Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၉ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၁

◾️ ဆောင်းရာသီကာလ စစ်ပွဲတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ
အရင်ပြည်တွင်းစစ်ကာလတွေ ကတည်းက မိုးရာသီလွတ်ကင်းသွားတဲ့ကာလကို ပြည်တွင်စစ်ထဲပါဝင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအဖို့ ပွင့်လင်းရာသီ တိုက်ပွဲတွေ ထိုးစစ်တွေ ခုခံတာတိုက်ပွဲတွေ ပေါ်ထွက်လာလေ့ ရှိတာမို့ အဲဒီကာလမှာ ကျေးရွာနေလူထုကလည်း အိမ်မှာ အထုပ်အဆင်သင့်ပြင်ထားရလေ့ရှိပါတယ်။ 

မိုးရာသီကာလမှာတော့ နေရာယူထားတဲ့စခန်းတွေကို ထိန်းသိမ်းထားတာမျိုးက အဓိကဖြစ်လေ့ရှိပြီး ထိုးစစ်တွေ တိုက်ပွဲကြီးတွေ သိပ်ဖြစ်လေ့မရှိပါဘူး။ မိုးအကုန် ဆောင်းရာသီစဝင်လာချိန်မှာ တိုက်ပွဲတွေ စဖြစ်လေ့ရှိတာက ၁၉၇၀၊ ၈၀၊ ၉၀ ခုနှစ်တွေရဲ့ ဖြစ်နေကျ ပုံစံလိုမျိုး ရပ်ရွာလူထုက နားလည်ခဲ့ကြတာပါ။ 

ဘာကြောင့် မိုးရာသီမှာ ထိုးစစ်တွေ တိုက်ပွဲတွေ နည်းပါးရသလဲလို့မေးရင် မိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေး မြေအနေအထားက လက်နက်တွေ ရိက္ခာတွေသယ်ယူရတာ အခက်အခဲရှိတာကြောင့်ဖြစ်ပါတယ်။ ဒီဘက်ခေတ်ရောက်လာချိန်မှာတော့ အချို့ဒေသတွေက အရင် နှစ် ၃၀/၄၀ ကျော်ကာလလို လမ်းပန်းဆက်သွယ်ရေးတွေမဟုတ်တော့ပဲ ကားလမ်းတွေက အတော်များများကိုပေါက်နေပြီလို့ ဆိုနိုင်ပါတယ်။ 

သို့ပေမယ့်လည်း အများစုသောဒေသတွေမှာ ခြောက်သွေ့ရာသီက မြေပြင်မှာ စိုးမိုးထားနိုင်ရေး ရိက္ခာ လက်နက်သယ်ဆောင်ရေးအတွက် လုပ်ဆောင်ရလွယ်ကူတာကြောင့် ခြောက်သွေ့ရာသီမှာ ပိုပြီးတိုက်ပွဲတွေ ဖြစ်တာတော့ အခုချိန်ထိအနေအထား ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၇၊ ၂၀၁၈ လိုကာလတွေတုန်းကလည်း ကရင်ပြည်နယ် ကယားပြည်နယ်တို့မှာ တိုက်ပွဲတွေမရှိခဲ့ပေမယ့် ရှမ်းမြောက်က ကျောက်မဲ၊ နမ့်ဆမ်မြို့နယ်တို့က ကျေးရွာတွေမှာ ခုလို ခြောက်သွေ့ရာသီ တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိပြီး ကျေးရွာနေ လူထောင်နဲ့ချီပြီး ကျောက်မဲမြို့ပေါ်ကို လနဲ့ချီတိမ်းရှောင်ခဲ့ကြရလေ့ရှိတာဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်တုန်းက အခုလို ခရစ်စမတ်ပိတ်ရက်ကာလ မိုးတွေရွာနေစဥ် နမ့်ဆမ်မြို့နယ်ဘက်က ကျေးရွာတချို့မှာ TNLA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပြီး အခြားသောဒေသကသူတွေ ခရစ်စမတ် အားလပ်ရက်လို နှစ်သစ်ကူးအားလပ်ရက်လို အေးချမ်းစွာဖြတ်သန်းနေကြချိန်မှာ အဲဒီကျေးရွာတွေက လူထောင်နဲ့က ယူနိုင်သမျှ ပစ္စည်းယူပြီး မြို့ပေါ်ကို တိမ်းရှောင်ပြေးခဲ့ကြရတာ ကြားသိခဲ့ရဖူးပါတယ်။ 

ခရစ်စမတ်ရာသီက စတင်တိမ်းရှောင်လိုက်တာ ရွာကို ၁ လကျော် ၂ လနီးပါးမှ ပြန်နိုင်ခဲ့ကြပြီး နေအိမ်တွေက ပစ္စည်းတွေမွှေနှောက်ပြီး တန်ဖိုးရှိတာတွေ ယူဆောင်သွားတာတွေ၊ နေအိမ်အချို့မီးရှို့ခံရတာတွေကို အိမ်ပြန် လာချိန်မှာ ဝမ်းနည်းဖွယ်ရာ တွေ့ကြရပါတယ်။ 

အဲဒီကာလက အစိုးရစစ်တပ်က TNLA လွှမ်းမိုးတဲ့နယ်မြေတွေကိုဝင်ရောက် သီတင်းပတ်နဲ့ (သို့မဟုတ်) လနဲ့ချီနေရာယူပြီးနောက် ပြန်ဆုတ်တဲ့အခါ RCSS က အချို့နေရာတွေ ဝင်ယူလေ့လည်းရှိလို့ TNLA နဲ့ RCSS တို့ တိုက်ခိုက်ကြတဲ့တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလိုကာလတွေကတည်းက စစ်တပ်က ရွာတွေဝင်ကြတဲ့အခါ လူနေအိမ် အဝတ်အစား သေတ္တာတွေမကျန် မွှေနှောက်ရှာဖွေကြပြီး အချို့သော ကျေးရွာလူထု ယူချိန်မရလို့ ကျန်ရစ်ခဲ့တဲ့ လက်ဝတ်လက်စား ရွှေလက်စွပ်လို နားကပ်လိုမျိုးကို အစိုးရစစ်သားတွေက ယူဆောင်သွားကြတဲ့ အဖြစ်တွေကို ကာယကံရှင်တွေပြောပြလို့ နားထောင်ခဲ့ရဖူးပါတယ်။ တခါတခါ ဒီရွာက ရှာဖွေယူဆောင်သွားတာကို နောက်တရွာရောက်တဲ့အခါ ရောင်းချဖို့ ကြိုးစားတဲ့ဖြစ်ရပ်တွေတောင် သူတို့ပြန်ပြောပြလို့ ကြားဖူးခဲ့ပါတယ်။ 


ပြည်တွင်းစစ်ရဲ့ အနိဌာရုံတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလုံးမှာ ကချင်ပြည်နယ်မှာ ရှမ်းမြောက်မှာ ရခိုင်ပြည် နယ်မှာ ဖြစ်ပျက်ခဲ့ပြီး အခုတော့ ပိုမိုပြီးကျယ်ပြန့်လာရာမှာ ကရင်ပြည်နယ် ကယားပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း မကွေးတိုင်းတို့ဆီ ထိပြန့်နှံ့လာတာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်း ဖြစ်ပျက်နေတဲ့ အနိဌာရုံ အဖြစ်အပျက်တွေက မကွေးတိုင်း မြောက်ပိုင်းက နှမ်းခါးကျေးရွာ၊ ကရင်ပြည်နယ် လေးကေကော်ဒေသက ရွာတွေ ကယားပြည်နယ်က ကျေးရွာအချို့ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဝှမ်းက ကျေးရွာတွေ ဖြစ်ပါတယ်။ အရင်ဆယ်စုနှစ်တုန်းကလို နယ်စပ်ဒေသတွေက တိုင်းရင်းသားကျေးရွာတွေချည်း မဟုတ်တော့ပါဘူး။ စစ်ကိုင်းတိုင်း မကွေးတိုင်းလို မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးရွာတွေမှာလည်း အထက်က အဖြစ်အပျက်တွေထက် ပိုပြီးစိတ်မကောင်းဖြစ်ဖွယ်ရာ အသက်ဆုံးရှုံးမှုတွေ နေအိမ်တွေ မီးရှို့ခံရလို့ ဆုံးရှုံးတာတွေ သေဆုံးသူ ဆယ်နဲ့ချီ မီးရှို့ထားခဲ့တာတွေက ပြည်တွင်းစစ်ရဲ့ ပြန်လည်ကုစားဖို့ခက်တဲ့ ဒဏ်ရာတွေ ဖြစ်ပျက်နေတာကို  တွေ့ရ ကြားသိနေရပါတယ်။ 

ဒီနေ့စဥ် အဖြစ်အပျက်တွေဟာ သမိုင်းစာမျက်နှာမှာ ဖြည့်သွင်းစရာ တနေ့တာ တနေ့တာ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

သမိုင်းစာမျက်နှာမှာ တနေ့တာအဖြစ်အပျက်တွေကို ရေးဖြည့်သွင်းနေရင်း ဒီသမိုင်းအဖြစ်အပျက်တွေမှာ ပါဝင်ခံစားရတဲ့ သူတွေအတွက် ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ဇာတိ ကိုယ့်ချစ်ခင်ရသူတွေရဲ့ မိသားစုတွေ အသက်ဆုံးရှုံးရတာတွေအတွက် စာနာမှု ကျူးလွန်သူတွေကို ရွံ့ရှာမှုတွေက တပြိုင်နက်ထဲ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar