Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၃ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၁

မြန်မာ့နိုင်ငံရဲ့ နေ့စဥ်သတင်းတွေထဲ ဖမ်းဆီးခံရတဲ့ သတင်း၊ တိုက်ပွဲသတင်း၊ လုပ်ကြံသတ်ဖြတ်တဲ့သတင်း၊ ဖောက်ခွဲတဲ့သတင်းနဲ့ စီးပွားရေးကျဆင်းမှု ငွေကြေးဆိုင်ရာအကြပ်အတည်း ငွေကြေးဖောင်းပွမှုတွေက နေ့စဥ် သတင်းတွေဖြစ်နေပြီး အဲဒီလိုသတင်းတွေကို လအနည်းငယ်ကြာတဲ့အခါ ပြန်စီကြည့်တဲ့အခါ ပြောင်းလဲမှုတွေ လမ်းကြောင်းတွေ လားရာ ဦးတည်ရာတွေ ခန့်မှန်းကြည့်နိုင်တာလည်း သတိပြုမိပါတယ်။ 

နေ့စဥ် အဖြစ်အပျက်တွေထဲမှာတော့ ကလေးဒေသ၊ စစ်ကိုင်းတိုင်းထဲက ခင်ဦး ယင်းမာပင်၊ ကနီ၊ မုံရွာ၊ ရွှေဘို၊ ဒီပဲယင်း၊ မြောင်၊  မကွေးတိုင်းထဲက ရေစကြိုဒေသတို့မှာ ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့  တိုက်ခိုက်မှုတွေ စစ်ကောင်စီတပ်တွေက ရွာတွေဝင်ပြီးဖမ်းဆီးတာ သတ်ဖြတ်တာ မီးရှို့တဲ့သတင်းတွေ၊ ကားလမ်းတွေကို ဘယ်ရက်ကနေ ဘယ်ရက်ထိ မသွားလာကြဖို့ သတိပေးထုတ်ပြန်ချက်တွေ နေ့စဥ်သတင်းတွေထဲ ဖတ်ရှုရပါတယ်။ 

ဒီနေ့သတင်းတွေမှာတော့ ကလေးမြို့ တောင်ဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ရှင်းလင်းမှုတွေကြောင့် ကျေးရွာတွေက ဒေသခံ အများအပြားတိမ်းရှောင်နေရတဲ့ သတင်းတွေ ဖေါ်ပြကြပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့ ကလေးဒေသတဝိုက်မှာ အခုလို တိုက်ပွဲတွေ အဖြစ်အပျက်တွေ ဖြစ်ပွားနေချိန်မှာ ကချင်ပြည်နယ် ဒေသအချို့မှာလည်း ဒေသခံ PDF၊ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗန်းမော်မြို့တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေထဲမှာ ရှမ်းမိုင်းတာ ရွာဘက်မှာ ဒေသခံ ပီဒီအက်ဖ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တနေ့ကတော့ အင်းတော်ကြီးဘက်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သတင်းတွေအရ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေအပြင် ကရင်နီဒေသ ပီဒီအက်ဖ် ဖြစ်တဲ့ KNDF နဲ့ စစ်ကောင်စီတပ်တွေလည်း ကယားပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းတွေ စစ်ကောင်စီတပ်က လူနေအိမ်မီးရှို့တဲ့သတင်းတွေ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

တိုက်ပွဲမှာ လက်နက်ကိုင်အဖွဲ့က သေဆုံးမှုတွေအပြင် တိုက်ပွဲမှာ ထိခိုက်သူ ဖမ်းဆီး နှိပ်စက်ခံရလို့ သေဆုံးသူ၊ သတင်းပေးလို့ ယူဆသတ်ဖြတ်ခံရသူတွေ အပါအဝင် အရပ်သားသေဆုံးတာတွေလည်း နေ့စဥ်လိုလို ရှိနေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တနေ့တနေ့ ဆယ်ဂဏန်းကနေ ရာဂဏန်းကို နီးကပ်တဲ့အထိ ရှိနိုင်ပါတယ်။ 

သတင်းတွေမှာ ပါရှိတဲ့ သေဆုံးမှုတွေကိုတော့ စောင့်ကြည့်တဲ့အဖွဲ့အစည်းအချို့က မှတ်တမ်းတင်နေကြပြီး အခါအားလျှော်စွာ ထုတ်ပြန်နေကြတာတွေ့ရပါတယ်။ ဒါတွေက ဒီနိုင်ငံရေး အကြပ်အတည်း စစ်ရေးပဋိပက္ခကြောင့် တိုက်ရိုက်သေဆုံးမှုတွေ ဖြစ်ပြီး တဆင့်ခံအကြောင်းတွေကြောင့် သေဆုံးရတဲ့ကိန်းဂဏန်းတွေတော့ မှတ်တမ်းတင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်စီးသွားတဲ့အကြောင်းကြောင့် ရောဂါဝေဒနာ ခံစားရသူတွေ ဆေးကုသမှု မရယူနိုင်ပဲ အသက်ဆုံးရှုံးသွားရတဲ့ ကိန်းဂဏန်းတွေကို မှတ်တမ်းတင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းအမြင့်ဆုံးကာလ ဇူလိုင်နဲ့ သြဂုတ်လ ၂ လထဲတင် ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးသူ ၃ သောင်းနီးပါးရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ရန်ကုန်မြို့ကိုအခြေပြုပြီး ပြုစုထားတာဖြစ်ပြီး ကူးစက်ကပ်ဘေးမှာ ဆေးကုသမှု မရရှိပဲ သေဆုံးခဲ့ရသူအရေအတွက်က အထက်က ကိန်းဂဏန်းရဲ့  ၅၀ ရာနှုန်းထက်မနည်း ရှိနိုင်ပါတယ်။ 

အလားတူ စီးပွားရေးကျဆင်းမှု ငွေဖောင်းပွမှု၊ အလုပ်အကိုင်ဆုံးရှုံးမှု စတဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုကနေ အဟာရ မပြည့်ဝတာ၊ ဆေးကုသမှု မရယူနိုင်တာကြောင့် အသက်ဆုံးရှုံးရတာတွေလည်း ပြီးခဲ့တဲ့ ၁၀ လတာအတွင်း အများအပြားရှိမှာ သေချာပါတယ်။ သို့ပေမယ့် ဒီလိုအကြောင်းကြောင့် အသက်ဆုံးရှုံးရသူတွေနဲ့ ပတ် သက်လို့ တိကျတဲ့ကိန်းဂဏန်း အချက်အလက်ကောက်ယူဖို့ မလွယ်ကူပါဘူး။ 

နောက်လာမယ့် ၆လ၊ ၁ နှစ်တွင်းမှာလည်း ရိက္ခာအခက်အခဲ၊ ဆင်းရဲမွဲတေမှုတွေနဲ့ဆက်စပ်ပြီး လိုအပ်တဲ့ ရိက္ခာမရရှိတာ ဆေးဝါးကုသမှုမရရှိတာတွေနဲ့ ဆက်လက်ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ လက်ရှိနိုင်ငံရေး အကြပ်အတည်း စစ်ရေးအားပြိုင်မှုတွေက ဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်ပြီး နိုင်ငံရေးတိုက်ပွဲမှာ အနိုင်ရဖို့လည်း အရေးပါသလို လူထုရဲ့ လူမှုစီးပွား အကြပ်အတည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် ပေးနိုင်ဖို့လည်း တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားကြဖို့ နိုင်ငံရေး အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်မှာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar