နေစိမ့် - တိတ်ဆိတ်သော လှိုင်းများ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၁
ဒီစာသားတွေ
တယောက်ယောက်ရေးတာမဟုတ်ရင်
ဖန်ဆင်းရှင်ကို လက်ညှိုးထိုးပြလိုက်
တိတ်ဆိတ်သောကမ္ဘာမှာ
တရားစစ် တရားမှန်သာတည်၏
အရိယာသူတော်စင်တို့သည်
ဆူညံခြင်းကို အလိုမရှိကြကုန်
တွဲလွဲခိုနေကြတဲ့ သစ်ရွက်အဝါတွေ
တရွက်ပြီးတရွက် ကြွေကျလာပုံက
တိတ်တိတ်ဆိတ်ဆိတ်
တို့တတွေ
နာရီမသိ နေ့မသိ ညမသိ
သူစိမ်းများနဲ့
ထမင်းမေ့ ဟင်းမေ့
လည်ချောင်းတလျှောက် ညှစ်ထုတ်
လက်ကုန် ခုန်ထွက်လာတဲ့ အော်သံ
လူတွေ လမ်းမတွေ ပလာဇာတွေ
တိတ်ဆိတ်မှုရဲ့ ဆွဲငင်အားထဲ
အရူးအမူး အရသာခံ
မြုံနေတဲ့ မီးတောင်အရိပ်အောက်မှာ
ရင်ဘတ်ထဲက နှလုံးခုတ်မောင်းနေပုံ
ကျယ်ကျယ်လောင်လောင် ကြားနေရ
အပ်တချောင်းလွတ်ကျလို့
အသံကိုဖမ်းယူထားမိတယ်
တိတ်ဆိတ်ခြင်းမှာ မပျော်ရွှင်နိုင်သူ
ဘယ်သူတွေရှိသေးလဲ
ပြတ်ေရွ့ကြောနဲ့မလွတ်တဲ့ ငလျင်တုန်နှုန်း
ရေဒါမှာ ပုန်းနေတယ်
အသံတိတ်ငြိမ်သက်ခြင်းဟာ
အကောင်းဆုံး မေးခွန်းဖြစ်သလို
အကောင်းဆုံး အဖြေလည်းဖြစ်တယ်
နိုင်ငံတော်ဟာ
တိတ်ဆိတ်ခြင်းနဲ့ မတော်တဆ
ဆုံတွေ့ခဲ့တာမဟုတ်ကြောင်း
မျက်မြင်သက်သေ ကမ္ဘာကြီးရှိတယ်
သက္ကရာဇ်အရိုင်းထဲ
တိတ်ဆိတ်ခြင်းရဲ့ သိက္ခာ
သက်ငယ်သတို့သမီးဖြစ်ခဲ့ပြီ
နာကျင်မှုတွေအားလုံးရဲ့ ဝှက်ဖဲဟာ
တိတ်ဆိတ်မှုရဲ့ သွေးလေထဲ
ကိုယ်ေရာင်ဖျောက်လို့
ကံကြမ္မာက မျက်နှာလွှဲထားတဲ့အခွင့်အရေးမှာ
ပျော်ပျော်နေသေခဲတဲ့
အသက်တွေ ဘဝတွေ အပုံလိုက်
သမိုင်းအဟောင်းထဲက
ဖြဲထွက်လာတဲ့ တိတ်ဆိတ်မှု ရုပ်ကြွင်းမှာ
မနက်ဖြန်ရဲ့
ထင်ရှားတဲ့အမှတ်အသားဟာစိန်ခေါ်လို့
လွယ်လွယ်နဲ့ ကြေမှာမဟုတ်တဲ့အကြွေး
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
အမှောင်ထဲကနေ
တိတ်တဆိတ် ရောက်လာတယ်
ရောက်တတ်ရာရာ တွေးမိတွေးရာ
လူသိရှင်ကြား
အစုလိုက် အပြုံလိုက်အကြမ်းဖက်
လူသတ်တရားခံရဲ့လိပ်စာ
ကူညီနိုင်မလား
နေစိမ့်
၁၉ ဒီဇင်ဘာ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar