Breaking News

နီမျိုးထက် - လက်ဖက်ရည်တခွက်၏ဗီဇဆိုင်ရာနီးဝေးမြင်ကွင်းများ

Image- Crd

လက်ဖက်ရည်တခွက်၏ဗီဇဆိုင်ရာနီးဝေးမြင်ကွင်းများ
နီမျိုးထက်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၁

(၁)

ငါတို့ လမ်းထိပ်
ဘတ်စ်ကားဂိတ်ကို မေးတင်ကြည့်နေတဲ့
လက်ဖက်ရည်ဆိုင်လေးမှာ
ငါ နေ့စဉ် သွားသွားထိုင်ဖြစ်နေတာ
ပျင်း၍ မဟုတ်ပါ ။
ငါ့ရဲ့ လက်ဖက်ရည်တခွက်စာ အတွေးမှာ
ငါငေးကြည့်နေတဲ့ မြင်ကွင်းမှာ
အနာဂတ်ပျောက်နေတဲ့ မနက်ဖြန်များရဲ့ 
လူမှုဘဝရှု့မျှော်ခင်းများ ပါတယ်။
တနည်းအားဖြင့်
ငါ လက်ဖက်ရည်ဆိုင်ထိုင်တယ် ဆိုတာ
ငါ့ အလုပ် ငါလုပ်နေတာပါပဲ ။         

(၂)

လမ်းက ရှိပြီးသား
မသွားလို့  . . . ။
တွေးရင်း၊ ငေးရင်း
လေကန်ရင်း၊ အာလူးဖုတ်ရင်း
လွတ်နေသော စားပွဲများပမာ
လွတ်နေသော မျှော်လင့်ချက်မဲ့မှုများ
နေရာကျပါစေ . . .
ဖြေစရာရကြပါစေ ။    
      
(၃)

နေရောင်ဟာ 
လက်ဖက်ရည်ဆိုင်ထဲရောက်တော့
အရိပ်တောင် ပါမလာတော့ဘူး ။
စစ်တုရင်ကစားသူများ
နှစ်လုံးထီသမားများ
အငှားယာဉ်မောင်းများ
ဆိုင်ကယ်ကယ်ရီများ
ငါတို့လမ်းထိပ်က ထွက်သွားတဲ့ ခရီးများ ။
ဟိုက်ဝေးဘတ်စ်ကားတွေပေါ်က 
တားမြစ်ပိတ်ပင်ထားတဲ့စာသား
သွား သတိရတယ်
" ရောက်မယ့်အချိန်ကို မမေးပါနဲ့ " ။
ငါ့ လက်ထဲက စီးကရက်ကို
ငါ မီးညှိလိုက်ပြီ ။    
   
(၄)

အရိပ်ကျနေသော အရောင်မှာ
ပိုက်ဆံကလွဲရင် ဘာမှမမြင်သူများ
မိမိအဆင်ပြေရေးတခုသာ သိသူများ
ဘယ်အပေါက်က ဝင်ရမလဲ 
ချောင်းမြောင်းနေသူများ
အခွင့်အရေးမှာ ရုတ်ချည်ပျံထွက်သွားတတ်တဲ့ အတောင်ပံတွေပါတယ် ဆိုလားပဲ ။
ကွမ်းတယာကို ဝါးရင်းထွေးထုတ်
လာဗျာ . . .
လက်ဖက်ရည်သောက်ဦး
ခင်ဗျားလည်း 
မြင်လို့ မကောင်းဘူး မဟုတ်လား။     
  
(၅)

ဖိလစ်ပိုင်မျိုးချစ်သူရဲကောင်း ဂျိုဆေးရီဇော် အတ္ထုပ္ပတ္တိစာအုပ်ထဲက သူရဲ့
"နောက်ဆုံးနှုတ်ခွန်းဆက်လွှာ"ဆိုတဲ့
ကဗျာရှည်ကို ကူး‎ရေးမိတဲ့ အချိန်မှာ
ငါဟာ 
ဆယ်ကျော်သက်လူငယ်လေးတယောက်ပါ ။
မုန်တိုင်မကျမီ လေပြေ
ကျန်ရစ်ခဲ့သော အတိတ်နေ့များ
မင်းတို့ကိုလည်း
ငါ မမေ့ခဲ့ပါဘူး  ။         
ရေဟာ စီးဆင်းခြင်းဆိုတဲ့ 
သူ့ရဲ့ ဗီဇကို
ဘယ်တော့မှ စွန့်မပစ်သလိုပေါ့ ။      

(၆)

ငါ့ ကြေကွဲမှုပုံရိပ်များ
ဟိုကောင်မလေးရဲ့ အိမ်နားမှာ တင်ဆက်ခဲ့စဉ်
မြွေတကောင်နှယ် အနက်ရောင်လမ်းမ
အခုနေ ပြန်တူးဖော်ကြည့်ရင်
ငါ့ရဲ့ လူငယ်ဘဝ 
ကျောက်စာတချပ်ကို တွေ့ရမယ် ။
ဘယ်သူ့ တိုင်တည်ရမှန်းမသိတော့တဲ့
အလွမ်းရဲ့ ဖြစ်တည်မှု
သင်ရိုးအတိုင်း မကျက်မှတ်ခဲ့
အဲဒီတုန်းက တိမ်တွေကို မမေ့ခဲ့
လေကို ထိုးခွဲသွားတဲ့မြား
ငါဟာ ပစ်မှတ်ပမာ တုန်ခါကျန်ရစ်ခဲ့ ။         
  
(၇)

ဘတ်စ်ကားတွေ
တစီးပြီးတစီး ထိုးဆိုက်လာ
အိမ်ပြန်ချိန်များ ။
ညနေခင်းဟာ
မကျက်တကျက် အသားတတုံး
မုန့်လုံးစက္ကူကပ်သလို စကားလုံးများ
ဘာကိုမှ သိပ်ဂရုမစိုက်တဲ့
ဂျင်းဘောင်းဘီတထည်ရဲ့ အိပ်ကတ်ထဲ
မနက်ဖြန်တွေဟာ ကြေမွ ။
ဟိုတုန်းက လမ်းမဟာ
အခုလောက် ကားတွေမများခဲ့ဘူး ။
ဟိုတုန်းက ခရီးတွေ
သတိရလာတယ် ။          

(၈)

အောင်းဆန်းစာတိုက် ရုံးခန်းနံရံများ
ဘူတာရုံလမ်းထဲက ဇော်ကေတို့အိမ်
ကျန်းမာရေးမှူးကျောင်း စားဖိုဆောင်
ငါးခန်းတွဲ ဘောလုံးကွင်းထဲက လသာသာညများ
ရွာသစ်က မင်းမင်းတို့အိမ် အပေါ်ထပ်
ဂေါက်ကွင်းထဲက နေဝင်ဖျိုးဖျများ
သိန်းမျိုးတို့အိမ်နားက ချဉ်ပေါင်ခြံ
ဗန္ဒာကဖေးဆိုင်ရဲ့
တစ်နေ့တာ ပြဇာတ်ထဲက ဇာတ်ဝင်ခန်းများ ။
တာဝန်ကျေပွန်သူ
စာပို့လုလင်လေးတယောက်ရဲ့
ကျွံကျခဲ့သော အတိတ်နေ့ရက်များ
" တိမ်တွေပေါ်မှာ လွင့်နေတယ်လေ " ။         

(၉)

အဲဒီတုန်းက
အောင်ဆန်းစာတိုက်ရုံခန်းလေးထဲကနေ
အချိန်မရွေး ဂစ်တာတီးခတ်သံကို 
ကြားရလိမ့်မယ် ။(ရုံးချိန်မှလွဲ၍)
အဲဒီတုန်းက
အဲဒီနေရာ အဲဒီဒေသဟာ
ငါ့အတွက် အောင်မြေလည်းဖြစ်ခဲ့
မုန်တိုင်းက တစစီ ဆွဲစုတ်ခဲ့တဲ့ 
ငါ့ အသည်းကွဲရာ နေရာလည်း ဖြစ်ခဲ့တယ် ။
နံနက်ခင်း နှင်းစက်များမှာ ရှာကြည့်တယ်
အောက်မင်္ဂလာဒုံလမ်းမပေါ်မှာ ရှာမိတယ်
ဗန္ဒာကဖေးဆိုင်လေးကိုလည်း ရှာကြည့်တယ်
ဟိုကောင်မလေးအိမ် ရှိခဲ့ရာ 
ခြံဝန်းကြီးကို ငေးမိတယ်
" ဟိုတုန်းက " ဆိုတဲ့ 
ကဗျာတပုဒ်ကို ချရေးလိုက်ဖြစ်တယ် ။         ။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar