ကိုအောင်မှိုင်း - ဥဒါန်းမကြေ
ကိုအောင်မှိုင်း - ဥဒါန်းမကြေ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၁
ခက်သီ
ကေဇ၀င်း
ကြည်လင်အေး
တိုက်ပွဲ၀င်ကဗျာဆရာတွေ
သွေးအိုင်တွေကြားက
ရေးသွားခဲ့တဲ့သမိုင်း
ခေတ်အရိုင်းကို တွန်းဖွင့်
မွန်းကြပ်မှုကို တိုက်ပွဲဆင်
မြေပြင်ပေါ်က ကဗျာများ
မိုးကောင်းကင်တလွှား
ကြယ်နဂါးငွေ့တန်းများဖြစ်
ရပ်တည်ချက်တွေ သစ္စာဖြစ်
မေတ္တာတရားတွေ အချစ်ဖြစ်
စွန့်လွတ်သွားကြပုံများဗျာ
စွန့်စားသွားကြပုံများဗျာ
ကြောက်ခမန်းလိလိပါဘဲ
မင်းတို့
ပေါင်းကာစုရုန်း အဆုံးမရှိ
ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်စေဘို့
ပျိုးချပေါင်းသင်ခဲ့တဲ့ ချစ်နှင်းဆီပင်။
ရဲဘော်ကို ကာကွယ်ရင်း
စနိုက်ဘာရဲ့ ကျည်တထောင့်
နှလုံးသားကိုဖေါက်သွား
နီစွေးလှတဲ့ သွေးများစွာဟာ
တံတားတစင်းပမာ စီးကျလာခဲ့
အမိမြေမှာစိမ့်၀င် ကြည်လင်နဲ့သူတို့
သူရဲကောင်းမလေးနဲ့ သူရဲကောင်းလေးတွေ
မင်းတို့တွေရဲ့ နှလုံးသားတွေဟာ
ဖြူစင်ကြတယ် ကြည်လင်ကြတယ်
ပေးဆပ်ခြင်းများစွာနဲ့ အဆုံးမရှိ
တိုက်ပွဲ၀င်ခဲ့ကြပါတယ်
အနာဂါတ်ဆိုတဲ့ ပန်းချီကားကြီးကို
ဆေးဖြည့်ပေးခဲ့ကြပါတယ်
မင်းတို့
ပေါင်းကာစုရုန်း အဆုံးမရှိ
ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်စေဘို့
ပျိုးချပေါင်းသင်ခဲ့တဲ့ ချစ်နှင်းဆီပင်။
ဘုန်းမြင့်အောင် ၁၉ နှစ်
စစ်ဘီလူးတွေနှိပ်စက် ရက်စက်လိုက်ကြတာ
သွေးတွေပွက်ပွက်အံ အာခံတုန်းဘဲကွ
ဘယ်သူမှမသိဘူး ဘာမှမသိဘူးတဲ့
နောက်နေ့မနက်မှာ အလောင်းလာယူပါ
မင်းသတ္တိ စွန့်လွတ်မှု အနစ်နာခံမှုတွေဟာ
လွတ်မြောက်မှုတွက် ရင်းနှီးလို့ပေးခဲ့
စံယူစရာတွေမို့ အတုယူခဲ့ကြပါတယ်
ငယ်ရွယ်လှတဲ့ သတ္တိခဲအပေါင်း
သူရဲကောင်းတွေရဲ့ နာကျင်မှုများစွာပါ
မင်းတို့
ပေါင်းကာစုရုန်း အဆုံးမရှိ
ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်စေဘို့
ပျိုးချပေါင်းသင်ခဲ့တဲ့ ချစ်နှင်းဆီပင်။
ခေါင်မိုးပေါ်က ကျလာတဲ့
သွေးစက်တွေဟာ ပေတရာပေါ်မှာ
ညှာတာမဲ့စွာ ပေါက်ထွက်လာကြ
နာကျည်းမှုတွေကို အားတွေဖြစ်ပြောင်း
ဗြောင်းဗြောင်းဆန်အောင် ခုခံကြ
လူပင်လယ်ပြင်ကြီးကို စုစည်း
အကြောက်တရားတွေကို ရိုက်ချိုး
နောက်မဆုတ်တမ်း တိုက်ပွဲ၀င်
အရိုးပုံတွေကြားက အောင်ပွဲ
တိုက်ပွဲတွေထဲမှာ ကြေကွဲနေတဲ့နှလုံးသား
ဖက်ကလေးတရွက်နဲ့ အပြင်ထုပ်ထား
ဘုရင်ရူးတွေတွက် နောက်ဆုံးနေ့ရွေးပွဲ
ရှေ့ဆုံးကနွဲခဲ့သူရဲ့ လက်ဖဝါးမှာ
သွေးစက်တွေဟာ မြစ်ရေအလားပါ
နုပျိုမှုများစွာဟာ မိုးကောင်ကင်မှာ
ကြယ်တွေလိုလင်းလက် အပြုံးမပျက်ရှာခဲ့
မင်းတို့
ပေါင်းကာစုရုန်း အဆုံးမရှိ
ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်စေဘို့
ပျိုးချပေါင်းသင်ခဲ့တဲ့ ချစ်နှင်းဆီပင်။
ကိုနှင်းအောင်လို
ကျောင်သားသူရဲကောင်းများဟာ
မြင်းခွာတချက်ပေါက်တိုင်း
မီးဟုန်းဟုန်းထတောက်စေသူတွေပါ
ခေတ်အဆက်ဆက်မှာ
လူသတ်ဝါဒဆန့်ကျင်ရေး
ဖက်ဆစ်စနစ်ဆန့်ကျင်ရေး
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
ခေတ်ကပေးတဲ့ ခေတ်တေးသံ
နာခံရင်းစွန့်လွတ် စွန့်စားရင်းအသေခံ
ကြိမ်ဖန်များစွာ လောကဓံကိုအာခံ
သမိုင်းသစ်ရေးဘို့ ခေတ်တေးတွေဆို
ဒေါင်းပျိုတို့ရဲ့ တမ်းချင်းဆိုတာ
စွန့်လွတ်ရင်းပေးဆပ်
အနာခံရင်းပေးဆပ်
အောက်ဆုံးကနေပေးဆပ်
မော့နေတဲ့ခေါင်းတွေနဲ့ရပ်ရင်း
မင်းတို့
ပေါင်းကာစုရုန်း အဆုံးမရှိ
ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်စေဘို့
ပျိုးချပေါင်းသင်ခဲ့တဲ့ ချစ်နှင်းဆီပင်။
ဆရာဝန်လေးတွေ ဆရာမလေးတွေ
ကျောင်းဆရာ ဆရာမတွေနဲ့အတူ။
နှစ်လုံးလှလူမိုက်ကြီးတွေပါမကျန်
ဂျီဇက်ဆိုတဲ့သူရဲကောင်းတွေနဲ့အတူ။
အရေးကြုံ သက်လုံကောင်းလှ
ချစ်ကြတဲ့တိုင်းရင်းညီကိုတွေနဲ့အတူ။
ပေါင်းသင်ပျိူးချ အဆင်းလှစေခဲ့တဲ့
ချစ်နှင်းဆီပင်ပျိုကတော့
ဖူးပွင့်ဝေဆာ တင့်လှချေပြီကော။
သူ့ခေါင်းမှာတဲ့ ချစ်နှင်းဆီ
ငါ့ခေါင်းမှာတဲ့ ချစ်နှင်းဆီ
တို့ပြေမှာ ဒို့မေကမ်းပါတဲ့
အောင်ပွဲနဲ့ ကမ္ဘာသစ်တည်
ရဲရဲနီနေတဲ့ ချစ်နှင်းဆီ
တို့တိုင်းဌာနီမှာ ပွင့်ချေပြီပေါ့
တတောလုံးနီ တတောင်လုံးနီ
မျက်ရည်တွေလဲနီ ဘ၀တွေလဲနီ
အလံကိုင်တွေလဲနီ အတူရှေ့ကိုချီ
တပြည်လုံးညီ ပန်းခင်းကြီးဆီ
ရဲရဲနီတဲ့တိုင်းပြည် ဥဒါန်းကတော့မကြေပြီ
သွေးကြွေးမှာဆွေးနွေးစရာ လုံး၀မရှိတော့သည်
စစ်အနိုင်တိုက်ကြရပေတော့မည်။ ။
ကိုအောင်မှိုင်း
ဇန္န၀ါရီလ ၁၉ ရက် ၂၀၂၁ ခုနှစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar