Breaking News

ကောင်းဇေလူ - တရုတ်ရဲ့ နဲ့ အာဆီယံရဲ့ နိုင်ငံရေးထောင်ချောက်ထဲ မကျရောက်ရေး

ကောင်းဇေလူ - တရုတ်ရဲ့ နဲ့ အာဆီယံရဲ့ နိုင်ငံရေးထောင်ချောက်ထဲ မကျရောက်ရေး

(မိုးမခ) ဒီဇင်ဘာ ၂၆ ၊ ၂၀၂၃


စစ်အာဏာရှင်စနစ်နိဂုံး နှစ်ထောင့်နှစ်ဆယ့်သုံးလို့ နွေဦးတော်လှန်ရေးဘက်က ပြည်သူတွေကြွေးကြော်ခဲ့ကြတယ်။ ၇၅ ရာခိုင်နှုန်းလောက် ပြည့်မီခဲ့တယ်လို့ ယေဘုယျသုံးသပ်ခဲ့ကြတယ်။ လက်ရှိအခြေအနေမှာ ညီနောင် ၃ ဖွဲ့နဲ့အတူ တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ထိုးစစ်တွေကြောင့် အကြမ်းဖက်စစ်တပ် ဖရိုဖရဲဖြစ်နေတာ ကမ္ဘာသိပါပဲ။ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လနီးပါးရှိချိန်မှာ စစ်တပ်စခန်းကြီးငယ် ၃၀၀ နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ရုံမက  ရှမ်းမြောက် ဒေသက အရေးပါတဲ့ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တွေကိုပါ ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ထားနိုင်ခဲ့တယ်။

၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့ မှာ  ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေးဟာ ရပ်တန့်သွားမှာမဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက်ဆင်နွှဲသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ စစ်အုပ်စု ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီး တစ်ခု ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ညီနောင် ၃ ဖွဲ့ အနေနဲ့ လုံးဝ  လျစ်လျူရှုပြီး နောက်ပြန်လှည့်သွားမှာ မဟုတ်ကြောင်း၊ လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူတရပ်လုံး စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို သိရှိပါကြောင်း၊ တော်လှန်ရေးဆင်နွှဲမှု ရပ်တန့်သွားဖို့မရှိတဲ့အတွက် ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ ညီနောင် ၃ ဖွဲ့အနေနဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာ ကို မြန်မာပြည်သူ တရပ်လုံးနဲ့ လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရတယ်။

အဆိုပါ ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်ပစ်နိုင်ရေးကိစ္စမှာ ညီနောင် ၃ ဖွဲ့အနေနဲ့ နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ ဆိုလိုခြင်းဖြစ်တယ်။ ဒါတင်မက အခြေအနေအကြောင်းကြောင်းကြောင့် စစ်အုပ်စုနဲ့ ဆွေးနွေးရသည့်တိုင် သိပ်အများကြီး စိုးရိမ်စရာမရှိဘူးလို့ ဆိုလိုပုံရပါ တယ်။ အခြေအနေအရ တရုတ်ရဲ့ ဖိအားကြောင့် စစ်အုပ်စုနဲ့ ဆွေးနွေးရတာပါလို့ ညီနောင် ၃ ဖွဲ့က ပြောချင်ပုံ ရပါတယ်။ တွေ့ဆုံရသည့်တိုင် စိုးရိမ်စရာ မရှိဘူးလို့ ကောက်ယူနိုင်တယ်။ 

တရုတ်ဟာ မြန်မာပဋိပက္ခမှာ ဘက်အသီးသီးတို့ ဆွေးနွေးအဖြေရှာဖို့၊ ၂၀၀၈ အခြေခံဥပဒေအောက် ပြန်သွားကြဖို့၊ တောက်လျှောက်တိုက်တွန်းနေတယ်။ လတ်တလော ညီနောင် ၃ ဖွဲ့ကို အပစ်ရပ်ဖို့ ဖိအားပေးနေတဲ့ သဘောက အကြမ်းဖက်စစ်တပ် အရေးမလှတော့ဘူးဆိုတာကို သိတာကြောင့်လည်း စိုးရိမ်နေပုံပေါ်တယ်။ အကြမ်းဖက် စစ်တပ်နဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ဆေးမြီးတိုနဲ့ မြန်မာ့အရေးကို တရုတ်က ဖြေရှင်းလိုပုံရတယ်။ တရုတ်ဟာ သူ့ကိုယ်ကျိုးကလွဲလို့ မြန်မာ့အရေးအတွက် ကောင်းရာကောင်းကြောင်း စဉ်းစားမှာ မဟုတ်တာ သေချာတယ်။ သမိုင်းအတွေ့အကြုံအရ မြန်မာ တိုင်းရင်သား အများစုကြီးကလည်း တရုတ်ရဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒကို နောကျေနေကြပြီဖြစ်တယ်။ ဒါကြောင့် အခြေအနေအရ တရုတ်ရဲ့ ဖိအားကို ညီနောင် ၃ ဖွဲ့ အနက် MNDAA ကသာ အကန့်အသတ်နဲ့ လက်ခံလိုက်ပုံရတယ်။ ညီနောင် ၃ ဖွဲ့ရဲ့ လတ်တလော ထုတ်ပြန်ချက်အရ ယာယီ ဖြေရှင်းမှုသဘောဆောင်ပါတယ်။ 

အခြားတဖက်မှာ လာအိုနိုင်ငံက ၂၀၂၄ အတွက် အာဆီယံဥက္ကဋ္ဌ နေရာကို တာဝန်လွှဲပြောင်းယူတော့မှာ ဖြစ်တယ်။ မြန်မာ နိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမှာကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စိုးရိမ်နေကြတယ်။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် နိုင်ငံခြားသားတွေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသားတွေ အပါအဝင် အရပ်သားအများအပြား စစ်ရှောင်ထွက်ပြေးနေကြရတယ်။ သူတို့နိုင်ငံသားတွေ အန္တရာယ် ကင်းစွာ နေရပ်ပြန်ရောက်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့ကြတာတွေ့ရတယ်။

လာအိုနိုင်ငံကို အာဆီယံဥက္ကဋ္ဌနေရာ လွှဲပြောင်းရေးအတွက် ပြင်ဆင်မှုတစ်ခုအနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ကောင်ကင်မ်ဟွန်းက နိုဝင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ လာအိုနိုင်ငံကို သွားရောက်ခဲ့တာ တွေ့ရတယ်။

လာအိုနိုင်ငံ ဝန်ကြီးချုပ်ဆီဖန်းဒွန် အပြင် အဓိကျတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုတယ်။ လာအိုနိုင်ငံရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်း အဆင်ပြေ ချောမွေ့စေရေးနဲ့ လိုအပ်တာတွေ ကူညီထောက်ပံ့နိုင်ရေးအတွက် အာဆီယံနိုင်ငံရေးဆိုင်ရာ လုံခြုံရေး၊ စီးပွားရေးတို့အပြင် လူမှုရေး-ယဉ်ကျေးမှု-လူ့အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍတွေအတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုတယ်။ 

The Phnom Penh Post သတင်းစာရဲ့ အဆိုအရ အကြမ်းဖက်မှု လုပ်ရပ်တွေအားလုံးကို ချက်ချင်းရပ်တန့်ပြီး အတတ်နိုင် ဆုံး ထိန်းသိမ်းပြီး နောက်ဆုတ်ကြဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ အရပ်သားများ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လိုအပ်တာတွေအားလုံး ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကို တောင်းဆိုပါတယ်လို့ အာဆီယံထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုတယ်။ 

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရှုတ်ချပြီး ပိုမိုဆိုးရွားလာနေတဲ့ အကြမ်းဖက်မှုတွေကို အရေးယူ ဆောင်ရွက်ကြဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့က တိုက်တွန်းခဲ့တာ တွေ့ရတယ်။ ဖိလစ်ပိုင်သမ္မတဟာ အာဆီယံ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ ရောက်ရှိနေချိန်မှာ ပြောခဲ့တာဖြစ်တယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို အသေကိုင်ထားကြပြီး၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လည်း စူးစူးစိုက်စိုက် အာရုံပြုမှု မရှိကြဘူး။ မြန်မာပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခအမျိုးမျိုးကိုလည်း စာနာမှု နည်းပါးကြတာ တွေ့ရတယ်။ ပြဿနာရဲ့ အရင်းအမြစ်က စစ်အာဏာရှင်စနစ်ဆိုတာ ထင်ထင်ရှားရှား မြင်နေကြပါလျက်နဲ့ မသိကျိုးကျွံပြုနေကြတယ်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အောင်ပွဲခံသွားမှာကို တရုတ်နဲ့ အာဆီယံနိုင်ငံတွေ လိုလာကြပုံ မပေါ်ဘူး။ ဒါကြောင့် စစ်အာဏာရှင်ကို နိုင်ငံရေးစင်မြင့်ပေါ် ပြန်တက်နိုင်အောင် ပရိယာယ်အမျိုးမျိုးနဲ့ ကူညီနေကြတယ်။ ဒီအထဲမှာ ငြိမ်းချမ်းရေး စားပွဲဝိုင်းဆိုတဲ့ မျက်လှည့်ပွဲကို ထပ်တလဲလဲ တိုက်တွန်းတောင်းဆိုနေကြတယ်။ 

“ပိုဆိုးလာတဲ့ အကြမ်းဖက်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အသိအမှတ်မပြုဘဲ ကျနော်တို့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ဆွေးနွေးလို့ မရပါဘူး” လို့ ဖိလစ်ပိုင်သမ္မတ ပြောကြားပုံကို ကြည့်ရင် သိနိုင်တယ်။ 

ဒါ့အပြင် မားကို့စ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂယန္တရား၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်တာ၊ ဘုံသဘောတူညီချက် ၅ ရပ်တို့နဲ့အညီ မြန်မာနိုင်ငံမှာ တိုးပွားလာနေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လည်း ဆိုတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေဟာ စက္ကူကျားတွေသာဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေက လက်တွေ့ကျကျ သိထားကြတဲ့အတွက် ဘာအဖြေမှ ထွက်လာအောင် စွမ်းဆောင်နိုင်ဖွယ် မမြင်ပါဘူး။ 

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ မဏ္ဍိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA/TNLA/AA ညီနောင်သုံးဖွဲ့၊ KNU၊ KIO/KIA၊  CNF၊ KNDF၊ စသည်တို့ အပါအဝင်   တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ PDF အဖွဲ့များ၊  NUG ၊ CRPH အစရှိတဲ့ အဖွဲ့ပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုအင်အားဟာ မျက်မှောက် တော်လှန်ရေးအောင်မြင်မှုအတွက် ပင်မရေစီး ဖြစ်တယ်။ ဒါကြောင့် အရေးအကြီးဆုံးအချိန်မှာ သွေးစည်းညီညွတ်မှု အခိုင်မာဆုံးအနေအထားကို ပြသကြရပေလိမ့်မယ်။ 

အာဆီယံအနေနဲ့ တရုတ်အစိုးရရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်လိုမှု သဘောထားအပေါ် ထောက်ခံမှာ သေချာပါတယ်။ အကြောင်းကတော့ အာဆီယံကိုယ်တိုင်က ဘာမူဝါဒမှ တိတိကျကျ မရှိပါဘူး။ စစ်ကောင်စီက ဝေဝေ၀ါးဝါး သဘောတူသယောင် ပြုထားတဲ့ အာဆီယံမူ ၅ ရပ်ကိုပဲ တရားသေ ဆုပ်ကိုင်ထားတာက လွဲလို့ တခြားအကြံကောင်း အစီအစဉ်ကောင်းလည်း အာဆီယံမှာ မရှိတာ မြင်သာပါတယ်။ တရုတ်အစိုးရအနေနဲ့ ညီနောင် ၃ ဖွဲ့ကို ဖိအားပေး ဆွေးနွေးစေဖို့ကိစ္စကို တာဝန်ယူထားတာ တွေ့ရတယ်။ အာဆီယံက NUG နဲ့ CRPH အပါအဝင် တခြား တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးခွင့်ရအောင် လုပ်ဆောင်နေပုံရတယ်။ 

တရုတ်အစိုးရရဲ့ မြန်မာ့အရေး ရပ်တည်ချက်က ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်ရောက်ရေးပါပဲ။ သူ့ကိုယ်ကျိုးစီးပွားအတွက် မင်းအောင်လှိုင်စစ်အုပ်စု သက်ဆိုးရှည်ရေးပါပဲ။ အာဆီယံကလည်း အာဆီယံမူ ၅ ချက်အရ ကျားသေကို ပြန်အသက်သွင်းရေးပါပဲ။ လိုရင်းပြောရရင် တရုတ်နဲ့ အာဆီယံဟာ မြန်မာပြည်သူတွေကို ချနင်းဖို့၊ နွေဦးတော်လှန်ရေးကို မှေးမှိန်စေဖို့၊ မြန်မာ့သယံဇာတတွေနဲ့လူသားအရင်းအမြစ်တွေကို လက်တဆုံး နှိုက်စားကြဖို့သာ စိတ်ဝင်စားနေကြတယ်။ ဒါကြောင့် တရုတ်နဲ့ အာဆီယံဆီက ဘာအကူအညီမှ မမျှော်လင့်နဲ့။ သူတို့ နိုင်ငံရေးလှည့်ကွက် ထောင်ချောက်ထဲလည်း မဝင်မိစေနဲ့လို့ အချင်းချင်း သတိပေးနှိုးဆော်ကြဖို့လိုတယ်။ 

အမေရိကန်ပြည်ထောင်စုက သူ့ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေပုံပါပဲ။ ဥရောပသမဂ္ဂ ဆိုတဲ့ အနောက်အုပ်စုကတော့ နွေဦးတော်လှန်ရေး အောင်မြင်မှုတွေအပေါ် စိတ်ဝင်စားမှု နည်းနေတာတွေ့ရတယ်။ ယူကရိန်းကိစ္စ အကြောင်းပြချက်နဲ့ မြန်မာ့အရေးကို သာမန် စီးပွားရေးပိတ်ဆို့မှုလောက်သာ လုပ်နေတယ်။ ကုလသမဂ္ဂကတော့ မြန်မာပြည်သူတွေ  သိန်းနဲ့ချီ သေကျေအနာတရဖြစ်သည့်တိုင် အလွန်စိုးရိမ်ကြောင်းလောက်သာ ကြေညာချက်ထုတ်နေတတ်တာကလွဲလို့ ဘာမှ မည်မည်ရရ မလုပ်နိုင်ရှာပါဘူး။

 ဒီတော့ မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အတွက် ပြည်သူလူထုတရပ်လုံး သွေးစည်းညီညွတ်ကြရမှာ ဖြစ်တယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ အသိစိတ်ဓာတ် ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး သွေးကြွေးကို မဆွေးနွေးဘဲ ဆက်လက် တိုက်ပွဲဝင်ကြမှသာ အောင်ပွဲရပေလိမ့်မယ်။ တော်လှန်ရေးအတွက် အသက်တွေ၊ ဘဝတွေ၊ အိပ်မက်တွေကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြတဲ့ မျိုးဆက်သစ် လူငယ်ရဲဘော်အပေါင်းရဲ့ ယုံကြည်ချက်တွေကို သစ္စာမဖောက်ဖျက်မိကြဖို့လည်း သန္နိဋ္ဌာန်ချသင့်ပါတယ်။ 

တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နဲ့အညီ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်စေဖို့ အားစိုက်ကြရ ပါလိမ့်မယ်။ ဒါမှသာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး အကောင်အထည် ဖော် တည်ဆောက်ရေး လမ်းစပေါ်လာမှာ ဖြစ်တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar