Breaking News

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (န၀မအချက်)

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (န၀မအချက်)
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၂၂

◾️ အမှန်နဲ့အမှားကြား ဆက်ဆံရေး
ပါတီတွင်းဖြစ်စေ ပါတီပဖြစ်စေ အမှန်နဲ့အမှားအကြား ရှင်းလင်းပြတ်သားစွာခွဲခြားရမယ်။ အမှားကျူးလွန်မိတဲ့သူများအပေါ်  ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာဟာ အရေးကြီးတဲ့ပြဿနာဖြစ်တယ်။ သူတို့တတွေအပေါ် မှန်ကန်တဲ့သဘောထားရှိဖို့ဆိုရင် အနာဂတ်မှာမမှားဖို့ အတိတ်ကအမှားများကို သင်ခန်းစာယူပြီး လူနာကိုကယ်တင်ဖို့ ရောဂါကုပေးရမယ်ဆိုတဲ့ ပေါ်လစီကိုကျင့်သုံးပြီး သူတို့အမှားများကို ပြုပြင်ဖို့ ကူညီရမှာဖြစ်ပြီး တော် လှန်ရေးမှာ ဆက်လက်ပါဝင်ခွင့်ပြုရမယ်။ ဝမ်မင်အမှူးပြုတဲ့ တရားသေဝါဒီတွေ ကြီးစိုးခဲ့စဉ်က ကျွန် တော်တို့ပါတီလည်း စတာလင်ရဲ့လုပ်ဟန်အမှားကိုကျင့်သုံးပြီး ဒီပြဿနာအပေါ် အမှားတွေပြုလုပ်ခဲ့ဖူးပါတယ်။ တရားသေဝါဒီတွေဟာ အပြင်လူအဖွဲ့အစည်းထဲက အလယ်အလတ်အင်အားစုတွေကို ဝိုင်းပယ်ထားပြီး ပါတီတွင်းမှာလည်း လူတွေကိုအမှားပြင်ခွင့်မပေးဘူး၊ အဲဒီလူမျိုး (၂) မျိုးလုံးကို တော်လှန်ရေးထဲ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ 

အာကျူပုံပြင် (The True Story of Ah Q) ဟာ အလွန်ကောင်းတဲ့ပုံပြင်ပါ။ အရင်ဖတ်ဖူးသူများလည်း ပြန်ဖတ်ဖို့၊ မဖတ်ရသေးသူများလည်း ဖတ်ကြည့်ဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ သေသေချာချာ ဖတ်ကြည့်ကြ ပါ။ အဲဒီဇာတ်လမ်းထဲမှာ လူရွှန်းက အတွေးအခေါ်အရ ခေတ်နောက်ကျပြီး နိုင်ငံရေးအရ မနိုးကြားသေးတဲ့လယ်သမားတယောက်အကြောင်း အဓိကထား ရေးထားတာပါ။သူက တော်လှန်ရေးက တားဆီးထားခြင်းဆိုတဲ့အခန်းတခန်းလုံးမှာ အယောင်ဆောင် နိုင်ငံခြားသူရဲတကောင်က အာကျူကို တော်လှန်ရေးကနေ ဘယ်လိုတားဆီးပိတ်ပင်ထားတယ်ဆိုတာ ရေးထားပါတယ်။ တကယ်တော့ အာကျူလိုလူမျိုးတွေဟာ ကျန်တဲ့သူများလိုပဲ တော်လှန်ရေးထဲပါဝင်ခြင်းဖြင့် တချို့အရာတွေမှာ အကူအညီရနိုင်ပါတယ်။ အဲလိုမျိုး တော်လှန်ရေးထဲ ပါဝင်တာလေးမျိုးမှာတောင် ဒီအယောင်ဆောင် နိုင်ငံခြားသူရဲက သူ့ကို ပါဝင်ခွင့်မပြုပါဘူး။ ကျွန်တော်ကြည့်ရတာတော့ ဒီကိစ္စမှာ တချို့သူတွေဟာ ဒီအယောင်ဆောင်နိုင်ငံခြားသူရဲနဲ့ အတော်တူနေပါတယ်။ သူတို့တွေဟာ အမှားကျူးလွန်မိသူတွေကို တန်ပြန်တော်လှန်ရေးသမားများနဲ့ ခွဲခြားကြည့်ခြင်းမရှိဘဲ တော်လှန်ရေးကနေ ဖယ်ထုတ်ထားရုံမက တချို့ကိုဆိုရင် အမှားကျူးလွန်မိလို့ဆိုပြီး သတ်တောင်ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီသင်ခန်းစာတွေကို နက်နက်ရှိုင်းရှိုင်း ခံယူရမယ်။

ပါတီပကလူတွေကို တော်လှန်ရေးထဲ မပါဝင်စေတာရော၊ ပါတီတွင်းက အမှားပြုဘူးတဲ့ရဲဘော်များကို ပြုပြင်ခွင့်မပေးတာရော မကောင်းပါဘူး။

အမှားပြုဖူးတဲ့ရဲဘော်များနဲ့ပတ်သက်ပြီး သူတို့အမှားပြင်မပြင် ကျွန်တော်တို့က သေသေချာချာ စောင့်ကြပ်ကြည့်ရှုရမယ်လို့ ဆိုပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အဲသလိုစောင့်ကြည့်ရုံနဲ့ မလုံလောက်ဘူး။ သူတို့အမှားပြင်နိုင်အောင် ဝိုင်းဝန်းကူညီပေးရမယ်။ ပြောရရင် ပထမစောင့်ကြည့်ရမယ်။ ဒုတိယအကူအညီပေးရမယ်။ လူတိုင်းအကူအညီလိုပါတယ်။ အမှားမကျူးလွန်သူများလည်း အကူအညီလိုပါတယ်။ အမှားရှိသူများကတော့ ပိုလိုပါတယ်။ ပြောရရင်တော့ ဘယ်သူမှ အမှားမကင်းပါဘူး။

တချို့က အမှားများပြီး တချို့ကအမှားနည်းတာသာရှိပါတယ်။ အမှားပြုမိပြီဆိုရင်တော့ အကူအညီလိုပါပြီ။စောင့်ကြည့်ရုံကြည့်ခြင်းဟာ တာဝန်မကျေသလိုဖြစ်နေပြီး သူတို့အမှားများပြင်နိုင်အောင် အချက်အလက်များကို ကူညီဖနိတီးပေးရမယ်။ အမှန်နဲ့ အမှားကြားမှာ သေသေချာချာခွဲခြားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ပါတီတွင်းမူများအပေါ် အငြင်းပွားမှုများဟာ လူ့အဖွဲ့အစည်းအတွင်းက လူတန်းစားတိုက်ပွဲရဲ့ ပါတီတွင်း ရောင် ပြန်ဟပ်မှုဖြစ်ပြီး မရေမရာ ပြုလုပ်မှုမျိုးကို သည်းခံခွင့်လွတ်ခြင်းမပြုနိုင်ပါဘူး။ အမှားပြုလုပ်တဲ့ရဲဘော်များအပေါ် အမှုရဲ့ အတိမ်အနက်အတိုင်းအတာနဲ့အညီ သင့်တော်တဲ့ ခိုင်မာအားကောင်းတဲ့ ဝေဖန်ရေးပေးရမှာဖြစ်ပြီး လိုအပ်ရင် တိုက်ပွဲဆင်တာတောင် လုပ်ရမှာပါ။ ဒါဟာ သူတို့အမှားပြင်နိုင်ဖို့အတွက် ကူညီတာဖြစ်ပါတယ်။သူတို့ကိုမကူညီတဲ့အပြင် ပိုဆိုးတာက သူတို့ရဲ့အမှားများအပေါ်  မစ္ဆိရေစိတ်နဲ့ နှစ်ထောင်းအားရဖြစ်နေရင်တော့ ဒါဟာ ဂိုဏ်းဂနဝါဒပဲ။

တော်လှန်ရေးအတွက်ဆိုရင် လူများေလကောင်းလေပါပဲ။ အကြိမ်ကြိမ်သတိပေးရက်နဲ့ အမှားကိုဖက်တွယ်ထားပြီး အမှားမပြင်နိုင်သူ အနည်းအကျဉ်းမှအပ အမှားကျူးလွန်တဲ့ အများတကာ့အများစုကြီးဟာ သူတို့အမှားများကိုပြင်နိုင်ပါတယ်။ အူရောင်ငန်းဖျားဖြစ်ဖူးသူတွေဟာ ဒီရောဂါအတွက် ကာကွယ်ခုခံအား ရသွားတတ်ကြပါတယ်။ ထို့အတူပဲ အမှားကျူးလွန်ဖူးသူများဟာ သင်ခန်းစာကောင်းကောင်းယူတတ်ရင် နောင်အမှားနည်းသွားနိုင်တာပေါ့။ တခြားဖက်မှာလည်း အမှားမရှိတဲ့သူများဟာ ဘဝင်မြင့်လာပြီး အလွယ်တကူအမှားကျူးလွန်မိတတ်ပါတယ်။ အပြစ်ကျူးလွန်သူများအပေါ် တအားဝေဖန်သူများဟာ မကြာခဏ ကိုယ့်အလှည့်ပြန်မရောက်အောင် သတိထားကြပါဦး။

တချို့လူတွေလို ကျောက်တုံးမပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ချသလိုဖြစ်နေမယ်။ အမှားပြုသူများအပေါ် ကောင်းကောင်းပြုမူသုများဟာ အများရဲ့ထောက်ခံမှုကိုရရှိနိုင်ပြီး ပြည်သူတွေကိုလည်း စည်းလုံးညီညွတ်စေနိုင်ပါတယ်။ အမှားကျူးလွန်သူများအပေါ် ကူညီတဲ့သဘောထားမလား။ ရန်လိုတဲ့သဘောထားမလားဆိုတာဟာ လူတယောက်အနေနဲ့ စေတနာကောင်းရှိသလား၊ စေတနာဆိုးရှိသလားဆိုတာရဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။

အနာဂတ်မှာ အမှားကင်းစင်ဖို့အတိတ်က အမှားများကနေသင်ခန်းစာယူ၊ လူနာကိုကယ်တင်ဖို့ ရောဂါကိုကုဆိုတဲ့ပေါ်လစီဟာ တပါတီလုံးစည်းလုံးညီညွတ်ရေးအတွက် ပေါ်လစီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပေါ်လစီကိုစွဲမြဲစွာကိုင်စွဲထားရမယ်။

လှကျော်ဇော
၁၂-၁-၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar