Breaking News

ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များ အကြမ်းဖက်မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှုတွေ ကြံရာပါပတ်သက်နေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များ အကြမ်းဖက်မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှုတွေ ကြံရာပါပတ်သက်နေ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၁

စုံစမ်းစစ်ဆေးမှုနှင့် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချရေးပိတ်ပင်မှုကို Justice For Myanmar တောင်းဆို

✅ ထုတ်ပြန်ချက် အသေးစိတ်အား ဝဘ်ဆိုဒ်မှ ဖတ်ရှုရန် 👉🏽 https://bit.ly/3E8jYzv

မြန်မာစစ်တပ်သည် ၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာ့လေတပ် ဖွဲ့စည်းတည်ထောင်ခြင်း (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြစ်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့တွင် ထုတ်လုပ်သည့် လေယာဉ်များကို တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါလေယာဉ်များတွင် ATR-72 600 အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် (၁) စင်း၊ Airbus Eurocopter ရဟက်ယာဉ်တစ်စင်း၊ Y-12 လေယာဉ်များ၊ Yak-130 လေယာဉ်များနှင့် K-8 ဂျက်တိုက်လေယာဉ်များ ပါဝင်သည်။

ATR-72 600 လေယာဉ်များကို Airbus နှင့် အီတလီနိုင်ငံ၏ Leonardo Corporation တို့အကြား ပြင်သစ်အခြေစိုက် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် ATR က ပြင်သစ်နိုင်ငံတွင် ထုတ်လုပ်သည်။

Eurocopter လေယာဉ်များကိုလည်း ပြင်သစ်နိုင်ငံတွင် Airbus ကုမ္ပဏီက ထုတ်လုပ်သည်။ Airbus ကော်ပိုရိတ်၏ ဌာနချုပ်ရုံးများသည် နယ်သာလန်နိုင်ငံတွင် တည်ရှိသည်။

ဖေဖော်ဝါရီလက တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်သည် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်နေစဉ်အတွင်း ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့် စစ်ရာဇဝတ်ကောင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေယာဉ်များကိုတပ်တော်ဝင်စေခဲ့ခြင်းဖြစ်သည်။ မကြာသေးမှီ သတင်းပတ်များအတွင်း ကချင် နှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများအတွင်း စစ်ကောင်စီက အဆင်ခြင်မဲ့ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ ပြည်သူ့အိုးအိမ် ပိုင်ဆိုင်မှုများအား ဖျက်ဆီးခြင်းနှင့် လူပေါင်းများစွာနေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ အစောပိုင်း ကာလတွင် လေကြောင်းတိုက်ခိုက်မှုများသည် ချင်း၊ ကရင်နှင့် ကရင်နီ ပြည်နယ်တို့ကိုလည်း ပစ်မှတ်ထားခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များအဖြစ် သတ်မှတ်နိုင်သည့် ဆိုးရွားသော လုပ်ရပ်များဖြစ်သည်။

Altsean Burma က သုံးသပ်ထားသည့် ACLED မှ အချက်အလက်များအရ လက်နက်ကိုင် ထိတွေ့ တိုက်ပွဲများနှင့် တိုက်ခိုက်မှုများသည် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၆၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ပြသနေသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အတွင်း လက်နက်ကိုင် ထိတွေ့တိုက်ပွဲများနှင့် တိုက်ခိုက်မှုများတွင် မြန်မာနိုင်ငံက ယီမင်နှင့် အာဖကန်နစ္စတန် နှစ်နိုင်ငံလုံးထက် များပြားနေသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများ လွှဲပြောင်းမှု ပိတ်ပင် ခြင်းနှင့်အတူ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းချက်တစ်ရပ် ချမှတ်ထားသော်လည်း မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့၏ ပုဂ္ဂလိကစစ်လက်နက်ပွဲစားကွန်ယက်နှင့် ခရိုနီမျာ ပိုင်ဆိုင်ထားသည့် လေကြောင်းလိုင်းများမှတဆင့် စစ်လက်နက်ထိန်းချုပ်မှုများကို ရှောင်ကွင်းနိုင်သည့် သမိုင်းကြောင်းတစ်ရပ်ရှိသည်ကို တွေ့ရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ATR နဲ့ Airbus လေယာဉ်တွေ အကြမ်းဖက်မြန်မာစစ်ကောင်စီလက်ထဲ ဘယ်လိုရောက်ရှိသလဲဆိုတာကို ပြင်သစ်၊ ဒက်ချ်နဲ့ အီတလီအစိုးရတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းလုပ်ဆောင်ရပါမယ်။ ဒီလေယာဉ်တွေကို စစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်ဖို့၊ ကလေးသူငယ်တွေကိုသတ်ဖြတ်ဖို့ အသုံးပြုမှာဖြစ်ပါတယ်။ ဇွန်လနောက်ပိုင်း စစ်တပ်က လေယာဉ်တွေ ဆက်ပြီးဝယ်ယူနေတယ်ဆိုတဲ့အချက်က  ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့တာမရှိကြောင်း သတိပေးလှုပ်နှိုးလိုက်တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့ရဲ့ နောက်ဆုံးအသုတ်ဒဏ်ခတ်ပိတ်ဆို့မှုမှာ မြန်မာစစ်တပ်ရဲ့ ဝယ်ယူရေးအဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထားအရေးယူချက်နဲ့ ဆန့်ကျင်နေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အထူးတာဝန်တစ်ရပ်ရှိနေပြီး မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံး ဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်တစ်ရပ်ကို တွန်းအားပေး လုပ်ဆောင်ရာမှာ ဦးဆောင်သင့်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တာတွေ၊ တရားမဝင် အာဏာသိမ်းကြိုးပမ်းတာတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတဲ့ နောက်ပိုင်းမှာတောင် စစ်ကောင်စီက ဥရောပသမဂ္ဂလေယာဉ်တွေကို ဝယ်ယူရရှိနေနိုင်သေးတာကတော့ လက်ခံနိုင်စရာမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

မြန်မာစစ်တပ်သည် ဥရောပသမဂ္ဂလေယာဉ်များအပြင်  K-8 လေ့ကျင့်ရေးဂျက်လေယာဉ်များ၊ Yak-130  တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် Y-12 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်များကို တပ်တော်ဝင်စေခဲ့သည်။

K-8 နှင့် Y-12 လေယာဉ်များကို တရုတ်အစိုးရပိုင်ကုမ္ပဏီ AVIC ၏ ကုမ္ပဏီခွဲများက ထုတ်လုပ်သည်။ K-8 ဂျက်လေယာဉ်များကို AVIC ထံမှ လိုင်စင်အရ မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီး AVIC ၏ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီခွဲ AviChina Industry and Technology Co. Ltd လည်း ပါဝင်ပတ်သက်သည်ဖြစ်ရာ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၌ AVIC ၏ ကြံရာပါပတ်သက်နေမှုတွင် AviChina တွင် ရင်းနှီးမြှုပ်နှံသူများ ဆက်နွယ်ပတ်သက်လျက်ရှိသည်။

AviChina ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူများတွင် Airbus, Vanguard Group, BlackRock, Dimensional Fund Advisors နှင့် ဩစတြေးလျ၊ နယူးဇီလန်နှင့်နော်ဝေနိုင်ငံတို့၏ ပြည်သူ့ဘဏ္ဍာ ရံပုံငွေများ ပါဝင်သည်။

Yak-130 လေယာဉ်များကို ရုရှားအစိုးရအများစုပိုင်ဆိုင်သည့် United Aircraft Corporation က ရုရှားနိုင်ငံတွင် ထုတ်လုပ်သည်။

Justice For Myanmar ၏ ပြောရေဆိုခွင့်ရှိသူ မရတနာမောင်က “တရုတ်နဲ့ ရုရှားနိုင်ငံတွေက လေယာဉ်တွေရောင်းချပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေကြတာမို့  မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကနေ အကျိုးအမြတ်ယူနေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာ ကိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံက အကြမ်းဖက်မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချ နေတယ်ဆိုတဲ့ အချက်ဟာ ကုလသမဂ္ဂအမြင့်ဆုံးအဖွဲ့အစည်းက မြန်မာနိုင်ငံအပေါ် လေးနက်တဲ့ အရေးယူဆောင်ရွက်မှုတွေချမှတ်ဖို့ လုံးဝပျက်ကွက်နေတာ ဘာကြောင့်လဲဆိုတာကို ရှင်းပြပေးလိုက်တာပါပဲ။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ ကြံရာပါပတ်သက်မှုအပေါ် အရေးယူဆောင်ရွက်ချက်တွေ ချမှတ်ရပါလိမ့်မယ်။

ပြည်သူ့ဘဏ္ဍာရံပုံငွေအဖွဲ့အစည်းတွေနဲ့ အရေးပါတဲ့နိုင်ငံတကာကော်ပိုရေးရှင်းတွေဟာ မြန်မာ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်မှုတွေ သက်သေထင်ရှားရှိနေပါလျက်နဲ့ AVIC မှာ ဆက်ပြီးရင်းနှီးမြှုပ်နှံနေကြတာဟာ စိုးရိမ်စရာကောင်းလှပါတယ်။ AVIC ရဲ့ ရှယ်ယာရှင်တွေအနေနဲ့  မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ဆက်နွယ်မှုတွေကို အဆုံးသတ်ဖို့ AVIC ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ချက်ချင်းရုပ်သိမ်းဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။ AVIC နဲ့ United Aircraft Corporation တို့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပစ္စည်းပေးသွင်းသူတွေအနေနဲ့လည်း သူတို့ရဲ့ စီးပွားရေးဆက်ဆံမှုတွေမှာ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေး အကျိုးဆက်တွေကို ကာကွယ်ဖို့ တာဝန်တစ်ရပ်ရှိပါတယ်။ AVIC၊ United Aircraft Corporation တို့နဲ့ ဆက်နွယ်မှုတွေ ချက်ချင်းဖြတ်တောက်ဖို့ သူတို့ကို ကျွန်မတို့တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်အား အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန် 👉🏽 https://bit.ly/3E8jYzv

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar