Breaking News

ကိုကျော် (မြစ်ကြီးနား) - ကိုဗစ်ကာကွယ်ဆေး အသစ်တစ်မျိုး ဖြန့်ချိဖို့ အသင့်ဖြစ်နေပြီ

ကိုကျော် (မြစ်ကြီးနား) - ကိုဗစ်ကာကွယ်ဆေး အသစ်တစ်မျိုး ဖြန့်ချိဖို့ အသင့်ဖြစ်နေပြီ 
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၁

ကိုဗစ်ကာကွယ်ဆေး အသစ်တစ်မျိုး ကမ္ဘာအနှံ့ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးမျိုးက လက်ရှိအောင်မြင်နေတဲ့ ကာကွယ်ဆေးတွေရဲ့နေရာမှာ အစားထိုးသွားမှာမဟုတ်ပေမဲ့ ကပ်ရောဂါကာလအတွင်း အထူးသဖြင့် ကာကွယ်ဆေးများ မလုံလောက်တဲ့ တိုင်းပြည်များအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်ဆေးအသစ်က protein subunit vaccines လို့ခေါ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုကို ထိုးသွင်းပေးတာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ပြောရမယ်ဆိုရင် spike protein လေးဖြစ်ပြီး ဆဲလ်တွေထဲဝင်ရောက်နိုင်ဖို့ ကိုဗစ်ပိုးရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

protein subunit ကာကွယ်ဆေးအမျိုးအစားရဲ့ အဓိကအားသာချက်တစ်ခုကတော့ ဆေးအာနိသင် အတော်တည်ငြိမ်မှုရှိပြီး အခဲခန်းထဲမှာ သိုလှောင်ထားစရာ မလိုအပ်ပါဘူး။ သာမန်ရေခဲသေတ္ထာနဲ့ဆို လုံလောက်တာကြောင့် သယ်ယူဖြန့်ချိရေးအတွက် အတော်လွယ်ကူသွားမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ဖို့အတွက် အမေရိကန်အစိုးရမှ ဘီလီယံပေါင်းများစွာ အကုန်ကျခံခဲ့တဲ့ Operation Warp Speed စီမံကိန်းတုန်းက နည်းပညာ ၃ မျိုးကို ရွေးချယ်ခဲ့ပါတယ်။ mRNA နည်းပညာကို Pfizer နဲ့ Moderna၊ viral vector နည်းကို Johnson & Johnson တို့ကအသုံးပြုခဲ့ပြီး၊ Sanofi နဲ့ Novavax တို့က protein subunit ကာကွယ်ဆေးအမျိုးအစား ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ ပထမ နည်းပညာနှစ်မျိုးက အောင်မြင်ခဲ့ပြီး အမေရိကန်နဲ့ ကမ္ဘာအနှံ့မှာ ကာကွယ်ဆေးအရေအတွက် ဘီလီယံများစွာ ရောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက Novavax ကုမ္ပဏီက သူတို့ရဲ့ protein subunit ကာကွယ်ဆေး မကြာခင်ထွက်လာတော့မယ်လို့ ပြောခဲ့ပါတယ်။ 

"ကျနော်တို့မှာ လူအင်အားအမြောက်အများနဲ့ ကာကွယ်ဆေးကိုထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနှစ်အကုန်မှာပဲ ကာကွယ်ဆေးတွေ အများကြီးထွက်လာပါမယ်၊ ၂၀၂၁ ခုနှစ်မှာ အရေအတွက် ၂ ဘီလီယံကျော် ထွက်လာမယ်လို့ ယုံကြည်ထားပါတယ်" လို့ Novavax သုတေသနနဲ့ဖွံ့ဖြိုးရေးဌာ ဥက္ကဌ Gregg Glenn ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစမ်းသပ်မှုလုပ်တဲ့အခါ မျှော်လင့်ထားတာထက် အချိန်ကြန့်ကြာခဲ့ပြီး ထုတ်လုပ်မှုအပိုင်းမှာလည်း အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ Sanofi ကုမ္ပဏီကလည်း သူတို့ရဲ့ protein subunit ကာကွယ်ဆေးထုတ်လုပ်မှုမှာ ပြဿနာ ရင်ဆိုင်ခဲ့ရပါတယ်။ 

"တခြားကုမ္ပဏီတွေထက် သူတို့က အနည်းငယ် နောက်ကျခဲ့ပေမဲ့လည်း ကပ်ရောဂါကို ထိန်းချုပ်သွားနိုင်ဖို့ subunit ကာကွယ်ဆေးတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်ပါသေးတယ်" လို့ Fred Hutchinson Cancer Research Center မှ ကာကွယ်ဆေးနှင့်ကူးစက် ရောဂါ ဒါရိုက်တာ Julie McElrath က ပြောခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ကူးစက်ရောဂါများအတွက် subunit ကာကွယ်ဆေးတွေ ရှိနေပြီးသားဖြစ်တာကြောင့် ယခုလိုမျိုး ကိုဗစ်ကာကွယ်ဆေးတွေ အပေါ် Julie နဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်များက ယုံကြည်မှု ပိုပြီးရှိလာတယ်လို့ ဆိုပါတယ်။

"ကာကွယ်ဆေးအမျိုးမျိုး ရွေးချယ်ဖို့ရှိခြင်းက အမြဲတမ်းပဲ ကောင်းတဲ့အိုင်ဒီယာတစ်ခု ဖြစ်ပါတယ်" လို့ Washington University မှ ခုခံအားစနစ် လေ့လာတဲ့ပညာရှင် Ali Ellebedy မှ ပြောပါတယ်။

Ali Ellebedy က nRNA ကာကွယ်ဆေးများကို အဓိကထားလေ့လာနေသူ ဖြစ်ပြီး အဆိုပါကာကွယ်ဆေးများက နည်းပညာအသစ် ဖြစ်တာကြောင့် ပညာရှင်များက ဆေးရဲ့အားသာချက် အားနည်းချက်တို့ကို လေ့လာနေဆဲဖြစ်ကြောင်း၊ အရေအတွက်ကြီးမားတဲ့ လူအုပ်စုကို ရင်းနှီးပြီးသား ကာကွယ်ဆေးထိုးပေးခြင်းဖြင့် နှိုင်းယှဥ်မှုလုပ်ဖို့ အသုံးဝင်နိုင်ကြောင်း ပြောခဲ့ပါတယ်။ "သိပ္ပံနည်းပညာရှု့ထောင့်ကကြည့်ရင် subunit ကာကွယ်ဆေးတစ်မျိုး ရှိထားတာက သေချာပေါက် ကောင်းပါတယ်" လို့ Ali Ellebedy ပြောခဲ့ပါတယ်။

subunit ကာကွယ်ဆေး ထွက်လာမဲ့ရက်နီးကပ်လာပြီလို့ ထင်ရပါတယ်။ စမ်းသပ်လေ့လာမှုများအရ ကာကွယ်ဆေးက အာနိသင်အလွန်ကောင်းပြီး ယနေ့အထိ လုံခြုံစိတ်ချမှုနဲ့ပတ်သက်ပြီး ပြဿနာမရှိသေးပါဘူး။

Novavax မှ ကာကွယ်ဆေးကို အရေးပေါ်သုံးခွင့်ပြချက်ရဖို့ သက်ဆိုင်ရာနေရာဌာနတချို့တို့မှာ လျှောက်ထားပြီဖြစ်ပါတယ်။ "ကျနော်တို့က ခွင့်ပြုချက်ရဖို့ ဗြိတိန်၊ ဩစထြေးလျ၊ ကနေဒါ၊ နယူးဇီလန်အပါအဝင် ကမ္ဘာ့နေရာအနှံ့မှာ လျှောက်လွှာတင်ထားပါပြီ" လို့ Novavax ဒုဥက္ကဌ Silvia Taylor က ပြောပါတယ်။

အမေရိကန်မှာ လာမဲ့နှစ်အစောပိုင်းမှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရနိုင်မယ်လို့ Taylor က မျှော်လင့်ထားပြီး အရေအတွက်များများ ထုတ်လုပ်နိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ Serum Institute of India အပါအဝင် တခြားသော ဆေးဝါးကုမ္ပဏီတချို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိထားပြီလို့ သိရပါတယ်။

"ပြီးခဲ့တဲ့နှစ်က သင်ယူရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နောက်ပြီးတော့ ပူးပေါင်းပါဝင်ကြတဲ့ ကုမ္ပဏီအားလုံးတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ကျမတို့မှာ ကြီးမားတဲ့ယုံကြည်မှုတွေ ရှိထားပါတယ်။ ကျမတို့က ၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံကျော် ထုတ်လုပ်နိုင်မဲ့ အနေအထားကောင်းမှာ ရှိနေပါတယ်" လို့ Taylor က ပြောသွားပါတယ်။

ဒီလိုလေသံမျိုးက ရင်းနှီးသလိုရှိပေမဲ့ ဒီတစ်ကြိမ်တော့ တကယ်ဖြစ်လာမယ်လို့ မျှော်လင့်ရင်း . . ။

(NPR - Dec 1, 2021 - A different kind of COVID vaccine is about ready to roll)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar