 

လူငယ်တွေမပျော်တဲ့ နိုင်ငံလို့ ညီမလေးတယောက်ကပြောတော့ လူကြီးတွေလည်းမပျော်၊ ကလေးတွေလည်းမပျော်၊ ဘယ်သူမှ မပျော်တဲ့ နိုင်ငံလို့သာ ရေရွတ်မိတာပါပဲလေ။ 

မာတီနာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar